backup og meta

ဒါတွေလုပ်မိနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒါတွေလုပ်မိနေပြီလား

    ကျန်းမာကြည်လင်ပြီး အစက်အပြောက်တွေကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တာက လူတိုင်းရဲ့ စိတ်ကူးပါ။ စာဖတ်သူအနေနဲ့ ခန္ဓါကိုယ်ရဲ့ ဟော်မုန်းပြောင်းလဲမှုနဲ့ မျိုးရိုးကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကိုရှောင်လွှဲဖို့ မဖြစ်နိုင်ပေမယ့် ပုံမှန်အတိုင်းဆိုရင်တော့ နေ့စဉ်လုပ်မိနေတဲ့ အချို့အလေ့အထတွေကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ အသားအရေမှာကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်လာမှာ အသေအချာပါ။ ဒီတော့ ကျန်းမာလှပပြီး ဝက်ခြံကင်းစင်တဲ့ အသားအရေလေးဖြစ်အောင် ဘာတွေသတိထားဖို့လိုမလဲ။

    ဝက်ခြံဆိုတာက အရေပြားပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့အရာဆိုလည်းဟုတ်သလို ယုံကြည်မှုကျဆင်းစေတဲ့အရာဆိုလည်းမမှားပါဘူး။ ဝက်ခြံပေါက်ရတဲ့ အဓိကအကြောင်းအရင်းကဟော်မုန်းကြောင့်ပါ။ ဒီအချက်ကြောင့်ပဲ လူတော်တော်များများက သူတို့ဝက်ခြံပေါက်တာကို ဟော်မုန်းကြောင့်လို့ အပြစ်ပြေးတင်တော့တာပါပဲ။ ဝက်ခြံပေါက်တာကဟော်မုန်းကြောင့်ဆိုတာထက် ကိုယ်လုပ်မိနေတဲ့ အပြုအမူတွေကြာင့်ဆိုတာရော သတိထားမိရဲ့လား။

    ဒါတွေလုပ်မိနေပြီလား

    ဝက်ခြံတွေက အဆက်မပြတ်ထွက်နေပြီဆိုရင် အရင်ဆုံးလုပ်သင့်တာက သင့်အနေနနဲ့ ဒါတွေလုပ်မိနေပြီလားဆိုတာကိုဆန်းစစ်ကြည့်ပါလို့ ပြောပါရစေ။

    ဓါတုပစ္စည်းတွေပါတဲ့ အလှကုန်တွေသုံးမိနေပြီလား – အလှကုန်ဆိုတိုင်း အလှတိုးစေနိုင်တာမဟုတ်သလို အသားအရေကို ထိခိုက်မှုမရှိဘူး၊ လို့ဆိုလို့မရပါဘူး။ ဒါကြောင့် အလှကုန်ပစ္စည်းရွေးချယ်တဲ့အခါ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေပါနေလား၊ အနံ့အရမ်းပြင်းလွန်းလားဆိုတာတွေကို သတိထားပေးပါ။

    အစိုဓါတ်ထိန်းခရင်မ်မသုံးမိဘူးလား – အသားအရေဘယ်လောက်ကောင်းကောင်း အစိုဓါတ်ထိန်းဖို့ကတော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြေင့် မျက်နှာကို မိတ်ကပ်မလူးချင်ဘူးဆိုရင်တောင် အစိုဓါတ်ထိန်းခရင်မ်လေးတော့လူးပေးပါ။ အရေပြားခြောက်သွေ့မှုကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။

    ဖုန်းကို သန့်ရှင်းမှုအားနည်းနေပြီလား– ဒါကတော့တော်တော်များများမလုပ်မိတတ်ကြပါဘူး။ ဖုန်းသန့်ရှင်းတာကိုနေ့စဉ်တာဝန်တစ်ခုအနေနဲ့ လုပ်ခဲပါတယ်။ ဖုန်းမျက်နှာပြင်မှာ ကပ်ညှိနေတဲ့ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေကလည်း ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

    စိတ်ဖိစီးမှုအရမ်းများနေပြီလား– စိတ်ဖိစီးမှုများတဲ့အခါ ကိုယ်တွင်းမှာဟော်မုန်းတွေတိုးလာနိုင်ပါတယ်။ ဒီလိုအနေအထားက ဝက်ခြံတွေဖြစ်ဖို့ အရမ်းကို အားပေးနိုင်တာပါ။ ဒါကြောင့် စိတ်ကိုအတတ်နိုင်ဆုံး ဖိစီးမှုကင်းအောင်နေပါ။

    အဝတ်အစားတွေသန့်ရှင်းမှုအားနည်းနေတာလား– အိပ်ရာခင်း၊ခေါင်းအုံးစွပ်နဲ့တဘက်လိုမျိုးအသုံးအဆောင်တွေ၊ အဝတ်အစားတွေ သန့်ရှင်းမှုအားနည်းတာကြောင့်လည်း ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအသုံးအဆောင်တွေကို တစ်ပတ်နှစ်ကြိမ် သန့်ရှင်းပေးပါ။

    ဆံသားအတွက်သုံးတဲ့ ပစ္စည်းတွေကို လွဲမှားသုံးမိနေတာလား – ဆံပင်တွေက မျက်နှာအသားအရေကိုထိတွေ့မိရင်တောင် အခန့်မသင့်ရင် ဝက်ခြံထွက်နိုင်ပါတယ်။ ဆံသားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေမှာပါဝင်နေတဲ့ ဓါတုပစ္စည်းတွေက အသားအရေကိုထိခိုက်စေနိုင်တယ်ဆိုတာကတော့ပြောနေစရာမလိုအောင်ပါ။ ဒါကြောင့် ဆံသားအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို အသားအရေကို မထိမိအောင်ဂရုစိုက်ပေးပါ။

    အလှပြင်ပစ္စည်းတွေကို သန့်ရှင်းမှုအားနည်းတာလား – မျက်နှာမှာအသုံးပြုရတဲ့ ပစ္စည်းတွေကို အနည်းဆုံးတစ်ပတ်တစ်ကြိမ်လောက်တော့ သန့်ရှင်းပေးသင့်ပါတယ်။ ဒါမှာ ဘက်တီးရီးယားတွေရဲ့ အန္တရာယ်ကနေကာကွယ်နိုင်မှာပါ။

    အမြန်စား အစားအစာတွေ အများကြီးစားမိနေပြီလား – အမြန်စားအစားအစာတွေ စားသုံးမှုက ဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီအစားအစာမှာပါတဲ့ အဆီ၊သကြားဓါတ်နဲ့ အချို့သောပါဝင်ပစ္စည်းတွေက ဝက်ခြံပိုဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။

    ဆေးလိပ်သောက်မိနေတာလား -ဆေးလိပ်သောက်တာကြောင့်လည်း အရေပြားမှာ ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ဆေးလိပ်အရမ်းသောက်မိနေတာမျိုးမဖြစ်စေဖို့ သတိထားပေးပါ။

    ညဘက်မှာ မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်မိနေပြီလား– ညမအိပ်ခင်မှာရေမချိုးဖြစ်ရင်တောင် မျက်နှာပေါ်မှာ တစ်နေကုန်လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို ဖျက်ရပါမယ်။ မျက်နှာသစ်ရမှာပျင်းတယ်ဆိုခဲ့ရင်လည်း Micellar Waterလေးသုံးပြီးသန့်စင်ပေးလို့ရပါတယ်။ ညဘက်မှာ မျက်နှာကို မသန့်စင်ဘဲအိပ်တာက ဝက်ခြံဖြစ်စေရုံတင်မကပါဘူး။ အသားအရေကိုပါထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    မျက်နှာခဏခဏသစ်နေမိတာလား– သန့်နေရင်ဝက်ခြံမထွက်လောက်ပါဘူး၊ဆိုပြီး မျက်နှာခဏခဏသစ်မနေဖို့ပြောပါရစေ။ မျက်နှာကို မနက်ခင်းတစ်ကြိမ်၊ ညမအိပ်ခင်တစ်ကြိမ်သစ်ရင်လုံလောက်ပါပြီ။ ဒါကြောင့် ဝက်ခြံကင်းချင်တယ်ဆိုရင် မျက်နှာခဏခဏ မသစ်ပါနဲ့။

    ချွေးတွေမသုတ်ဘဲထားနေမိတာလား– မျက်နှာမှာချွေးတွေရှိနေရင် သုတ်ပေးပါ။ချွေးတွေကိုခြောက်သွားတဲ့အထိမထားပါနဲ့။ချွေးထွက်တဲ့အခါ အဝတ်သန့်သန့်လေး နဲ့ သုတ်ပေးတာမျိုး၊ မျက်နှာသစ်လိုက်တာမျိုးလုပ်ပေးပါ။

    မျက်နှာကို ကုတ်ဖဲ့နေမိတာလား – တစ်ခုစဉ်းစားရင်းဖြစ်ဖြစ်၊ ပျင်းလို့ပဲဖြစ်ဖြစ် လက်တွေနဲ့ မျက်နှာကို ကုတ်ဖဲ့မိနေပြီလား။ ဒါက ဝက်ခြံတွေဖြစ်စေနိုင်သလို ရှိရင်းစွဲဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။

    ခေါင်းပုံမှန်မလျှော်ဖြစ်ဘူးလား -ခေါင်းကိုပုံမှန်မလျှော်တာကြောင့် ဆံသားက အဆီပြန်ပြီး မျက်နှာကို ထိမိတဲ့အခါ ဝက်ခြံတွေဖြစ်လာရတာပါ။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက်ခေါင်းကိုသေချာလေးလျှော်ပေးပါ။

    ကဲ ဒီအပြုအမူတွေလုပ်မိနေတယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ပြီးတာနဲ့ သတိထားပြုပြင်ဖို့မျှော်လင့်ပါတယ်။နေ့ရက်တိုင်းမှာ ဝက်ခြံကင်းပြီး ကြည်လင်လှပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း…….

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement