backup og meta

မှဲ့ခြောက် သက်သာစေမယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ

မှဲ့ခြောက် သက်သာစေမယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ

အစက်အပြောက်ကင်းပြီး ကြည်လင်နေတဲ့မျက်နှာက သင့်ကို အလှတိုးစေမယ့် အချက်တွေထဲကတစ်ခုပါ။ မျက်နှာက မလှရင်တောင် အစက်အပြောက်တွေ ကင်းစင်နေမှုကပဲ ဆွဲဆောင်မှုရှိရှိ လှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးတယ်လေ။

မျက်နှာပေါ်မှာ ဝက်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက် နဲ့ အမဲစက်တွေရှိနေတာက ယုံကြည်မှု ပျက်သုဉ်းစေတယ်နော်။ ဒီတစ်ခေါက်တော့ မှဲ့ခြောက်တွေရှိလို့ စိတ်ညစ်နေသူတွေအတွက် အိမ်တွင်း ကုထုံးလေးတွေ အကြောင်း မျှဝေပေးချင်ပါတယ်။

မှဲ့ခြောက်ဆိုတာ ဘာလဲ……

မှဲ့ခြောက်ဆိုတာက အရေပြားပေါ်မှာ အရောင်ခပ်ရင့်ရင့် အစက်အပြောက်လေးတွေ ဖြစ်နေတာပါ။ မျက်နှာမှာ ဖြစ်နိုင်သလို လက်မောင်း၊ ပခုံး၊ နောက်ကျောစတဲ့ ခန္ဓာကိုယ် အရေပြားတွေအပေါ်မှာလည်း ဖြစ်နိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ……..

မှဲ့ခြောက်ဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက နေရောင်ခြည်နဲ့ ထိတွေ့မှု များလွန်းတာကြောင့်ပါ။ အသားဖြူတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အာရှသားတွေထက် အနောက်ဥရောပနိုင်ငံသားတွေရဲ့ အသားအရေက မှဲ့ခြောက်ဖြစ်လွယ်ပါတယ်။

မှဲ့ခြောက် သက်သာစေမယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ………….

မျက်နှာ နဲ့ ခန္ဓာကိုယ် အရေပြားပေါ်က မှဲ့ခြောက်တွေကြောင့် စိတ်ညစ်မခံနေပါနဲ့တော့။ အခုပြောတဲ့ နည်းလမ်းလေးတွေကို အသုံးပြုကြည့်ဖို့ ပြောပါရစေ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အရေပြားပေါ်က အရောင်ရင့်နေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒီအာနိသင်ကပဲ မှဲ့ခြောက်တွေကို အရောင်လျော့ပြီး သက်သာစေမှာပါ။

မှဲ့ခြောက်အတွက် ပန်းသီးရှာလကာရည်ကို အသုံးပြုမယ်ဆိုရင် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောလိုက်ပါ။ ရလာတဲ့ အရောအနှောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာလိမ်းပေးပါ။ မှဲ့ခြောက်ရှိတဲ့ နေရာတွေကိုလိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

တစ်နေ့တစ်ကြိမ် လိမ်းပေးရင်ကို လုံလောက်ပါတယ်။

သံပရိုသီး

သံပရိုသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် C က အသားအရေကိုကြည်လင်စေပြီး အမည်းစက်တွေကို လျော့ပါးစေနိုင်ပါတယ်။ အသားအရေကို နေရောင်ကြောင့် ပျက်စီးတာကနေလည်း သက်သာစေနိုင်ပါတယ်။

ဒါကြောင့် မှဲ့ခြောက်သက်သာချင်တယ်ဆိုရင် ဂွမ်းစသန့်သန့်လေးမှာ သံပရိုရည်ညှစ်လို့ သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပေးပါ။ တစ်ပတ်ကို ၂ ကြိမ် လောက်အထိလုပ်ပေးလို့ရပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်သလို အစိုဓာတ်လည်းထိန်းပေးနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မှဲ့ခြောက်တွေနဲ့ အရေပြားပေါ်က အစက်အပြောက်တွေ အမာရွတ်တွေကိုပါ သက်သာစေနိုင်ပါသေးတယ်။

ဒါကြောင့် မှဲ့ခြောက် သက်သာချင်တယ်ဆိုရင် ရှားစောင်းလက်ပပ် အတွင်းသားကို မှဲ့ခြောက်ဖြစ်တဲ့နေရာမှာ လိမ်းပေးပြီး ၂ မိနစ် ကနေ ၃ မိနစ်လောက်အထိ နှိပ်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ညလုံးထားလို့လည်း ရပါတယ်။ နေ့တိုင်းလုပ်ပေးရုံပါ။

နနွင်း

နနွင်းမှာပါတဲ့ curcumin ဒြပ်ပေါင်းတွေက အရေပြားပေါ်မှာ မယ်လ်လာနင် စုပုံမှုကြောင့်ဖြစ်လာတဲ့ အသာအးရောင်ရင့်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မှဲ့ခြောက် သက်သာစေဖို့အတွက် နနွင်းမှုန့်စစ်စစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောစပ်လိုက်ပါ။

ပြီးရင် သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းပေးပါ။ ခြောက်တဲ့အထိထားပါ။ ပြီးရင် ရေနဲ့သေချာ စင်အောင်ဆေးချလိုက်ရုံပါ။ တစ်ပတ်ကို တစ်ကြိမ် လုပ်ပေးရုံပါ။

ဒိန်ချဉ်

ဒိန်ချဉ်မှာ lactic acid ပါဝင်နေပြီး Lactic acid က မယ်လ်လာနင် ဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဒီလို လျှော့ချပေးမှုက မှဲ့ခြောက်ဖြစ်တာကို သက်သာစေနိုင်မှာပါ။

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာခန့်ကို မှဲ့ခြောက်ဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်ပေးပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်ရုံပါ။

နေ့တိုင်း လုပ်ပေးလို့ရပါတယ်။

ပျားရည်

ပျားရည်မှာ အသားအရေကို ကျန်းမာစေနိုင်တဲ့ phenolic နဲ့ flavonoid ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းတွေက မှဲ့ခြောက်တွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်သလို မှဲ့ခြောက် သက်သာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

သံပရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရောပြီး မှဲ့ခြောက်ဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိထားပေးပြီး ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

တစ်ပတ်ကို နှစ်ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။

ငှက်ပျောခွံ

ငှက်ပျောခွံမှာပါတဲ့ bioactive  ဒြပ်ပေါင်းက မှဲ့ခြောက်ကို သက်သာစေနိုင်ပါတယ်။

စားပြီးသားငှက်ပျောခွံကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

တစ်နေ့ကို တစ်ကြိမ်လုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How To Lighten Freckles – Natural Remedies + Treatment Options https://www.stylecraze.com/articles/13-simple-ways-to-get-rid-of-freckles/ Accessed Date 10 March 2020

Freckles: Remedies, Causes, and More https://www.healthline.com/health/beauty-skin-care/how-to-get-rid-of-freckles Accessed Date 10 March 2020

Freckles facts https://www.medicinenet.com/freckles/article.htm Accessed Date 10 March 2020

ယခုပုံစံ

12/10/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေစိုပြေဝင်းအိဖို့ ဒိန်ချဉ်နဲ့ မျက်နှာပေါင်းတင်ကြမယ်

အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း



Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement