backup og meta

ဓာတ်မတည့်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာကို သက်သာစေဖို့


Ye Myo Myat မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓာတ်မတည့်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာကို သက်သာစေဖို့

    အသက်အရွယ်မရွေး ခေါင်းကိုက်ဝေဒနာကို အနည်းဆုံးတစ်ကြိမ်တော့ ခံစားဖူးမှာပါ။ ပုံမှန်ရိုးရိုးဖျားနာတာ၊ စိတ်ဖိစီးမှုများတာကနေ စလို့ ဓာတ်မတည့်တာကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ များသောအားဖြင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်းဟာ ပုံမှန်ခေါင်းကိုက်တာထက်တော့ ပိုပြင်းထန်နိုင်သလို တခြားသောလက္ခဏာတွေပါ တွဲလျက်ကပ်ပါလာတတ်ပါတယ်။

    ရာသီအကူးအပြောင်း၊ ဖုန်မှုန့်၊ ပန်းဝတ်မှုန်တွေဟာ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်း၊ အစားအစာ၊ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုး၊ သောက်ဆေး အစရှိသဖြင့် ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခုကို ကိုယ်ခံအားစနစ်က လက်မခံဘဲ တိုက်ထုတ်တဲ့အခါ ခေါင်းကိုက်ဝေဒနာက အမြဲတမ်းလိုလို ပါဝင်နေတတ်ပါတယ်။ တခြားသော ဓာတ်မတည့်လက္ခဏာတွေကတော့

    • မူးဝေအော့အန်ခြင်း

    အင်ပျဉ်ထခြင်း

    • ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း

    • ဝမ်းလျှောခြင်း

    • အရေပြားဖောရောင်လာခြင်း

    အသက်ရှူရခက်ခြင်း

    • နှလုံးခုန်မြန်လာခြင်း

    • သတိလစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

    ဓာတ်မတည့်ခြင်းကြောင့် ခေါင်းကိုက်တာကို ဘယ်လိုကုသနိုင်မလဲ။

    ကာကွယ်ခြင်းသည် အကောင်းဆုံးကုသနည်းတစ်မျိုးပါပဲ။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေ၊ ပစ္စည်းတွေရှိရင် လုံးဝမထိတွေ့မိစေဖို့၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အူလမ်းကြောင်းထဲသို့ မဝင်အောင် ဝေးဝေးက ရှောင်ပါ။ အိမ်ကို အမြဲသန့်ရှင်းသပ်ရပ်နေအောင်၊ ဖုန်မတက်အောင် ထားပါ။ လေသန့်စင်စက် တပ်ထားပေးပါ။

    အကယ်လို့ ဓာတ်မတည့်ဖြစ်လာပြီဆိုရင်လည်း အရမ်းမပြင်းထန်တဲ့ အခြေအနေမှာ ဆေးဆိုင်ကနေ ဓာတ်မတည့်ပျောက်ဆေး အလွယ်တကူ ဝယ်သောက်လို့ရပါတယ်။ ဆေးအညွှန်းမှာ

    • Diphenhydramine (Benadryl)

    • Chlorpheniramine (Chlor-Trimeton)

    • Cetirizine (Zyrtec)

    • Loratadine (Claritin)

    • Fexofenadine (Allegra) ပါတာမျိုးကို ရွေးဝယ်ပါ။ ဆေးသောက်ပြီးတာနဲ့ ကောင်းကောင်းအနားယူပါ။ ရေများများသောက်ပေးပါ။ အစာအာဟာရကို ဂရုစိုက်ပါ။ ပြီးရင် အိပ်ချိန်ကို ပိုပေးပါ။

    ကိုယ့်ရဲ့ ဓာတ်မတည့်လက္ခဏာက အရမ်းပြင်းထန်တယ်ဆိုရင်တော့ ဆေးအလွယ်တကူဝယ်သောက်မယ့်အစား ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူတာ ပိုအဆင်ပြေပါလိမ့်မယ်။

    နောက်ထပ် ကုသနည်းတစ်မျိုးကတော့ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဆေးခန်းမှာ ဓာတ်မတည့် ကာကွယ်ဆေးထိုးတာပါပဲ။ ဒီထိုးဆေးဟာ ဓာတ်မတည့်မဖြစ်စေဖို့ အဓိကကာကွယ်ပေးသလို ဖြစ်လာခဲ့ရင်လည်း ခေါင်းကိုက်တာအပြင် တခြားခံစားရတဲ့ဝေဒနာတွေ မပြင်းထန်အောင် ကူညီပေးနိုင်ပါတယ်။ ထိုးဆေးကိုတော့ ဆရာဝန်သတ်မှတ်ထားတဲ့ ရက်ချိန်းအတိုင်း တစ်နှစ်အထိကို မှန်မှန်ထိုးပေးမှ ဆေးအာနိသင်ကို အပြည့်အဝရရှိမှာပါ။

    ဒါကြောင့် ဓာတ်မတည့်တာပဲလေဆိုပြီး အမြဲတမ်းပေါ့ပေါ့လေးနေလို့ မရတော့ဘူးနော်။ ဓာတ်မတည့်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့အတွက် ကိုယ့်မှာဘယ်လိုအရာတွေနဲ့ ဓာတ်မတည့်လဲဆိုတာ သေချာသိရဖို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ သောက်နေတဲ့ ဆေးဝါးတွေ၊ နောက်ကြောင်းရာဇဝင်၊ မိဘမျိုးရိုးမှာ ရှိခဲ့ဖူးတဲ့ ကျန်းမာရေးပြဿနာတွေ မေးမြန်းပြီး လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်မှာပါ။ ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းကို သိပြီဆိုတာနဲ့ ဘာတွေရှောင်သင့်လဲ၊ ဘယ်လိုကာကွယ်ရမလဲ၊ သင့်လျော်တဲ့ဆေးဝါးနဲ့ နေထိုင်မှုပုံစံတွေကို ပြောထားတဲ့အတိုင်း လိုက်နာနိုင်ရင်တော့ ဓာတ်မတည့်ဖြစ်နိုင်ခြေဟာ တော်တော်လေးကို လျော့နည်းသွားမှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement