backup og meta

ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ခန္ဓာကိုယ်မှာ ရာသီဥတုဒဏ်ကို အများဆုံးခံရတာ အရေပြားပါ။ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးသောအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကျန်းမာဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ဆောင်းရာသီလိုအခါမျိုးမှာဆိုရင် အရေပြားက နေရောင်ခြည်ဒဏ်အပြင် ရာသီဥတုအေးတဲ့ဒဏ်နဲ့ လေဒဏ်ကိုပါ အပိုဆောင်းခံရပါတယ်။ ဒီလိုအချိန်မျိုးမှာ အရေပြားကို အစိုဓာတ်ရှိအောင် ထိန်းသိမ်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ဆောင်းရာသီမှာ ဘာလို့ အသားခြောက်တာလဲ

ဆောင်းရာသီမှာ အေးမြတဲ့ ရာသီဥတုအနေအထားကြောင့် ရေသိပ်မသောက်ဖြစ်တဲ့အတွက် အရေပြားမှာ လုံလောက်တဲ့ရေဓာတ်မရတာကြောင့် အသားအရေတွေ ခြောက်သွေ့လာရတာပါ။ အရေပြားက လိုအပ်တဲ့အာဟာရကို မရရှိတဲ့အခါ အလွယ်တကူခြောက်သွေ့ကွဲအက်လာပါတယ်။

အရမ်းပြင်းထန်တဲ့အခါမျိုးဆိုရင် အရေပြားကွဲအက်မှုတွေက သွေးစို့တာမျိုးလေးတွေတောင် ဖြစ်လာနိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာ ထိခိုက်တဲ့အခါ အရေပြားပြဿနာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ အလွယ်တကူဖြစ်လာနိုင်ပါတယ်။

ဒီအချက်တွေကြောင့် အရေပြားခြောက်သွေ့ရတာပါ

အရေပြားခြောက်သွေ့တာကို မဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့လည်း ရပါတယ်။ အရေပြားခြောက်သွေ့တာကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် အရေပြားခြောက်သွေ့မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုပါမယ်။ အရေပြားခြောက်သွေ့မှုကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေက –

  • အေးတဲ့ရာသီဥတု အခြေအနေနဲ့ထိတွေ့မှု
  • ရေနွေးနဲ့ ရေချိုးတာ၊ မျက်နှာသစ်တာ
  • အရေပြားပြဿနာ အခံရှိနေတာ
  • မီးလှုံတာ၊ အခန်းထဲမှာ အနွေးပေးစက် ဖွင့်ထားတာမျိုး
  • မကြာခဏ မျက်နှာသစ်တာ၊ လက်တွေ၊ ခြေတွေဆေးတာ

ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ဆောင်းရာသီလိုအေးတဲ့ သဘာဝပတ်ဝန်းကျင် အနေအထားမှာ တော်တော်များများက ရေသောက်ဖို့ မေ့နေတတ်ကြပြီး ကော်ဖီ၊ ရေနွေးကြမ်းနဲ့ လက်ဖက်ရည်လိုမျိုး နွေးထွေးမှုကို ရစေမယ့် အရာတွေကို ပိုသောက်ဖြစ်ကြပါတယ်။ ဒီသောက်စရာတွေက လိုအပ်တဲ့ရေဓာတ်ကိုဖြည့်မပေးနိုင်ပါဘူး။ ဒါကြောင့် အရေပြားကျန်းမာဖို့ လိုအပ်တဲ့ရေကို သောက်ဖို့ မမေ့ပါနဲ့။

  • Humidifier (အစိုဓာတ်ထိန်းစက်) အသုံးပြုပါ

ဆောင်းရာသီရဲ့ ရာသီဥတုအနေအထားနဲ့ အနွေးဓာတ်ရရှိအောင် လုပ်ဆောင်မှုတွေကြောင့် ခြောက်သွေ့သွားတဲ့ အသားအရေကို အစိုဓာတ်ရရှိစေဖို့ နေအိမ်မှာ Humidifier တပ်ဆင်ထားပါ။ ဒီလိုလုပ်ပေးတာက အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပါ။

  • ရေချိုးတဲ့အခါ အသားအရေကို ထိန်းသိမ်းပေးနိုင်တဲ့ အဆီတစ်ခုခုကိုထည့်ချိုးပေးပါ

ဒီလိုချိုးပေးတာက အရေပြားကို အစိုဓာတ်ထိန်းပေးဖို့ အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။ ရေချိုးတဲ့အခါ စံပယ်ပန်း၊ ချာမိုမိုင်း၊ သံပရိုသီး၊ rosemary နဲ့ ပူစီနံတို့ကနေထုတ်ထားတဲ့ အဆီတစ်မျိုးမျိုးကို ချိုးမယ့်ရေထဲ ထည့်ချိုးပေးပါ။

  • Exfoliation လုပ်တာကို ကန့်သတ်ပါ

နွေရာသီမှာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့က မဖြစ်မနေလုပ်သင့်တဲ့အရာဆိုပေမယ့်ဆောင်းရာသီမှာတော့ ခဏခဏ Exfoliation မလုပ်ဖို့သတိပေးပါရစေ။ တစ်ပတ် တစ်ခါ ဒါမှမဟုတ် နှစ်ခါလောက်ပဲ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါ။ ခဏခဏလုပ်တဲ့အခါ အရေပြားကိုချောမွေ့စေတာထက် ထိခိုက်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။

  • Moisturizer လိမ်းပေးပါ

ရေချိုးပြီးတဲ့အခါတိုင်း အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ ခရင်မ်တစ်မျိုးမျိုး လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာက အအေးဒဏ်ကြောင့် အရေပြားခြောက်သွေ့နိုင်ခြေကို သိသိသာသာနည်းပါးသွားစေမှာပါ။ ဒါကြောင့် Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။

နွေရာသီမှာပဲ နေလောင်ကာခရင်မ် လိုအပ်တာမဟုတ်ပါဘူး။ ဆောင်းရာသီမှာလည်း နေရောင်ခြည်ကရှိနေမှာဖြစ်တာကြောင့် အရေပြားထိခိုက်ပျက်စီးမှုမဖြစ်စေဖို့အတွက် နေလောင်ကာခရင်မ်လူးပေးဖို့ လိုပါမယ်။ အပြင်မထွက်ခင် ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်ခန့်ကြိုပြီးနေလောင်ကာခရင်မ်လူးပေးပါ။ အပြင်ထွက်တဲ့အချိန်က ကြာမြင့်မယ်ဆိုရင် လိုအပ်တဲ့အခါ ထပ်လူးဖို့ နေလောင်ကာခရင်မ်ကို တစ်ပါတည်းယူသွားပေးပါ။

  • Body Lotion (ဘော်ဒီလိုးရှင်း) လိမ်းပါ

ဘော်ဒီလိုးရှင်းလိမ်းပေးတာက ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့မှုဖြစ်တာနဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်နိုင်တယ်။ တကယ်လို့ သဘာဝထွက်ပစ္စည်းကိုပဲ ဘော်ဒီလိုးရှင်းအနေနဲ့ဖြစ်ဖြစ်၊ အသားရေထိန်းသိမ်းတဲ့ပစ္စည်းလိုပဲဖြစ်ဖြစ် သုံးချင်တယ်ဆိုရင်တော့ သံလွင်ဆီကို လူးပေးလို့ရတယ်။ သံလွင်ဆီက အသားအရေ၊ နှုတ်ခမ်းနဲ့ ဆံသားတွေကို ခြောက်သွေ့မှုကနေ ကာကွယ်ပေးပြီး စိုပြည်လှပနေစေပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Winter Skin Care Tips https://www.webmd.com/beauty/features/ten-winter-skin-care-tips#2 Accessed Date 3 July 2018

6 Ways to Keep Your Skin Hydrated and Healthy This Winter https://yogainternational.com/article/view/6-ways-to-keep-your-skin-hydrated-and-healthy-this-winter Accessed Date 3 July 2018

12 TIPS TO KEEP SKIN SOFT AND GLOWING IN WINTER https://www.bewell.com/blog/12-tips-to-keep-skin-soft-and-glowing-in-winter/ Accessed Date 3 July 2018

How to Keep Your Skin Hydrated in the Wintertime https://skincare.lovetoknow.com/Tips_on_How_to_Keep_Your_Skin_Hydrated_in_the_Winter_Time Accessed Date 3 July 2018

ယခုပုံစံ

06/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာနေစေဖို့

ဆောင်းအေးအေးမှာ ဘေဘီလေးကျန်းမာနေစေဖို့ဆိုရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement