backup og meta

လေလည်ရလွန်းလို့ စိတ်အနှောင့်အယှက်ဖြစ်နေသလား

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေလည်ရလွန်းလို့ စိတ်အနှောင့်အယှက်ဖြစ်နေသလား

    လေလည်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းရဲ့ သဘာဝလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ သင်္ကေတလို့ မှတ်ယူကြပါတယ်။ ကိုယ်ခန္ဓာထဲကလေဟာ အပြင်ကို မထွက်ရင် ဝမ်းဗိုက်ဟာ ပူဖောင်းကြီးလို ဖောင်းကားလာနိုင်ပါတယ်။ သုတေသနတစ်ခုအရ လူအများစုဟာ တစ်နေ့တာမှာ ၁၄ ကြိမ်ကနေ ၂၃ ကြိမ်အတွင်း လေလည်လေ့ရှိတယ်လို့ ဆိုပါတယ်။

    လေလည်လိုက်တဲ့ လေအများစုဟာ မျိုချလိုက်မိတဲ့လေ ဖြစ်ပါတယ်။ တစ်နေ့တာ စားသောက်ရာကနေ အစာအိမ်အူလမ်းကြောင်းထဲ ရောက်သွားတဲ့လေတွေ ဖြစ်ပါတယ်။ ကျန်တဲ့လေများကတော့ အစာအိမ်အူလမ်းကြောင်းကနေ အစားအစာတွေကို ချေဖျက်ရာကနေ ထွက်လာတဲ့လေ ဖြစ်ပါတယ်။

    လေလည်ခြင်းဟာ နေ့စဉ်ဘဝရဲ့ သာမန်အစိတ်အပိုင်းဆိုပေမယ့် တခါတရံမှာ လူမှုရေးအရ ကသိကအောင့်ဖြစ်ရပါတယ်။ အထူးသဖြင့် အနံ့ဆိုးနေချိန်မှာ ဖြစ်ပါတယ်။ လေလည်ခြင်းကို လုံးဝရပ်တန့်ထားဖို့ မဖြစ်နိုင်ပေမယ့် လေလည်တာကို လျော့ကျသက်သာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။

    ၁။ အစားအစာကို ကြေညက်စွာ ဝါးစားပါ

    လေအများစုဟာ မျိုချလိုက်မိတဲ့လေတွေ ဖြစ်ပါတယ်။ စားသောက်ချိန်မှာ လေတွေပါ ပါမသွားအောင် တားဆီးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အစာကို ဖြေးညင်းစွာနဲ့ ကြေညက်စွာ ဝါးစားရင် လေတွေသိပ်မဝင်နိုင်ပါဘူး။ အစားအစာကို တက်သုက်ရိုက်ပြီး မြန်မြန်စားရင် လေများစွာကို ဝမ်းဗိုက်ထဲရောက်စေမှာ ဖြစ်ပါတယ်။ ကောင်းတာကတော့ တခြားလှုပ်ရှားမှုတခုခု ဥပမာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း ပြုလုပ်နေစဉ် အစားမစားသင့်ပါဘူး။

    ၂။ ပီကေမဝါးပါနဲ့

    ပီကေကို တချိန်လုံးဝါးနေသူများဟာ လေများစွာကို မျိုချမိနေတတ်ပါတယ်။ ခံတွင်းအနံ့ကောင်းစေချင်ရင် ပီကေအစား သကြားမပါတဲ့ ပူရှိန်း (mint) တစ်မျိုးမျိုးငုံတာ ပိုကောင်းပါတယ်။ ဒါမှမဟုတ် ခံတွင်းသန့်ဆေးရည် ပြောင်းပြီးသုံးနိုင်ပါတယ်။

    ၃။ လေပွစေသော အစားအစာများ ရှောင်ရှားပါ

    အစားအစာတချို့ဟာ ပိုပြီး လေပွစေတတ်ပါတယ်။ အထူးသဖြင့် ကာဘိုဟိုက်ဒရိတ်ဖြစ်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ဓာတ်ဟာ အူမကြီးထဲမှာ အချဉ်ပေါက်ပြီး လေများပိုမို ပွလာတတ်ပါတယ်။ ပဲအမျိုးမျိုး၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အာလူးနဲ့ တခြားအသီးအနှံအမျိုးမျိုးဟာလည်း လေပွစေတတ်ပါတယ်။ အမှန်တော့ အဲဒီအစားအစာတွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုစေတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါကြောင့် လုံးဝရှောင်ရှားဖို့မဟုတ်ဘဲ အခြေအနေပေါ်မူတည်ပြီး အတိုးအလျှော့ပြုပြီး စားသုံးဖို့ ဖြစ်ပါတယ်။

    ၄။ ဆိုဒါ၊ ဘီယာနဲ့ ကာဗွန်ဖြည့်ထားသော အဖျော်ယမကာများ ရှောင်ပါ

    ကာဗွန်ထည့်သွင်းထားတဲ့ အဖျော်ယမကာများမှာ ပါဝင်တဲ့ ပူစီဖောင်းအမြှုပ်များဟာ သင့်ကို လေပိုပွစေတတ်ပါတယ်။ များသောအားဖြင့် အစာအိမ်အူလမ်းကြောင်းတလျှောက် ဖြတ်သန်းသွားပြီး အူမကြီးကနေတဆင့် အပြင်ပြန်ထွက်သွားပါတယ်။ လေပွနေချိန်မှာ ကာဗွန်ဖြည့်ထားတဲ့ အချိုရည်တွေအစား ရိုးရိုးဖျော်ရည်ပဲ သောက်သုံးသင့်ပါတယ်။

    ၅။ အင်ဇိုင်းဖြည့်စွက်စာများ စားသုံးပါ။

    အစားအစာတွေကို ချေဖျက်ပေးနိုင်မယ့် ဆေးဝါးတချို့ရှိပါတယ်။ အဓိကအားဖြင့် a-galactosidase အင်ဇိုင်းကို သုံးစွဲပါတယ်။ ဈေးကွက်ထဲမှာ အမည်မျိုးစုံနဲ့ ရှိပါတယ်။ ဒီအင်ဇိုင်းတွေဟာ ကာဘိုဟိုက်ဒရိတ်များကို အူမကြီးထဲထိ မရောက်စေဘဲ အူသိမ်ပိုင်းမှာပဲ ချေဖျက်ပေးတဲ့အတွက် လေလည်ခြင်းကို လျော့ကျစေပါတယ်။ အစာကိုလည်း ပိုမိုကြေညက်စေပါတယ်။

    ၆။ ပရိုဘိုင်အိုတစ်များ သုံးစွဲပါ။

    ပရိုဘိုင်အိုတစ်ဆိုတာ အကျိုးပြုဘက်တီးရီးယားတွေကို ဆိုလိုပါတယ်။ အစာအိမ်အူလမ်းကြောင်းထဲမှာ အစားအစာများကို ချေဖျက်ရာမှာ ကူညီပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ရှိပါတယ်။ အဆိုပါ အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ဓာတ်စာများကနေလည်း ရယူနိုင်ပါတယ်။ အထူးသဖြင့် အစာအိမ်အူလမ်းကြောင်း မကောင်းသူများအတွက် ပိုမိုသင့်တော်ပါတယ်။

    ၇။ ဆေးလိပ်ဖြတ်ပါ။

    ဆေးလိပ်၊ ဆေးပြင်းလိပ်၊ အီးစီးကရက် ဘယ်အရာမဆို လေများကို မျိုချမိစေတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့အစာအိမ်အူလမ်းကြောင်းထဲကို လေများ ပိုမိုဝင်ရောက်စေပါတယ်။

    ၈။ ဝမ်းချုပ်မခံပါနဲ့။

    ဝမ်းထဲမှာ ဘက်တီးရီးယားပေါင်းများစွာ ပါဝင်ပါတယ်။ အကယ်၍ ဝမ်းချုပ်နေတယ်ဆိုရင် အူမကြီးထဲမှာ ဘက်တီးရီးယားတွေ အချိန်ကြာမြင့်စွာ ခိုအောင်းနေနိုင်ပြီး အချဉ်ပေါက်တဲ့ ဖြစ်စဉ် ပေါ်ပေါက်လာပါလိမ့်မယ်။ အဲဒီအခါ လေများပိုမို ထွက်ပေါ်လာပြီး အနံ့ပါဆိုးရွားနိုင်ပါတယ်။ ဝမ်းချုပ်တာကို ကာကွယ်ဖို့ ရေများများသောက်ပြီး အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေစားရပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရပါမယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement