ဟပ်ချိုး
နှာချေတာကိုတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခုပဲပေါ့။ ဗိုင်းရပ်စ်တခုခုကြောင့် ခန္ဓါကိုယ်က တုံု့ပြန်တဲ့လက္ခဏာပါ။ ဘာကိုစိုးရိမ်ရသလဲဆိုတော့ ဓါတ်မတည့်မှုလက္ခဏာမှာလည်း နှာချေတာပါဝင်တာကြောင့် ပေါ့ပေါ့ဆဆနေမိတဲ့အခါ အချိန်မီမကုသနိုင်ဘဲဖြစ်သွားနိုင်ပါတယ်။
နားထဲ အူနေတဲ့အသံ
နားထဲမှာ တဝီဝီနဲ့ အူနေတာ၊လေသံတွေကြားနေတာကtinnitus လို့ခေါ်တဲ့နားအူခြင်းလက္ခဏာဖြစ်ပါတယ်။ ရောဂါပိုးဝင်တာ၊ အသက်ကြီးရင့်တာနဲ့ အရမ်းကျယ်လောင်တဲ့အသံတွေကြောင့် အသံလှိုင်းတွေကို ဖော်ဆောင်ပေးတဲ့ နားအတွင်းပိုင်းထဲက ဆဲလ်လေးတွေကိုထိခိုက်စေနိုင်တယ်။ ဒါဟာ အားနည်းလို့၊ အိပ်ရေးပျက်လို့ဖြစ်တာဆိုပြီး ပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုလက္ခဏာဖြစ်လာတာနှစ်ရက်ထက်ပိုကြာလာရင် နားမှာရောဂါပိုးဝင်တာလား၊ အာရုံကြောပြဿနာရှိနေမလားဆိုတာသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။
လေတက်သံ
လေတက်တယ်ဆိုတာ အစာအိမ်ထဲကလေတွေထွက်လာတဲ့အသံပါ။ အံ့သြစရာတော့မရှိဘူး၊လေတွေမျိုချမိလို့ပေါ့ လို့ အစာအိမ်အူလမ်းကြောင်းပညာရှင်တွေကပြောပါတယ်။လေမတက်ချင်ရင်လေလျှော့ပြော(အားရပါးရကြီး စကားသိပ်မများနဲ့)၊ အစာစားရင်ဖြည်းဖြည်းစား၊ ဂက်စ်ပါတဲ့အချိုရည်တွေမသောက်နဲ့ပေါ့။လေတက်တာက ရင်ဘတ်အောင့်တဲ့လက္ခဏာနဲ့တွဲနေတာ၊ လည်ချောင်းနာတာနဲ့တွဲနေတာဆိုရင် အစာအိမ်အက်စစ်ပြန်ဆန်တက်တဲ့ရောဂါရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။
ကြို့ထိုးသံ
ကြို့ထိုးတယ်ဆိုတာ ရင်ဝမ်းခြားမြှေးကြွက်သားတွေရုတ်တရက်လှုပ်ရှားမှုကြောင့် အသက်ရှူလိုက်တိုင်း glottis ကနေ တားလိုက်သလိုဖြစ်စေတာပါ။ ရင်ဝမ်းခြှားမြှေးဆိုတာvagus နဲ့ phrenic အာရုံကြောတွေကထိန်းချုပ်ထားတာဖြစ်ပြီး အစာစားပြီးချိန် စိတ်လှုပ်ရှားမှု၊ အာရုံများခြင်း၊ဆေးဝါးတချို့နဲ့ အစာခြေစနစ်အနေအထားတို့နဲ့လည်းဆိုင်ပါတယ်။ အသက်ခဏအောင့်ထားလိုက်ရင်တော့ အဆုတ်ထဲက ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကိုမြင့်တက်စေပြီး ရင်ဝမ်းခြားမြှေးကြွက်သားတွေကိုပြေလျော့စေနိုင်ပါတယ်။ ဒါ့ကြောင့် ကြို့ထိုးရင် အသက်အောင့်၊နှာခေါင်းပိတ်ပြီးရေတခွက်သောက်ချတဲ့နည်းက အသုံးဝင်တာပေါ့။ တကယ်လို့ ကြို့ထိုးတာ နှစ်ရက်ထက်ပိုကြာနေခဲ့ရင်ဆေးခန်းပြသင့်ပါပြီနော်။
ဗိုက်ထဲက တဂွီဂွီ
ဗိုက်ထဲက ဂွီဂွီဂွမ်ဂွမ်မြည်နေတာက တကယ်တော့ အစာခြေလမ်းကြောင်းထဲမှာ ကြွက်သားတွေကြောင့်လေနဲ့အရည်တွေရွေ့လျားနေတဲ့အသံပါ။ အစာမစားရသေးခင်မှာ ဒီအသံတွေမြည်လာတာဆိုရင် ဗိုက်ထဲမှာရှိသမျှလောင်စာအကြွင်းအကျန်တွေကိုရှင်းပစ်နေတာဖြစ်ပြီး အစာတောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသံတအားကျယ်လာတာ(နာကျင်မှု၊ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာတွေပါပေါင်းစပ်လာရင်)ဆိုရင် အူထဲမှာ ပိတ်ဆို့မှုတခုခုဖြစ်နေတာဖြစ်နိုင်တယ်(ခွဲစိတ်ကုသဖို့လိုအပ်လာနိုင်တယ်)၊ တခြားအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နိုင်တယ်။
လေလည်သံ
လေလည်သံ တဘူဘူဟာ ကြားရသူအတွက်တော့ မင်္ဂလာမရှိလှပေမယ့် (အသက်အောင့်ထားရပေမယ့်)ပေါက်လိုက်တဲ့သူအတွက် အရမ်းကိုပေါ့ပါးသွားစေပါတယ်။လေလည်တယ်ဆိုတာ အမျှင်ဓါတ်များတဲ့အစားအစာတွေကို ဗိုက်ထဲမှာချေဖျက်နေတယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ မီသိန်း၊နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝကတဆင့် ခန္ဓါကိုယ်ထဲကစွန့်ထုတ်လိုက်တာပါ။ကောင်းတဲ့အရာတစ်ခုဖြစ်လို့အောင့်မထားသင့်ပါဘူး။
ဒါပေမယ့် နို့ထွက်ပစ္စည်းေတွစားသုံးပြီးနောက် ဗိုက်ပွတာ(ဗိုက်အောင့်၊ဝမ်းပျက်)ဖြစ်လာတယ်ဆိုlactose intolerance လို့ခေါ်တဲ့ နို့သကြားဓါတ်မစုပ်ယူနိုင်ခြင်းဖြစ်နေနိုင်ပါတယ်။ ဆိုဒါ၊ အသီးဖျော်ရည်တွေသောက်ပြီး ဒီလက္ခဏာတွေဖြစ်လာတယ်ဆို အစာခြေစနစ်ပြဿနာရှိနေနိုင်ပါတယ်။ တချို့အစားအသောက်တွေကလေပွစေနိုင်ပြီး အီးတဘူဘူဖြစ်စေပါတယ်။
အဆစ်တွေက မြည်တဲ့အသံ
လှုပ်ရှားလိုက်တဲ့အခါ အရိုးအဆစ်တွေက ဂုတ်ခနဲ၊ ဂျွတ်ခနဲမြည်တာကဖြစ်တတ်ပါတယ်။ အဆစ်တွေကြားမှာ မပွတ်တိုက်မိအောင် အရည်နဲ့ထိန်းပေးထားတာကြောင့် ဆောင့်ကြောင့်ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ အဆစ်မှာဖိအားဖြစ်စေပြီး အဲဒီအရည်တွေက လှုပ်ရှားအသံမြည်ပါတယ်။
ဒါပေမယ့် အသံတွေမြည်လာတယ်၊ နာကျင်ရတယ်(မျက်ခနဲဖြစ်သွားတာမျိုး)၊ထောက်ရတာမခိုင်တော့ဘူး၊ လှုပ်ရှားမကောင်းတော့ဘူးဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ အရွတ်စုတ်ပြဲတာ၊ အရိုးနုကစတင်ပျက်စီးလာတာတွေဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
တရွှီရွှီ အသက်ရှူသံ
တရွှီရွှီသံမြည်နေရင် အသက်ရှူလို့မကောင်းတော့ပါဘူး။ အအေးမိချောင်းဆိုးကအဖြစ်များပေမယ့် ဓါတ်မတည့်တာ၊ ပန်းနာရင်ကျပ်နဲ့ နှလုံးအမောဖောက်ခြင်းတို့ကြောင့် အဆုတ်လေပြွန်မှာရောင်ရမ်းစေနိုင်ပါတယ်။ ပန်းနာနဲ့ ဓါတ်မတည့်မှုက ဆေးသောက်ရုံနဲ့ကုသနိုင်ပေမယ့် နှလုံးအမောဖောက်ခြင်းကဆေးရုံတက်ဖို့လိုအပ်ပါတယ်။
ဟောက်သံ
အိပ်တဲ့အခါဟောက်သံ ခလူးခလူး ထွက်တာက အဖြစ်များကြပေမယ့် အိပ်နေစဉ်အသက်ရှူကျပ်ခြင်းလက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ နေ့ဘက်မှာ တအားပင်ပန်းထားသူတွေမှာလည်း ညဘက်ဟောက်သံကျယ်စေနိုင်ပါတယ်။
[embed-health-tool-bmi]