backup og meta

အနာ တစ်ခု ချုပ်ဖို့ လိုမလို ဘယ်လို ဆုံးဖြတ်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာ တစ်ခု ချုပ်ဖို့ လိုမလို ဘယ်လို ဆုံးဖြတ်မလဲ။

    ဆေးခန်းကို ကွဲပြဲပြီး ရောက်လာပြီဆိုရင် အရင်ဆုံး မေးတာက ချုပ်ဖို့ လိုမှာလားတဲ့။ ချုပ်မယ်ဆိုရင်လည်း ဘယ်နှချက်ချုပ်ရမှာလဲ။ မချုပ်လို့ မရဘူးလား စသည်ဖြင့် မေးခွန်းတွေက ကြားနေကြရပါတယ်။ အနာ တိုင်းတော့ ချုပ်ဖို့ ဘယ်လိုမလဲ။ ချုပ်ဖို့ လိုတဲ့ အနာတွေကျတော့လည်း ချုပ်လိုက်မှ အနာရဲ့ နောက်ဆက်တွဲတွေကို ကာကွယ်နိုင်မယ်။ အနာကောင်းကောင်း ကျက်နိုင်မယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ချုပ်ကြတာပါ။ ဆိုတော့ အနာတစ်ခု ချုပ်ဖို့ လိုမလိုကို အောက်က အချက်တွေနဲ့ အကြမ်းဖျင်း  ဆုံးဖြတ်ပါတယ်။ ကိုယ်က ချုပ်ဖို့ မလိုဘူး ထင်ပေမယ့် ဆရာဝန်က အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ချုပ်ဖို့ လိုအပ်လို့ ချုပ်ပေး လိုက်တာမျိုးလည်း ရှိပါတယ်။ ဘယ်အချက်တွေလဲဆိုတာကို ကြည့်ရအောင်။

    (၁) အနာ ရွယ်အစား

    အနာရဲ့ အရွယ်အစားက ချုပ်ဖို့ လိုမလို ဆုံးဖြတ်တဲ့နေရာမှာ အရေးကြီးပါတယ်။ အနာရဲ့ အရှည်ရော၊ အနက်ရောပေါ့။ ဆိုလိုတာက

    • လက်မဝက်ထက် ပိုနက်ခဲ့ရင်
    • အဆီပြင်၊ ကြွက်သား၊ အရိုးပေါ်လောက်အောင် နက်ခဲ့ရင်
    • အနာဟနေရင်၊ ကျယ်လွန်းရင် ချုပ်ရပါမယ်။

    ချုပ်တယ်ဆိုတဲ့ နေရာမှာလည်း အနာက သေးသေး တိမ်တိမ်လေးဆိုရင် ချုပ်ကြိုးအစား ပိုးသတ်ထားတဲ့ တိတ် (sterile adhesive strips) လိုဟာမျိုးနဲ့ ကပ်လို့ရပါတယ်။ ခေါင်းဆိုရင်တော့ Staples သုံးလို့ရပါတယ်။

    (၂) သွေးထွက်တဲ့ ပမာဏ

    အနာတစ်ခုက သွေးထွက်နေလို့ ၁၀မိနစ် ၁၅မိနစ်လောက် အားနဲ့ ဖိထားတာတောင် သွေး မတိတ်ဘူးဆိုရင် ချုပ်ဖို့ လိုနေပါပြီ။ သွေးတွေ ပန်းထွက်လာတယ်ဆိုတာ သွေးကြောထိသွားလို့ပါ။ ဒါဆိုရင် အရေးပေါ် ကုသမှု ခံယူဖို့ လိုပါတယ်။

    (၃) အနာရဲ့ နေရာ

    ဒဏ်ရာချင်း တူရင်တောင် တချို့နေရာက ဒဏ်ရာတွေက ချုပ်ဖို့ လိုပါတယ်။ လှုပ်ရှားမှုများတဲ့ အဆစ်လိုနေရာမှာ ဒဏ်ရာရခဲ့ရင် ချုပ်ဖို့ လိုပါတယ်။ အထူးသဖြင့် လှုပ်လိုက်တိုင်း အနာက ဟသွားတယ်ဆိုရင် ချုပ်ကို ချုပ်ရမှာပါ။ အရွတ်တွေ၊ အရွတ်တွဲတွေ ထိမထိဆိုတာလည်း  ကြည့်ရပါမယ်။

    Cleveland Clinic အဆိုအရ လိင်အင်္ဂါတွေ၊ နူးညံ့တဲ့ နေရာတွေ ဖြစ်တဲ့ မျက်နှာတို့ မျက်ခွံတို့မှာ ဒဏ်ရာရခဲ့ရင် ချက်ချင်း ကုသရမှာပါ။ ချုပ်ဖို့ လိုတာကို မချုပ်ဘဲ ထားမိလို့ နောက်ပိုင်းမှာ အမာရွတ်တွယ်ခဲ့ရင် ကြည့်ရဆိုးတာ၊ မျက်လုံး ကောင်းကောင်း မဖွင့်နိုင်တာတွေ ဖြစ်လာမှာပါ။

    (၄) အနာဖြစ်တဲ့ အကြောင်းရင်း

    အနာဖြစ်တဲ့ အကြောင်းရင်းကလည်း ချုပ်ဖို့ လိုမလို ဆုံးဖြတ်တဲ့နေရာမှာ အရေးကြီးပါတယ်။ ထိုးသွင်းဒဏ်ရာတွေ၊ လူကိုက်တာ ဒါမှမဟုတ် တိရိစ္ဆာန်တစ်ကောင်ကောင်က ကိုက်လိုက်တာဆိုရင် မေးခိုင်ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးတွေ ပေးဖို့ လိုသလို ချုပ်ဖို့လည်း လိုနိုင်ပါတယ်။ ဒါမျိုး ဒဏ်ရာတွေဆိုရင် သိပ်မနက်ရင်တောင် ဆရာဝန်ပြဖို့ လိုပါတယ်။

    အထူးသဖြင့် သံချေးတက်နေတဲ့ ဒါမှမဟုတ် ညစ်ပေနေတဲ့ ပစ္စည်းတွေ (ဥပမာ လက်သည်း)နဲ့ ခိုက်မိတာ၊ အနာထဲမှာ ဖန်စတို့ ကျောက်စတို့ စိုက်နေရင် ချုပ်ဖို့ လိုလို မလိုလို ဆရာဝန်နဲ့ ပြသင့်ပါတယ်။

    အနာအတွက် ရှေးဦးသူနာပြုနည်းများ

    အနာတစ်ခု ဖြစ်ပြီဆိုတာနဲ့ အရင်ဆုံး လုပ်ပေးနိုင်တာက

  • အနာကို အဝတ်သန့်သန့် ဒါမှမဟုတ် ပတ်တီးစနဲ့ ဖိထားပါ။ အနာရှိတဲ့နေရာကို မြှောက်ထားပါ။
  • သွေးထွက်နေရင် ၅မိနစ် ၁၀မိနစ်လောက် အားသုံးပြီး ဆက်တိုက်ဖိထားပါ။
  • အဝတ်သွေးစိုနေရင် အပေါ်ကနေ နောက်တစ်ခု ထပ်ဖိပါ။ နဂိုဖိထားတဲ့ အဝတ်ကို မဖယ်လိုက်ပါနဲ့။
  • သွေးတိတ်သွားရင် အနာကို ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးပါ။ မပွတ်ပါနဲ့။
  • တတ်နိုင်ရင် ရေနဲ့ အနာထဲက အမှိုက်တွေ၊ အညစ်အကြေးတွေကို လောင်း ဖယ်ပါ။
  • ပတ်တီးသန့်သန့်နဲ့ အနာကို စီးထားပါ။
  • ဒါတွေအပြင်

    • အနာက သွေးတွေ ပန်းထွက်ပြီး သွေးကြောထိသွားတယ်လို့ ယူဆရင်
    • အနာမှာ ပစ္စည်း တစ်ခုခု စိုက်နေခဲ့ရင်
    • ကျည်ဆန် ဒါမှမဟုတ် အားပြင်းတဲ့ ပစ္စည်းတစ်ခုခု လာစင်ပြီး ဒဏ်ရာရခဲ့ရင်
    • သံချေးတက်နေတဲ့၊ မသန့်တဲ့ ပစ္စည်းကြောင့် ဒဏ်ရာရခဲ့တယ်ဆိုရင်
    • လူ ဒါမှမဟုတ် တိရိစ္ဆာန် ကိုက်ခံရရင်
    • လိင်အင်္ဂါ၊ မျက်နှာနဲ့ မျက်ခွံမှာ အနာဖြစ်ခဲ့ရင်
    • ဒဏ်ရာကြောင့် အဆစ်တွေ မလှုပ်နိုင်တော့ရင်
    • ထုံတာ၊ ထိလို့ ထိမှန်း မသိတော့ရင်
    • အနာအပြင် အရိုးကျိုးတာ၊ ခေါင်းကွဲတာတွေပါ တွဲဖြစ်နေခဲ့ရင် ဆေးခန်းကို အမြန်သွားရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement