မိုးလေးမအေးလိုက်နဲ့ ချောင်းဆိုးတော့တာပဲ။ နေ့ခင်းဘက်တွေတော့ အကောင်းကြီး ညရောက်မှ ချောင်းတွေဆိုးနေတယ်။ TB ဖြစ်မှာဆိုးလို့ သလိပ်စစ်ကြည့်တော့လည်း ဘာပိုးမှ မတွေ့ဘူး။ ဒီတော့ TB လည်း မရှိဘဲ နာတာရှည်ချောင်းဆိုးတာက ဘာကြောင့် ဖြစ်ရတာလဲ သိချင်နေပြီလား။ ဒါဆိုရင်တော့ နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ အကြောင်းကို ပြောပြပေးမယ်နော်။
နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။
လူတိုင်းတော့ ချောင်းဆိုးဖူးကြပါတယ်။ တစ်ခါဆိုးရင် လပိုင်းလောက်က အကြာဆုံးပေါ့။ ၁ ပတ် ၂ ပတ်လောက်နဲ့ ပျောက်သွားတာက များပါတယ်။ ဒါပေမယ့် တစ်ချို့ နှစ်နဲ့ချီကြာတဲ့ နာတာရှည် ချောင်းဆိုးခြင်းတွေရှိပါတယ်။
ခုပြောပြမယ့် အချက်တွေ တစ်ချက်တည်းကဖြစ်စေ၊ အချက်တွေ ပေါင်းပြီးဖြစ်စေ သူတို့ကတွေက နာတာရှည် ချောင်းဆိုးခြင်း ပြဿနာကိုဖြစ်စေတတ်ပါတယ်။
အဖြစ်များတဲ့ ပြဿနာတွေကတော့
- Postnasal drip – နှာခေါင်းကနေ နှပ်ရည်တွေ အထွက်များပြီး အပြင်ကို မထွက်ပိတ်နေပြီးတော့ လည်ချောင်းထဲ ပြန်စီးဝင်နေတဲ့ ပြဿနာမျိုးလူတိုင်း ကြုံတွေ့ဖူးကြမှာပါ။ ဒီလို လည်ချောင်းထဲ ပြန်ပြန်စီးနေတဲ့ နှပ်ရည်တွေကြောင့် လည်ချောင်းယားပြီး ချောင်းဟတ်ချင်တဲ့ စိတ်ဖြစ်တတ်ပါတယ်။ ဒါကို ဆေးပညာအရ upper airway cough syndrome (UACS) လို့လည်း ခေါ်တတ်ပါတယ်။
- ပန်းနာရင်ကျပ် – ပန်းနာရင်ကျပ်ကြောင့် ဆိုးတဲ့ချောင်းက ရာသီအလိုက်ဖြစ်တဲ့ ပြဿနာဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ အေးတဲ့ရာသီဆို ပန်းနာရင်ကျပ်ချောင်း ပြန်ထတတ်ပြီး ၊ အမွှေးနံ့ပြင်းတာတွေ၊ ဖုန်တွေ တိရိစ္ဆာန် အမွေးတွေနဲ့ ထိတွေ့မိရင်လည်း ချောင်းဆိုးတတ်ပါတယ်။ ပန်းနာရင်ကျပ်သေချာ မထိန်းနိုင်သရွေ့ ပြန်ပြန်ဆိုးနေမယ့် နာတာရှည်ချောင်းကို ဆေးပညာအရ Cough variant asthma လို့ခေါ်ပါတယ်။
- အစာခြေအက်ဆစ်ပြန်ဆန်တက်ခြင်း ရောဂါ (GERD) – ဒီပြဿာနာရှိတဲ့သူတွေမှာ ပြန်ဆန်တက်လာတဲ့ အက်ဆစ်တွေက အစာရေမျိုပြွန်ကို သွားသွားဆွသလိုဖြစ်စေပြီး နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။ ချောင်းဆိုးတော့ အက်ဆစ်တွေပြန်ဆန်တက် အက်ဆစ်တွေ ပြန်ဆန်တက်တော့ ချောင်းပိုဆိုးနဲ့ သံသရာလည်နေတော့မှာပါ။
- ပိုးဝင်ခြင်း – အဆုတ်ပိုးဝင်ခြင်း pneumonia ပြဿာနာကလည်း နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေပြီး whooping cough လို့ခေါ်တဲ့ ရက်တစ်ရာချောင်း ကြက်ညှာချောင်းကြောင့်လည်း နာတာရှည်ချောင်းဆိုးနိုင်ပါတယ်။ နောက်ပြီး နာတာရှည်ချောင်းထဲမှာ တီဘီကို မေ့ထားလို့တော့ မရဘူးနော်။
- Chronic obstructive pulmonary disease (COPD) – အဆုတ်လေပြွန်ပိတ်တဲ့ ပြဿနာ ၊ လေပြွန်ရောင်တဲ့ ပြဿနာနဲ့ အဆုတ်ကင်ဆာလို ကျန်းမာရေးပြဿနာတွေဟာ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပါ။ လေပြွန်ရောင်ရင် ချောင်းဆိုးမယ်၊ သလိပ်တွေထွက်မယ်။ အဆုတ်ကင်ဆာမှာဆိုရင် အသက်ရှူကြပ်မယ်။ ဒါတွေက အဓိက လက္ခဏာတွေဖြစ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာ ပိုအတွေ့များပါတယ်။
- သွေးပေါင်ကျဆေး Angiotensin-converting enzyme (ACE) inhibitors အုပ်စုဝင်တွေကလည်း ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ ဆေးတွေပါ။
အဖြစ်နည်းတဲ့ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတွေကတော့
- အစာသီးတာ ( Aspiration )
- လေပြွန်တွေကျယ်နေတာ ( Bronchiectasis)
- လေပြွန်လေးတွေ ရောင်နေတာ ( Bronchiolitis)
- အဆုတ်ခဲနေတာ ( cystic fibrosis)
- ပန်းနာရင်ကျပ်ကြောင့် မဟုတ်ဘဲ လေပြွန်လေးတွေ ရောင်နေတာ( Nonasthmatic eosinophilic bronchitis )
- အဆုတ်မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဆဲလ်လေးတွေ စုပုံနေတာ ( Sarcoidosis ) တွေက နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။
ဘယ်အချိန်ဆို ဆရာဝန်သွားပြသင့်လဲ။
ချောင်းဆိုးတာ ၂ ပတ်ထက်ကျော်နေပြီ မပျောက်သေးဘူး၊ ညညချောင်းဆိုးလို့ အိပ်ရေးတွေလည်း ပျက် လူလည်း နုန်းနေပြီ၊ အဖျားလေးလည်း ရှိချင်တယ်ဆိုရင် ဆရာဝန်ဆီသွားပြီး ဆေးကုသမှု ခံယူဖို့ တိုက်တွန်းချင်ပါတယ် ။
[embed-health-tool-bmi]