backup og meta

မျှဝေပါ။

ချောင်းတဟွတ်ဟွတ်အသံ မသက်သာရတဲ့ အကြောင်းရင်း (၈) ခု

ချောင်းသံတဟွတ်ဟွတ်နဲ့ တိုင်ပတ်နေပြီလား။ အအေးမိထားတာလည်း သက်သာတာကြာလှပြီ။ချောင်းဆိုးတာက ကပ်ကျန်နေတာနဲ့ လည်ချောင်းတွေကွဲရပါတော့မယ် ဆိုသူများ ဒါလေးဖတ်လိုက်ကြပါဦး။ အအေးမိ၊တုပ်ကွေးက သူ့အချိန်အတိုင်းအတာရောက်ရင် သက်သာပျောက်ကင်းသွားမှာဖြစ်ပေမယ့်ချောင်းဆိုကျန်နေတတ်ပါတယ်။ဆေးခန်းလည်းပြပါလျက်နဲ့ ဘာလို့ မပျောက်သေးတာလဲဆိုတာဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေပြောပြပေးမယ်နော်။

(၁) အအေးမိ၊တုပ်ကွေးဖြစ်ပြီး လည်ချောင်းပြဿနာဖြစ်ကျန်တာ

အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်ရဲ့နောက်ဆက်တွဲအဖြစ်နဲ့ကျန်လေ့ရှိတဲ့ အဖြစ်များဆုံးလက္ခဏာပါ။ ဗိုင်းရပ်စ်ကြောင့် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းမှာရောင်ရမ်းစေပြီး တုံ့ပြန်နိုင်စွမ်းလွန်ကဲစေတဲ့အတွက်ချောင်းဆိုးတာက ရက်သီတင်းပတ်နဲ့ချီပြီး တာရှည်နိုင်ပါတယ်။

(၂) နောက်ကွယ်က ကျန်းမာရေးပြဿနာကြောင့်ဖြစ်နိုင်တယ်

ဓါတ်မတည့်ခြင်း နဲ့ ပန်းနာရင်ကျပ်ေကြာင့်လည်းချောင်းတွေဆိုးနေနိုင်ပါတယ်။ အအေးမိခြင်းကနေ ပန်းနာရင်ကျပ်ရောဂါထစေနိုင်တာမျိုးလည်းရှိပါတယ်။ အစာအိမ်အက်စစ်ပြန်ဆန်တက်ခြင်းနဲ့Obstructive Sleep Apnea (အိပ်ပျော်စဉ်အသက်ရှူခေတ္တရပ်ခြင်း) တို့ကနေလည်း နာတာရှည်ချောင်းဆိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ပူခြင်းနဲ့ချောင်းဆိုးခြင်း တာရှည်လာရင် တီဘီရောဂါအန္တရာယ်လည်း စိုးရိမ်ရပါတယ်။

(၃) စိတ်ဖိစီးမှု

စိတ်ဖိစီးမှုက တာရှည်လာတဲ့အခါမှာလည်းချောင်းဆိုးခြင်းကို တာရှည်စေပါတယ်။ချောင်းဆိုးနေတာကို သက်သာစေချင်ရင်နေမကောင်းဖြစ်တဲ့အချိန်မှာ စိတ်ဖိစီးမှုကိုလျော့အောင်ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုယ်ကိုအတင်းတွန်းအားပေးတာက ပိုနေမကောင်းဖြစ်စေပါလိမ့်မယ်။ အနားယူခြင်းကပဲနေပြန်ကောင်းစေဖို့ အကောင်းဆုံးအားဆေးဖြစ်ပါတယ်။

(၄) ရေအလုံအလောက်မသောက်တာ

အအေးမိ၊တုပ်ကွေးဖြစ်ပြီဆို အရည်များများသောက်ဖို့လိုပါတယ်။ရေ၊ဖျော်ရည်နဲ့ စွပ်ပြုတ်တွေသောက်ပေးရင် လည်ချောင်းထဲမှာ ချွဲချောင်စေပြီးချောင်းဆိုးထုတ်ဖို့လွယ်စေပါတယ်။ အရည်ဆိုပေမယ့် အရက်ဘီယာနဲ့ လက်ဖက်ရည်၊ကော်ဖီတွေကရေဓါတ်ပိုခန်းခြောက်စေတဲ့အတွက် အကူအညီမဖြစ်စေတဲ့အပြင် ပိုဆိုးစေနိုင်ပါတယ်။

(၅) နှာခေါင်းဖျန်းဆေးတွေ အသုံးများလွန်းတာ

အအေးမိဖျားနာအတွက် အလွယ်တကူဝယ်ယူလို့ရတဲ့ နှာခေါင်းဖျန်းဆေးတွေက နှာစေးနှာပိတ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့်သူတို့ကို ၃ ရက်ထက်ကျော်ပြီးမသုံးပါနဲ့။ ဒါတွေကိုသိပ်သုံးလွန်းရင် အသုံးပြုမှုရပ်လိုက်တဲ့အခါ လက္ခဏာတွေပိုဆိုးစေနိုင်တယ်။ ဖျန်းဆေးအသုံးပြုမှုလွန်ကဲတဲ့အခါ နှာခေါင်းလမ်းကြောင်းအမြှေးပါးတွေရောင်ရမ်းစေပြီး နှာစေးနှာပိတ်ခြင်းကိုပိုဆိုးစေနိုင်တယ်၊ချောင်းပိုဆိုးနိုင်တယ်။

(၆) အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အဆင့်ကိုရောက်တာ

တစ်ခါတလေ အအေးမိတုပ်ကွေးက လက်ဆောင်တစ်ခုချန်ခဲ့တတ်ပါတယ်။ အအေးမိဝေဒနာက သူ့အချိန်တန်တော့ပျောက်ကင်းသွားပေမယ့် သေချာမကုသရင် နှာခေါင်းလမ်းကြောင်းရောဂါပိုးဝင်ခြင်း၊လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့လိုရောဂါပိုးဝင်တဲ့အဆင့်ကိုရောက်သွားနိုင်ပါတယ်။ ရက်ကြာလာလို့ အဖျားမသက်သာရင် ဒါမှမဟုတ်ချောင်းဆိုးတာရှည်နေရင် infection ဝင်နေတာဖြစ်နိုင်ပါတယ်။ အဲဒီအခါမှသာ ပဋိဇီဝပိုးသတ်ဆေးတွေကို လိုအပ်သလို ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။

(၇)သွေးတိုးကျဆေးတွေကြောင့်ဖြစ်နိုင်တယ်

သွေးတိုးရောဂါအတွက်သောက်ရတဲ့ACE inhibitor အမျိုးအစား ဆေးတွေကြောင့်ချောင်းဆိုးမပျောက်ဖြစ်စေနိုင်ပါတယ်။ တော်တော်နဲ့မပျောက်တဲ့ ချောင်းခြောက်ဆိုးခြင်းက ACE inhibitor သောက်သုံးသူ ၅ ဦးမှာ တစ်ဦးအတွက် ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ်နဲ့တွေ့ရတတ်ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် အအေးမိခေျာင်းဆိုးဝေဒနာကပျောက်သင့်တဲ့အချိန်မပျောက်ဘဲ လက္ခဏာတာရှည်နေမယ်ဆို ဆရာဝန်အမြန်ပြပြီး အကြောင်းရင်းရှာဖွေသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/cold-and-flu/features/stubborn-cough?ecd=wnl_day_120618_ML2&ctr=wnl-day-120618-ML2_nsl-LeadModule&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3d#2

Accessed Dec 21,2018.

https://www.verywellhealth.com/persistent-cough-causes-evaluation-2249305

Accessed Dec 21,2018.

https://www.verywellhealth.com/persistent-cough-causes-evaluation-2249305

Accessed Dec 21,2018.

ယခုပုံစံ

09/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement