backup og meta

ဗီတာမင် စီ အားနည်းနေတာ သိသာတဲ့ လက္ခဏာ (၇) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် စီ အားနည်းနေတာ သိသာတဲ့ လက္ခဏာ (၇) ခု

    ချိုချဉ်ဖန်ခါး အစားတွေစုံအောင်စားတိုင်း အာဟာရမပြည့်ပါဘူးနော်။ ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေကို လုံလောက်တဲ့ပမာဏနဲ့ ညီညီမျှမျှ ရရှိနိုင်မှ ဖြစ်မှာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးထဲကမှ ဗီတာမင် စီ အကြောင်း သင်ဘယ်လောက်သိထားပြီးပြီလဲ။

    ဟိုရောဂါ၊ ဒီရောဂါတွေကူးစက်ခံရမှာ စိုးရိမ်နေကြတဲ့ ခုလိုချိန်မျိုးမှာ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ ဗီတာမင် စီကို ကိုယ့်မှာ အလုံအလောက်ရရှိနေရဲ့လားဆိုတာ သိထားဖို့လိုပါတယ်။

    လုံလောက်ပြီလား

    အရွယ်ရောက်ပြီးသား (ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မဟုတ်တဲ့) အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ဗီတာမင်စီ ၇၅ မီလီဂရမ် ၊ အမျိုးသားတွေက ၉၀ မီလီဂရမ် လိုအပ်ပါတယ်။ ဗီတာမင် စီကို ခန္ဓာကိုယ်က ကြာရှည်ထိန်းသိမ်းမထားနိုင်တာကြောင့် အစားအသောက်ကနေ နေ့တိုင်းရရှိဖို့ လိုအပ်ပါတယ်။

    ဗီတာမင် စီ ဘယ်သူတွေမှာ ချို့တဲ့နိုင်လဲ

    ဗီတာမင်စီ ချို့တဲ့မှု ဖြစ်နိုင်ခြေအများဆုံးသူတွေကတော့ အစားရွေးသူတွေ၊ ကျန်းမာရေးနဲ့ညီအောင် မစားသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ အရက်သောက်တာများသူတွေနဲ့ ဆေးလိပ်သောက်သူတွေ ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဖြစ်လာတဲ့ free radicals တွေကြောင့် ထိခိုက်မှုကို ကာကွယ်နိုင်ဖို့ ပုံမှန်ထက် ဗီတာမင် စီ၅ မီလီဂရမ် ပိုပြီးလိုအပ်တတ်ပါတယ်။

    ဗီတာမင် စီ နည်းနေရင် ဘယ်လိုလက္ခဏာတွေ ရှိလာမလဲ

    (၁) အနာကျက် နှေးတယ်

    ဗီတာမင် စီနည်းနေရင် ဒဏ်ရာကြီးတွေ မပြောနဲ့၊ ထိခိုက်ရှနာ သေးသေးလေးဖြစ်ရင်တောင် အရေပြားက အနာကျက်ဖို့ အတော်ကြာတတ်ပါတယ်။

    (၂) သွားဖုံးသွေးယိုနှာခေါင်းသွေးလျှံတတ်တယ်

    ဗီတာမင် စီက သွေးကြောတွေကို ကျန်းမာစေပြီး သွေးခဲနိုင်စွမ်းကို ကောင်းစေပါတယ်။ လေ့လာမှုအရ သွားဖုံးရောဂါရှိတဲ့သူတွေက ဂရိတ်ဖရုသီး ၂ ပတ်လောက်စားပြီးတဲ့အခါ သက်သာပျောက်ကင်းသွားတာ တွေ့ရပါတယ်။

    (၃) ကိုယ်အလေးချိန် တက်လာတယ်

    ဗီတာမင် စီမလုံလောက်ခြင်းနဲ့ အဆီတက်ခြင်း(အထူးသဖြင့် ဗိုက်အဆီ)ဆက်နွှယ်မှုကို သုတေသနက တွေ့ရှိထားပါတယ်။

    (၄) အသားခြောက်တာ၊ အရေးအကြောင်းတွေဖြစ်လာတယ်

    ဗီတာမင် စီလုံလောက်တဲ့သူတွေက အသားအရေချောမွတ်ပြီး နူးညံ့ကြပါတယ်။ ဗီတာမင် စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တာမို့ အရေပြားကို free radicals တွေရန်က ကာကွယ်ပေးတာ ဖြစ်နိုင်ပါတယ်။

    (၅) ပင်ပန်းအားကုန်လွယ်တယ်

    ဗီတာမင် စီအားနည်းတဲ့သူ ၇ ယောက်မှာ ၆ ယောက်က ပင်ပန်းနွမ်းနယ်မှုကို ခံစားရတယ်လို့ တွေ့ရှိထားပါတယ်။ သိပ်မလှုပ်ရှားဖြစ်လည်း နုံးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    (၆) ကိုယ်ခံအားနည်းတယ်

    ဗီတာမင် စီက ကိုယ်ခံအားစနစ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ အတော်များများရှိပါတယ်။ ဒါ့ကြောင့် ကိုယ်က မကြာခဏနေမကောင်းဖြစ်လွယ်တယ်၊ နေပြန်ကောင်းဖို့ ကြာတတ်တယ်ဆိုရင် ဗီတာမင် စီ ဓာတ် နည်းနေတာဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားအပေါ် သက်ရောက်မှုရှိတဲ့ ဗီတာမင် စီက အဆုတ်ရောင်ရောဂါအပါအဝင် ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

    (၇) အမြင်အာရုံ ကျဆင်းလာတယ်

    ဗီတာမင် စီနဲ့ တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မလုံလောက်ရင် အသက်အရွယ်ကြောင့် သဘာဝအတိုင်း မျက်စိမှုန်လာတဲ့ဖြစ်စဉ်တောင်မှ ပိုဆိုးလာနိုင်တယ်။ အစားအသောက်ကနေ ဗီတာမင် စီအလုံအလောက် ရရှိမှ မျက်စိကျန်းမာရေးကို ပိုကာကွယ်နိုင်ပါလိမ့်မယ်။

    နောက်ဆက်တွဲ

    ဗီတာမင် စီချို့တဲ့လွန်းတဲ့သူတွေဟာ ကြာလာရင် သွားဆုံးရှုံးရလွယ်တာ၊ လက်သည်းကျိုးပဲ့လွယ်၊ ပိုးဝင်လွယ်တာ၊ အဆစ်နာတာ၊ အရိုးကြွပ်ဆတ်တာ စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် စီပြန်လည်ဖြည့်တင်းလိုက်မယ်ဆိုရင်တော့ ဒီလက္ခဏာတွေက ရက်ပိုင်းအတွင်း သက်သာလာပြီး ၃ လအတွင်း လုံးဝကောင်းမွန်သွားနိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement