backup og meta

လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 02/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား

    ရနံ့ခပ်သင်းသင်းနဲ့ ဘူးလှလှလေးတွေနဲ့ အလွယ်တကူသယ်ဆောင်လို့ရတဲ့ လက်သန့်ဆေးရည် (Hand Sanitizer) တွေဟာ ဒီကနေ့ခေတ်မှာ လူသုံးများကြပါတယ်။ အလျင်အမြန် ခြောက်သွေ့လွယ်တယ်၊ လက်ကို သန့်စင်စေတယ်၊ ရောဂါပိုးတွေကို သေစေနိုင်တယ်စတဲ့ အကျိုးကျေးဇူးတွေကြောင့်လည်း လူကြိုက်များကြတာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား ရမယ့် အချက်လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လက်သန့်ဆေးရည် ဆိုတာ ဘာလဲ

    လက်သန့်ဆေးရည် (Hand Sanitizer) တွေကို ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ အသုံးပြုဖို့ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံလိုနေရာမျိုးတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ဒါမှမဟုတ် လူနာတွေနဲ့ လူနာစောင့်တွေအနေနဲ့ လက်မှာကပ်ညိလာနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ကင်းစင်အောင် ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ပါ။ ဆရာဝန်တွေနဲ့ သူနာပြုဝန်ထမ်းတွေဟာ နေ့စဉ်လူနာတွေကို ကိုင်တွယ်ထိတွေ့နေရတာမို့ အသုံးတည့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ လက်ကို ဆပ်ပြာ၊ ရေသန့်တွေနဲ့ ဆေးကြောသန့်စင်ဖို့ အချိန်နည်းပါးတာမို့ ဒီနည်းလမ်းဟာ ထိရောက်ပြီး မြန်ဆန်တဲ့နည်းလမ်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

    လက်သန့်ဆေးရည်တွေက ဘယ်လို သန့်စင်ပေးသလဲ

    ဆပ်ပြာနဲ့ ရေသန့်ကို အသုံးပြုပြီး လက်ကို သန့်စင်တာကအရေပြားမှာ ကပ်ညိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်သလို ထိရောက်စွာလည်း ဖယ်ရှားပေးနိုင်ပါတယ်။ လက်သန့်ဆေးရည်တွေကတော့ အရေပြားမှာ ကပ်ညိနေပြီး ပိုးမွှားတွေကို သတ်ဖြတ်တာဖြစ်ပါတယ်။ အယ်လ်ကိုဟော ၆၀% ပါဝင်တဲ့ လက်သန့်ဆေးရည်တွေဟာ သုံးစွဲဖို့အသင့်တော်ဆုံးဖြစ်ပြီး ရောဂါပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာကတော့ အရေပြားပေါ်မှာ အယ်လ်ကိုဟော ပမာဏ အများအပြား ကျန်ရှိနေနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အကြိမ်များများသုံးလေလေ အရေပြားရဲ့ အပေါ်ယံ သဘာဝအလွှာတွေကို ထိခိုက်လေလေဖြစ်နိုင်ပါတယ်။

    လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား

    အမေရိကန်အခြေစိုက် ရောဂါထိမ်းချုပ်ရေးဗဟိုဌာန (CDC) ရဲ့အဆိုအရ လက်ကို ဆပ်ပြာ၊ ရေသန့်တို့နဲ့ ဆေးကျောတာဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒါတွေမရနိုင်တဲ့ အခြေအနေမျိုးတွေမှာ လက်သန့်ဆေးရည်တွေကို သုံးနိုင်ပါတယ်တဲ့။ အနည်းဆုံး အယ်လ်ကိုဟော ပမာဏ ၆၀% – ၉၅% ကြားပါဝင်တဲ့ လက်သန့်ဆေးရည်တွေကို အသုံးပြုဖို့ CDC က သတိပေးထားပါတယ်။ လက်သန့်ဆေးရည်တွေဟာ အကျိုးရှိသလို သုံးစွဲရာမှာ သတိထားသင့်တဲ့အချက်တွေလည်း ရှိနေပါတယ်။

    အဲဒါတွေကတော့ …

    • ရောဂါပိုးတွေကို သေစေနိုင်တယ် – အယ်လ်ကိုဟောကို အခြေပြုဖန်တီးထားတဲ့ လက်သန့်စင်ဆေးရည်တွေဟာ သေးငယ်လှတဲ့ မိုက်ခရိုဘက်တီးရီးယားလေးတွေကအစ အမျိုးမျိုးသော ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသန့်က လက်သန့်ဆေးရည်ထက်ပိုပြီး ကောင်းမွန်ရတဲ့အကြောင်းအရင်းကတော့ လူကို အကျိုးပြုနိုင်တဲ့ ပိုးမွှားတွေကို မထိခိုက်စေလို့ဖြစ်ပါတယ်။ လက်သန့်ဆေးရည်ကတော့ ပိုးမွှားအားလုံးကို ဖယ်ရှားပစ်နိုင်ပါတယ်။
    • အဆီတွေကို မဖယ်ရှားနိုင်ဘူး – လက်သန့်ဆေးရည်တွေဟာ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပေမယ့် အဆီတွေနဲ့ ညစ်ပေနေတာတွေကိုတော့ မဖယ်ရှားပေးနိုင်ပါဘူး။ ဥပမာ မုန့်တို့ မြေကြီးတို့ ပေကျံနေတာတွေကို မဖယ်ရှားနိုင်ပါဘူး။
    • ဓာတုဗေဒပစ္စည်းတွေကိုလည်း မဖယ်ရှားနိုင်ဘူး – လက်သန့်ဆေးရည်တွေဟာ အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းအမျိုးအစား တော်တော်များများကိုလည်း မဖယ်ရှားပေးနိုင်ပါဘူး။ အထူးသဖြင့် ပိုးသတ်ဆေးတို့ ကြွက်သတ်ဆေးတို့လို လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆေးဝါးတွေကို လက်သန့်ဆေးရည်နဲ့ သန့်စင်လို့မရနိုင်ပါဘူး။
    • ကလေးတွေကို ပေးမသုံးပါနဲ့ – CDC ရဲ့ သတိပေးချက်တွေအရ လက်သန့်ဆေးရည်တွေကို ကလေးတွေနဲ့ ဝေးရာမှာ ထားတာဟာ အကောင်းဆုံးလို့ဆိုပါတယ်။ ကလေးငယ်တွေရဲ့ အရေပြားဟာ အလွန်နူးညံ့တာမို့ လက်သန့်ဆေးရည်တွေကြောင့် ထိခိုက်နိုင်ချေပိုမြင့်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင်လည်း ကလေးတွေဟာ ပိုထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။
    • ပါးစပ်ထဲ မထည့်မိပါစေနဲ့ – အယ်လ်ကိုဟောကို အခြေပြုထုတ်လုပ်ထားတဲ့ လက်သန့်ဆေးရည်တွေဟာ မျိုမချမိအောင် သတိထားဖို့လည်း လိုအပ်ပါတယ်။ ဒီဆေးရည်တွေကို ပါးစပ်အပြည့်နဲ့ တိုက်ရိုက် မျိုချမိရင် အယ်လ်ကိုဟောအဆိပ်သင့်နိုင်တာကြောင့်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    လက်သန့်ဆေးရည်တွေဟာ သင့်ရဲ့လက်ကို ထိခိုက်နာကျင်စေမှာမဟုတ်ပါဘူး။ ရောဂါပိုးမွှားတွေကိုလည်း ထိထိရောက်ရောက် သေစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ အဲဒါတွေကတော့ …

    • အရေပြား ခြောက်သွေ့တာ – အယ်လ်ကိုဟော ပမာဏအများအပြားပါဝင်တဲ့ လက်သန့်ဆေးရည်တွေမှာ Isopropyl ၊ Ethanol နဲ့ N-propanol တို့လည်းပါဝင်ပါတယ်။ ဒီအရာတွေဟာ အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပြီးတော့ လက်မှာရှိနေတဲ့ သဘာဝအဆီလွှာတွေကို ဖယ်ရှားပစ်တာမျိုး၊ ဆဲလ်စ်တွေကို ရေဓာတ်ခန်းခြောက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သူတွေကို အရေပြားရောင်ယမ်းတာမျိုးဖြစ်စေနိုင်ပါတယ်။
    • အိုမင်းရင့်ရော်မှုကို ပိုမိုမြန်ဆန်စေတာ – လက်သန့်စင်ဆေးရည်တွေကြောင့် အရေပြားကို ပိုမို အိုမင်းရင့်ရော်စေနိုင်ပါတယ်။ အရေးကြောင်းထတာမျိုး အသားမာတက်တာမျိုး၊ အရေပြားအက်ကွဲတာမျိုး၊ အရေပြားကွာကျတာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။
    • အရေပြားကို ပျက်ဆီးစေတာ – သိပ္ပံနည်းကျ လေ့လာချက်တွေအရ လက်သန့်ဆေးရည်တွေမှာပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်ဟာ အရေပြားပေါ်က ဆဲလ်စ်လေးတွေကို ထိခိုက်ပျက်ယွင်းစေနိုင်ပါတယ်။
    • ပဋိဇီဝဆေး မတိုးတာ – အမေရိကန်အခြေစိုက် ရောဂါထိမ်းချုပ်ရေးဗဟိုဌာနရဲ့ သတိပေးချက်တွေအရ လက်သန့်ဆေးရည်တွေဟာ အရေပြားကို ပဋိဇီဝဆေး မတိုးတဲ့ ဘေးထွက်ဆိုးကျိုးမျိုး ကြုံရနိုင်ချေရှိတယ်လို့ ဆိုထားပါတယ်။
    • ကိုယ်ခံအားစနစ်ကို အားနည်းစေတာ – ယျေဘုယျအားဖြင့် လက်သန့်ဆေးရည်တွေကို အသုံးပြုရင် ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တာမို့ ဖျားနာနိုင်ချေနည်းပါးသွားလိမ့်မယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။ ဒီအချက်ဟာ မှန်ပေမယ့် တစ်ဖက်မှာလည်း လက်သန့်ဆေးရည်က အရေပြားကို အလွန်အကျွံသန့်စင်ပစ်လိုက်တာမို့ ကိုယ်ခံအားစနစ်ကိုပါ အားနည်းသွားစေလေ့ရှိတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 02/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement