backup og meta

အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု

    Oxytocin ဆိုရင် အတော်များများက အချစ်ဟိုမုန်းလို့ သိကြပါတယ်။ ချစ်ခြင်းမေတ္တာကိုဖြစ်ပေါ်စေပြီး ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်နိုင်စွမ်းကိုလည်း ဖြစ်ပေါ်စေတဲ့ ဟိုမုန်းတစ်မျိုးပေါ့။

    ကျန်းမာရေးပညာရှင်တွေကတော့ Oxytocin ဟာ ကျား/မ မရွေး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ကောင်းကျိုးအထွေထွေသက်ရောက်စေတဲ့ ဟိုမုန်းတစ်မျိုးလို့ ဆိုကြပြန်ပါတယ်။ လူတစ်ယောက်အတွက် အရမ်းကိုအကျိုးပြုတဲ့ ဟိုမုန်းတစ်မျိုးလို့ပဲ ဆိုကြပါစို့။

    ဦးနှောက်အတွင်းမှာရှိတဲ့ Hypothalamus ဆိုတဲ့ အစိတ်အပိုင်းကနေ ထွက်ပေါ်လာတဲ့ Oxytocin ဟာ လူ့ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နိုင်စွမ်းကြီးမားတဲ့ ဟိုမုန်းတစ်မျိုးပါ။ သွေးတွင်းထဲကို စီးဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးစီကို ပြန့်နှံ့ရောက်ရှိနိုင်တာမို့ တစ်ကိုယ်လုံးကို သက်ရောက်နိုင်တာဖြစ်ပါတယ်။

    အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု

    ဒီလိုအရေးပါလှတဲ့ Oxytocin ဟာ အချစ်စိတ်တစ်မျိုးတည်း လူတွေအပေါ် အကျိုးပြုတာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်အပြင် လူနေမှုဘဝအထိကိုပါ အကျိုးပြုပေးတဲ့အချက်တွေ အမြောက်အများရှိနေတာပါ။ ဒီအချက်တွေကို အောက်ပါအတိုင်း စုစည်းဖော်ပြပေးလိုက်ပါတယ်။

    1.Oxytocin က ခိုင်မြဲစေတယ်။

    ၂၀၀၇ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရဆိုရင် Oxytocin က ချစ်ခင်နှစ်သက်တာကိုပဲဖြစ်ဖြစ်၊ ခင်မင်ရင်းနှီးတာကိုပဲဖြစ်ဖြစ် ပိုမိုခိုင်မြဲစေနိုင်ပါတယ်တဲ့။ ဥပမာကောင်းတစ်ခုပေးရမယ်ဆိုရင် အမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်ဝန်ပထမလမှာ Oxytocin တွေ အမြောက်အများထွက်ရှိတတ်ပါတယ်တဲ့။ ရင်သွေးတွေကို မိခင်တွေက အရမ်းချစ်ခင်ရတဲ့ အကြောင်းအရင်းတစ်ခုပေါ့။

    2.စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

    Oxytocin ရဲ့ နောက်ထပ်ထူးခြားချက်က စိတ်ဖိစီးမှုကို လျော့ကျစေတာပါပဲ။ တကယ်ကိုထူးခြားပြီး အလွန်အကျိုးရှိတဲ့ ကိစ္စတစ်ရပ်လို့ဆိုရမှာပါ။ စိတ်ဖိစီးမှုသာမက ပူပင်သောကနဲ့ စိတ်ဓာတ်ကျတာတွေကိုလည်း တားဆီးပေးနိုင်ပါသေးတယ်တဲ့။

    3.အမှတ်တရတွေကို ပိုပြီး မှတ်မိစေတယ်။

    Oxytocin ဟိုမုန်းက အတိတ်တုန်းက အမှတ်တရဖြစ်ရပ်တွေ၊ စိတ်ကြည်နူးစရာ အခြေအနေ၊ အခိုက်အတန့်တွေကို မှတ်ဉာဏ်မှာ ပိုမိုစွဲထင်နေအောင် မှတ်မိနေအောင် ကူညီပေးပါသေးတယ်။

    4.ကလေးမီးဖွားတာနဲ့ နို့ချိုတိုက်ကျွေးရာမှာ အထောက်အကူပြုတယ်။

    မိခင်တွေအတွက် Oxytocin က အရေးကြီးပါတယ်။ ရင်သွေးကို လျောလျောလျူလျူ ဖွားမြင်နိုင်ဖို့နဲ့ နို့ချိုလှိုင်လှိုင်ထွက်ရှိရေးတွေမှာ Oxytocin ရဲ့ အခန်းကဏ္ဍ သိပ်ကို အရေးပါပါတယ်။ Oxytocin မီးဖွာရာမှာ မွေးလမ်းကြောင်းအဝကို ပိုပြီးကျယ်အောင်ကူညီပေးသလို နို့သီးခေါင်းကနေ နို့ရည်ပိုမိုထွက်ရှိအောင်လည်း ကူညီပါတယ်။

    5.လိင်စိတ်ကို နှိုးဆွနိုင်တယ်။

    အချစ်ဟိုမုန်းဆိုတဲ့အတိုင်း လိင်မှုဆက်ဆံရေးကိစ္စတွေနဲ့ ပတ်သက်နေပါတယ်။ Oxytocin က လိင်စိတ်ဆန္ဒကို နှိုးဆွနိုင်သလို စိတ်ကျေနပ်မှုကိုလည်း ပိုမိုဖြစ်ပေါ်စေပါတယ်။ Oxytocin ဟာ လိင်စိတ်ခံစားချက်နဲ့ပတ်သက်လာရင် ဦးနှောက်အတွက် ကော့တေးလ်တစ်ခွက်ပဲလို့တောင် တင်စားကြတာပါ။

    6.မူးယစ်ဆေးဝါး အသုံးပြုလိုစိတ်ကို တားဆီးပေးတယ်။

    ဟုတ်ပါတယ်။ Oxytocin က အယ်လ်ကိုဟော၊ နီကိုတင်းနဲ့ မူးယစ်ဆေးဝါးတွေအပေါ် တောင့်တစိတ်ကို လျှော့ချပေးပြီးတော့ ဆေးဖြတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

    7.ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေတယ်။

    Oxytocin ဟာ လူကို သွက်လက်တက်ကြွစေတာမို့ ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာလည်း တိုးတက်စေပါတယ်။ အထူးသဖြင့် Oxytocin များများထွက်ရင် လူဝင်ဆံ့တယ်လို့ National Academy of Sciences ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

    8.အိပ်ပျော်အောင် ကူညီပေးတယ်။

    Oxytocin က အိပ်ချင်စိတ်ဖြစ်ပေါ်စေဖို့ တွန်းအားပေးပါတယ်။ အချိန်တိုင်း အိပ်ချင်စေတာမျိုးမဟုတ်ဘဲ အချိန်မှန်အိပ်ချင်အောင် ကူညီပေးတာမို့ ကျန်းမာရေးနဲ့ ညီညွတ်စေတယ်လို့ ဆိုရမှာပါ။ စိတ်ဖိစီးမှုကင်းကင်းနဲ့ အိပ်ပျော်အောင် ကူညီပေးတာဖြစ်ပါတယ်။

    9.လှူချင်တန်းချင် ကူညီချင်စိတ်ကို ဖြစ်စေတယ်။

    လူတွေ လှူချင်တန်းချင်စိတ်ဖြစ်စေတဲ့ အဓိက လက်သည်က Oxytocin ပါပဲ။ Oxytocin က ဒီစိတ်ကို ဖြစ်စေတာပါ။ Oxytocin များများထွက်ရှိတဲ့သူတွေဟာ လူတစ်ဖက်သားကို ပိုပြီးကူညီချင် လှူချင်တန်းချင်တတ်ကြပါတယ်တဲ့။

    10.ချစ်ခရီးလမ်းကို ခိုင်မာစေတယ်။

    အချစ်ဟိုမုန်းဆိုတဲ့အတိုင်း ချစ်သူခင်သူတွေအကြားမှာ မြတ်နိုးတွယ်တာမှုပိုမိုစေပြီး လက်တွဲမဖြုတ်ဖြစ်အောင် Oxytocin ဟိုမုန်းတွေက တွန်းအားပေးနိုင်ပါတယ်။ ဒါ့အပြင် မိသားစုဝင်တွေအကြားမှာလည်း ဒီလိုစိတ်ခံစားချက်မျိုးတိုးပွားစေနိုင်ပါတယ်။

    အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေကတော့ Oxytocin နဲ့ ပတ်သက်ပြီး လေ့လာသုတေသနပြုထားချက်တွေကို  ဗဟုသုတဖြစ်ဖွယ် တင်ပြပေးခဲ့တာပါ။ ဒီအချက်တွေကို ဖတ်ရှုပြီးချိန်မှာ Oxytocin က လူတစ်ယောက်အတွက် ဘယ်လောက်တောင် အရေးပါတယ်ဆိုတာကို သိနားလည်သွားစေလိမ့်မယ်လို့ ယူဆမိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement