backup og meta

လမ်းဘေးစာများ စားသင့်သလား


Dr. Thant Zin မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းဘေးစာများ စားသင့်သလား

    လမ်းဘေးစာဆိုတာကတော့ လှုပ်ရှားသွားလာသူများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်အောင် ချက်ပြုတ်ကြော်လှော်ရောင်းချနေတဲ့ အစားအစာများကို အလွယ်ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြမယ့် လမ်းဘေးစာဆိုတဲ့ အသုံးအနှုန်းဟာလည်း အဆင့်အတန်းခွဲခြားတဲ့သဘောနဲ့ သုံးနှုန်းခြင်းမဟုတ်ဘဲ မြင်လွယ်အောင်သာ ဖော်ပြခြင်းသက်သက်ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Street food လို့ ခေါ်ပါတယ်။

    မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံသာမက နိုင်ငံအသီးသီးမှာ တွေ့ရတတ်တဲ့ ရောင်းဝယ်ဖောက်ကားမှုပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ပိုးပြင်ဆင်မှု၊ ကျန်းမာရေးနဲ့ညီညွတ်မှု၊ သန့်ရှင်းလတ်ဆတ်မှု စတာတွေမှာတော့ ဆိုင်ရာလူမှုပတ်ဝန်းကျင်အလိုက် ကွာခြားသွားမှာပဲ ဖြစ်ပါတယ်။

    ဒီဆောင်းပါးမှာတော့ လမ်းဘေးစာများရဲ့ အကျိုးသက်ရောက်မှုများကို စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။

    လမ်းဘေးစာဆိုတာ ရှိသင့်သလား

    အဖြေကတော့ ရှိသင့်ပါတယ်။ လမ်းပေါ်မှာလှုပ်ရှားသွားလာပြီး စားသောက်ဆိုင်ကောင်းကောင်းတွေမှာ ဝယ်စားဖို့ ငွေကြေးမလုံလောက်တဲ့အခါ၊ အချိန်မရတဲ့အခါ လမ်းဘေးစာများဟာ အားကိုးရာတခုဖြစ်ပါတယ်။ ဆိုင်ကြီးတွေမှာလို ကိန်းကြီးခန်းကြီးမနိုင်ဘဲ ချက်ချင်းမှာယူ စားသုံးနိုင်၊ ထုတ်ပိုးသယ်ဆောင်သွားနိုင်ပါတယ်။ တခါတရံမှာ လမ်းဘေးစာရောင်းချတဲ့ ဆိုင်တွေမှာတောင် သူတို့ရဲ့အရသာကို ကြိုက်နှစ်သက်သူများက တကူးတကလာရောက် စားသုံးတာကို တွေ့နိုင်ပါတယ်။

    လမ်းဘေးစာရဲ့ ဖြစ်နိုင်ခြေဆိုးကျိုးတွေက ဘာတွေလဲ

    လမ်းဘေးစာတွေရဲ့ ပြစ်ချက်တွေ၊ အားနည်းချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ပုံပြောင်းဆီများ

    လမ်းဘေးဆိုင်တွေမှာ ကြော်လှော်ချက်ပြုတ်တဲ့ ဆီများဟာ အဖန်တလဲလဲ ပြန်ပြီး အသုံးပြုကြတာများပါတယ်။ ဒါဟာ ကျန်းမာရေးနဲ့မညီတဲ့ အလေ့အထတခုဖြစ်ပါတယ်။ နောက်တချက်ကတော့ ဈေးနှုန်းသက်သာတဲ့ ပြည့်ဝဆီ၊ ပုံပြောင်းဆီတွေကို အများဆုံးအသုံးပြုကြပါတယ်။ အဲဒီပုံပြောင်းဆီတွေဟာ ကိုယ်ခန္ဓါထဲက သွေးကြောတွေမှာ အနည်တွေကျသွားပြီး ေသွးကြောပိတ်ေစတတ်ပါတယ်။ နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်နိုင်ပါတယ်။

    ကယ်လိုရီ

    ဘယ်ဒေသမှာမဆို လမ်းဘေးစာများရဲ့ ကယ်လိုရီပါဝင်နှုန်းဟာ များပြားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ လေးဘေးစာအမျိုးအစားတချို့ဆင်တူတဲ့ (ဥပမာ စမူဆာ၊ ဗယာကြော် နှင့် ဆီကြော်မုန့်များ) အိန္ဒိယရဲ့ လမ်းဘေးစာများမှာ ကယ်လိုရီပါဝင်မှုဟာ ၁၀၀ ဂရမ်မှာ ၁၅၀ ကနေ ၆၀၀ ကီလိုကယ်လိုရီလောက်အထိ မြင့်မားစွာ ပါဝင်တယ်လို့ သိရပါတယ်။

    ကင်ဆာဖြစ်နိုင်ခြေ

    လမ်းဘေးစာများဟာ မြန်မြန်ဆန်ဆန်ကျက်အောင် မြင့်မားတဲ့အပူချိန်မှာ ချက်ပြုတ်ကြော်လှော်တဲ့အပြင် ဆီများကိုလည်း ထပ်ပြန်တလဲလဲ အသုံးပြုပါတယ်။ အဲဒီလိုပြုလုပ်ခြင်းဟာ ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်မားစေတဲ့ ဖရီးရယ်ဒီကယ်တွေကို ထွက်လာစေပါတယ်။

    ဂလူးကို့စ်မြင့်မားခြင်း

    လမ်းဘေးစာတွေဟာ အရသာထူးကဲအောင် ပြင်ဆင်ပြုလုပ်ထားပြီး ဂလူးကို့စ်ညွှန်ကိန်း (Glycemic Index) မြင့်မားပါတယ်။ သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေခြင်း၊ ကိုယ်ခန္ဓါတွင်း အဆီသိုလှောင်မှုကို မြင့်မားစေခြင်း စတာတွေကြောင့် ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို ပိုပြီးမြင့်မားစေပါတယ်။

    ဆိုဒီယမ်ပါဝင်မှု

    လမ်းဘေးစာတွေရဲ့ အနံ့အရသာအပြင် ကြာရှည်ခံအောင် ဆားကိုများများ သုံးကြပါတယ်။ လမ်းဘေးမှာရောင်းတဲ့ ကြက်သားဘာဂါတခုမှာဆိုရင် ဆိုဒီယမ်ပါဝင်မှုဟာ ၁၀၀၀ မီလီဂရမ်အထက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီပမာဏလောက်ကို ပုံမှန်စားသုံးသွားရင် သွေးတိုးရောဂါဖြစ်ခြင်း၊ ခြေလက်များဖောရောင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။

    သန့်ရှင်းလတ်ဆတ်မှု

    လမ်းဘေးစာတွေဟာ များသောအားဖြင့် သန့်ရှင်းမှုအားနည်းပါတယ်။ ဘယ်လိုပဲသန့်ရှင်းသပ်ရပ်အောင် အားထုတ်သည်ဖြစ်စေ ဖုန်မှုန့်များ၊ မော်တော်ကားအိတ်ဇောငွေ့များအပြင် တခြားပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ လွတ်ကင်းနိုင်မှာ မဟုတ်ပါဘူး။ သုံးစွဲတဲ့ရေအရင်းအမြစ်၊ စားသောက်စရာကုန်ကြမ်းတွေဟာလည်း ဈေးနှုန်းသက်သာစေဖို့ ဦးစားပေးလို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အားနည်းပါတယ်။

    ဒါတွေဟာ လမ်းဘေးစာတွေရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။ လူအများဟာ နေ့စဉ်လှုပ်ရှားသွားလာရင်းနဲ့ လမ်းဘေးစာတွေနဲ့ ကင်းအောင်နေဖို့ ခဲယဉ်းပါတယ်။ ကောင်းတာကတော့ ရောင်းချသူတွေရော စားသုံးသူတွေပါ သန့်ရှင်းပြိး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေဖြစ်စေဖို့ အပြန်အလှန် အကျိုးကျေးဇူးပြု ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement