backup og meta

သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ


Dr. Thant Zin မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ

    သုတေသနအချို့အရ ဘက်တီးရီးယားပိုးမွှားအချို့ဟာ သူတို့အတွက် သင့်တော်တဲ့ အပူချိန်နဲ့ အာဟာရရှိရင် မိနစ်နှစ်ဆယ်ကို တကြိမ် ပွားများနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါတချို့ဟာ ကူးစက်ခံရပြီးချိန်မှာ မြန်မြန်ဆန်ဆန်ပဲ လက္ခဏာပြလာခြင်း ဖြစ်ပါတယ်။ အမှန်တကယ်တော့ လူသားတို့နေထိုင်ရာ အိမ်ဂေဟာအတွင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွားဖို့ သင့်တော်တဲ့နေရာတွေ အများအပြားရှိပါတယ်။

    နေအိမ်တွေမှာ ပေါက်ပွားတတ်တဲ့ ရောဂါပိုးတွေကတော့

    • Staphylococcus aureus သို့မဟုတ် staph ရောဂါပိုး

    • မှို

    • Salmonella ရောဂါပိုး

    • E. coli ရောဂါပိုး စတာတွေ ဖြစ်ပါတယ်။

    ဘက်တီးရီးယားပိုးတွေ ဘယ်လိုပျံ့တတ်သလဲ

    ပိုးမွှားတွေဟာ လူတဦးဆီကနေ တဦးကို တိုက်ရိုက်ဖြစ်စေ၊ လူတဥိးဆီကနေ အရာဝတ္တုတခုခုရဲ့ မျက်နှာပြင်ကို တဆင့်ခံကိုင်တွယ်မိရာကဖြစ်စေ ကူးစက်နိုင်ပါတယ်။ တဆင့်ခံ ကူးစက်စေတတ်တဲ့ အရာဝတ္တုများ၊ နေရာများကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ၁။ မီးဖိုခန်း

    အစားအစာတွေကို သိုလှောင်ရာ၊ ပြင်ဆင်ရာနေရာတွေမှာ ဘက်တီးရီးယားများ ပိုမိုပေါက်ပွားလွယ်တတ်ပါတယ်။ ပန်းကန်ဆေးတဲ့ရေမြှုပ်များ အဝတ်စများမှာ Salmonella နဲ့ E. coli ရောဂါပိုးတွေ ကပ်ငြိနေနိုင်တယ်လို့ သိရပါတယ်။ ရေချိုးခန်း ရေပိုက်ခေါင်းလက်ကိုင်တွေမှာလည်း တွယ်ငြိနေနိုင်ပါတယ်။

    ရောဂါပိုးတွယ်ငြိနိုင်တဲ့ အခြေအနေကြောင့် မကြာခဏ သန့်ရှင်းပေးဖို့ လိုအပ်တဲ့ မီးမိုခန်းအသုံးအဆောင်တွေကတော့

    – စဉ်းတီတုံး

    – ကော်ဖီဖျော်စက်

    – ရေခဲသေတ္တာ (အထူးသဖြင့် အသားစိမ်းများ၊ မဆေးကြောရသေးသော အသီးအရွက်ထားရာ နေရာများ)

    – ဘေစင် စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။

    မီးဖိုခန်းသန့်ရှင်းရေးအတွက် လုပ်ဆောင်သင့်တာကတော့ ရေပိုက်ခေါင်း၊ ရေခဲသေတ္တာ အတွင်းမျက်နှာပြင်၊ မီးဖိုစင်၊ စားပွဲ စတာတွေကို ပိုးသေစေတဲ့ဆေးရည်တမျိုးမျိုးနဲ့ သန့်ရှင်းရေး ပြုလုပ်ရပါမယ်။ ပန်းကန်ဆေးတဲ့ ရေမြှုပ်တွေကို မကြာခဏ လဲလှယ်ရပါမယ်။ ဒါမှမဟုတ် မိုက္ခရိုဝေ့ဗ်မီးဖိုနဲ့ အပူပေးပြီး ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ပန်းကန်သုတ်တဲ့ အဝတ်တွေကို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ အစားအစာတွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်မှာ လက်ကို စင်ကြယ်စွာ ဆေးကြောရပါမယ်။

    ၂။ တံခါးလက်ကိုင်ဘု၊ တံခါးလက်ကိုင်ကွင်းများ၊ မီးခလုတ်များ

    နေအိမ်တွေ ရုံးခန်းတွေမှာရှိတဲ့ တံခါးလက်ကိုင်တွေနဲ့ မီးခလုတ်တွေဟာ လူမျိုးစုံထိတွေ့ ကိုင်တွယ်ထားတဲ့အတွက် ရောဂါပိုးမျိုးစုံ ကပ်ငြိနေနိုင်ပါတယ်။ အထူးသဖြင့် ရေချိုးခန်း တံခါးလက်ကိုင်၊ ရေခဲသေတ္တာလက်ကိုင်၊ မီးဖိုခလုတ် စတာတွေမှာ ပိုးမွှားတွေ ရှိနေနိုင်ပါတယ်။

    အဆိုပါနေရာတွေကို ပိုးသတ်ဆေးရည်နဲ့ တပတ်တကြိမ်လောက် သန့်ရှင်းရေး ပုံမှန်ပြုလုပ်သင့်ပါတယ်။ သန့်ရှင်းရေးလုပ်တဲ့ အဝတ်တွေကိုလည်း ပုံမှန်လဲလှယ်သင့်ပါတယ်။

    ၃။ ရေချိုးခန်း

    ရေချိုးခန်းဆိုတာ ကိုယ်ခန္ဓာရဲ့ အညစ်အကြေးတွေကို သန့်စင်ရာနေရာဖြစ်တာကြောင့် ဘက်တီးရီးယားပိုးတွေတွေ့တာ သိပ်တော့ မဆန်းလှပါဘူး။ စိုစွတ်ထိုင်းမှိုင်းမှုကြောင့် ဘက်တီးရီးယားများ ပေါက်ပွားဖို့ သင့်တော်တဲ့နေရာ ဖြစ်နေပါတယ်။ ပေါက်ပွားတတ်တဲ့နေရာတွေကတော့ ရေပိုက်ခေါင်း၊ ရေဆင်းပေါက်၊ ရေပန်းလက်ကိုင်၊ သွးပွတ်တံ၊ ဘေစင် စတဲ့နေရာတွေ ဖြစ်ပါတယ်။

    အဆိုပါနေရာတွေ၊ မျက်နှာပြင်တွေကို ပိုးသန့်စင်တဲ့ဆေးနဲ့ နေ့စဉ်သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ သွားပွတ်တံတွေကို ၃-၄ လတခါ ပုံမှန်လဲလှယ်သင့်ပါတယ်။ ရေချိုးခန်းသုံးပဝါတွေကိုလည်း တပတ်တကြိမ် လဲလှယ်ပေးသင့်ပါတယ်။

    ၄။ အဝတ်လျှော်စက်

    အဝတ်လျှော်စက်ဟာလည်း ပိုးမျိုးစုံပေါက်ပွားနိုင်တဲ့နေရာ ဖြစ်ပါတယ်။ စက်ထဲမှာ ရေစိုနေတဲ့ အဝတ်အထည် အချိန်အနည်းငယ်ကြာကြာ ရှိလိုက်ရုံနဲ့ ပိုးမွှားတွေပေါက်ပွားလာဖို့ အားပေးပါတယ်။ ဒါကြောင့် အဝတ်တွေကို လျှော်ပြီးတာနဲ့ အခြောက်ခံစက်ထဲမှာ ချက်ချင်း အခြောက်ခံသင့်ပါတယ်။ တကယ်လို့ အဝတ်တွေဟာ စက်ထဲမှာ နာရီဝက်လောက်ထိ ထပ်ရှိနေခဲ့ရင် နောက်တခေါက် ရေနဲ့ပြန်လျှော်သင့်ပါတယ်။

    အဝတ်လျှော်အတွင်းကန်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် လျှော်စက်ရဲ့ အပြင်လက်ကိုင်နဲ့ မျက်နှာပြင်ကိုလည်း သန့်ရှင်းရေး ပြုလုပ်ရပါမယ်။

    ၅။ နေအိမ်ဧည့်ခန်းများ

    ရီမုတ်ကွန်ထရိုး၊ ကွန်ပျူတာကီးဘုတ်၊ တယ်လီဖုန်း၊ ရုပ်မြင်သံကြား စတာတွေဟာ မိသားစုဝင်များ၊ တခါတရံ ဧည့်သည်များပါ ဝေမျှသုံးစွဲတဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်။ အဆိုပါပစ္စည်းများရဲ့ မျက်နှာပြင်များဟာ ပိုးမွှားတွေ တည်ရှိနေတတ်ပါတယ်။ ဒါ့အပြင် ကော်ဇော၊ ဖျာ စတာတွေမှာလည်း ပိုးမွှားတွေ တွယ်ငြိနေနိုင်ပါတယ်။ စာစောင်တခုရဲ့ ဖော်ပြချက်အရ ဧည့်ခန်းကော်ဇောတချပ်မှာ သူ့ရဲ့အလေးချိန်ထက်ပိုတဲ့ အမှိုက်သရိုက်တွေ ပြည့်နှက်နေပြီး မြို့တွင်းလမ်းမထက်တောင် ညစ်ညမ်းတယ်လို့ ဆိုထားပါတယ်။

    ၆။ အိမ်မွေးတိရစ္ဆာန်များ

    ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်များရဲ့ ခန္ဓာကိုယ်မှာ အပြင်က ဘက်တီးရီးယားနဲ့ တခြားပိုးမွှားတွေကပ်ငြိပြီး အိမ်တွင်းသို့ ပါလာတတ်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်များရဲ့ အစာခွက်များဟာ ပိုးမွှားပေါက်ပွားရာနေရာတွေ ဖြစ်နေတတ်ပါတယ်။

    တိရစ္ဆာန်တွေဆီက ပိုးမွှားတွေ ကပ်ငြိလာခြင်းကနေ ကြိုတင်ကာကွယ်ဖို့ဆိုရင် အပြင်ကဝင်လာတဲ့အခါ သူတို့ရဲ့ခြေသည်းတွေကို ဆေးကြောသန့်ရှင်းပေးသင့်ပါတယ်။ တိရစ္ဆာန်တွေရဲ့ အစာခွက်တွေကို ရေနွေး၊ ဆပ်ပြာရည် စတာတွေနဲ့ တပတ်တခါလောက် ဆေးကြောပေးသင့်ပါတယ်။

    ၇။ တကိုယ်ရေအသုံးအဆောင်များ

    သင်တနေ့တာ အပြင်ကို ယူဆောင်နေကြပစ္စည်းများဖြစ်တဲ့ ရှူးဖိနပ်၊ အိတ်၊ မိုဘိုင်းလ်ဖုန်း၊ ပိုက်ဆံအိတ်၊ ထမင်းဘူး စတာတွေမှာ ရောဂါပိုးတွေ ကပ်ပါလာနိုင်ပါတယ်။ သာမန်ပစ္စည်းများအတွက် ပုံမှန်ပိုးသန့်စင်ဆေးရည်များ အသုံးပြုနိုင်ပါတယ်။ မိုဘိုင်းလ်ဖုန်းလို လျှပ်စစ်ကိရိယာတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သန့်စင်ဆေးရည် ကိရိယာများ အသုံးပြုနိုင်ပါတယ်။

    အလေ့အကျင့်ကောင်းများ မွေးမြူရန်

    မိမိတို့အိမ်မှာ ပိုးမွှားများ ပေါက်ပွားကပ်ငြိခြင်းမရှိအောင် ရောဂါပိုးများ ပေါက်ပွားနိုင်တဲ့နေရာတွေကို သန့်ရှင်းရေး ပုံမှန်ပြုလုပ်သင့်ပါတယ်။ အပြင်ကပြန်လာရင် ဖိနပ်ကို အိမ်ထဲမသွင်းဘဲ အပြင်မှာတင်ချွတ်ပြီး သန့်ရှင်းရေးလုပ်သင့်ပါတယ်။ လက်များကို မကြာခဏ ဆေးသင့်ပါတယ်။ လက်ဆေးရာမှာ သန့်စင်ဆေးရည်ကို သုံးနိုင်သလို ရိုးရိုးဆပ်ပြာနဲ့ ရေကိုလည်း သုံးနိုင်ပါတယ်။ တခါဆေးရင် စက္ကန့် ၂၀-၃၀ လောက် အချိန်ယူနိုင်ဖို့ လိုအပ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement