အပူငုတ်ခြင်း
ဖြစ်နိုင်သောအခြေအနေများ
- နေပူထဲပြင်းထန်စွာ အလုပ်လုပ်ခြင်း။
- ရေလုံလောက်စွာ မသောက်ဘဲ အလုပ်များများလုပ်ခြင်း။
- ပူပြင်းသောပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ခြင်း။
လက္ခဏာ
- အလွန်အမင်းချွေးထွက်ခြင်း
- အသားအရေဖြူဖပ်ဖြူရော်ဖြစ်ခြင်း
- ရေငတ်ခြင်း၊ မောပန်းလွယ်ခြင်း
- အသားအရေ စိုစွတ်အေးစက်ခြင်း
- ပျို့အန်ခြင်း
- ခေါင်းကိုက်ခြင်း၊ တခါတရံဝမ်းလျှောခြင်း
- သွေးခုန်နှုန်းမြန်၍ အားနည်းခြင်း
- သာမန်အပူချိန်ရှိခြင်း (သို့) သာမန်အပူချိန်ထက် အနည်းငယ်မျှသာတတ်နိုင်ခြင်း
- ခန္ဓာကိုယ်မှ ရေနှင့်ဆားဓာတ်များ ဆုံးရှုံးခြင်း။
ပြုစုခြင်း
- ရေပတ်တိုက်ခြင်းဖြင့် အပူချိန်ကိုချပါ။
- ရေအေးများများတိုက်ပါ။ (ဓာတ်ဆားဖျော်ရည်၊ အားဖြည့်အချိုရည်တိုက်ပါ။)
- လူနာကို လေကောင်းလေသန့်ရသော အရိပ်ထဲတွင်ထားပါ။
- လိုအပ်ပါက လူနာကို ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။
အပူရှပ်ခြင်း
လက္ခဏာ
- အသားအရေနီမြန်းပြီး အလွန်အမင်းပူကာ ခြောက်သွေ့ခြင်း။
- ချွေးမထွက်ခြင်း။
- အဖျားကြီးခြင်း။ (ကိုယ်အပူချိန်အမြင့်ဆုံး ရောက်နိုင်သည်)
- တခါတရံ သတိလစ်ခြင်း။
ပြုစုခြင်း
- လေကောင်းလေသန့်ရသော အခန်းတွင်း (သို့မဟုတ်) အရိပ်ရသောနေရာတွင် သက်တောင့် သက်သာ လဲလျောင်းထားပြီး ခြေထောက်ပိုင်းမြှင့်ပါ။
- ရေအေး၊ ဓာတ်ဆားရည်တိုက်ပါ၊ ဆားခဲမပေးရပါ။
- ထူထဲသောအဝတ်များကို ဖယ်ရှားပေးပါ။
- ရေအေးပတ်တိုက်ပြုစုပြီး၊ ပန်ကာလေ (သို့) ယပ်ခပ်ပေးပါ။
- မိနစ် ၃၀ အတွင်း လူနာအခြေအနေ တိုးတက်မှုမရှိပါက ရေဆွတ်ထားသော မျက်နှာသုတ်ပုဝါနှင့် ဖုံးအုပ်၍ ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။
ကာကွယ်ရန်
- နေပူထဲထွက်လျှင် ထီး၊ ဦးထုပ်ဆောင်းပါ။
- ချွေးအလွန်အမင်းထွက်ပါက ဓာတ်ဆားရည်သောက်ပါ။
- နေပူထဲတွင် ပြင်းထန်စွာ အလုပ်လုပ်ခြင်းမှ ရှောင်ပါ။
- အိုက်သောရာသီတွင် အရိပ်ရ၍ လေကောင်းလေသန့်ရသောနေရာတွင် နေပါ။
- ရေအေးနှင့် ရေချိုးပါ။ ပါးလွှာချောင်ချိသော အဝတ်အစားဝတ်ဆင်ပါ။
- နေပူထဲတွင် ပြင်းထန်စွာ အားကစားမလုပ်ရ။
- ပူအိုက်သောရာသီတွင် အရက်၊ ဘီယာ၊ ဝိုင်မသောက်ရ။
- ဆားခဲများမပေးရ။
အဖျားတက်ခြင်း
ဖြစ်စေတတ်သောအကြောင်းအရင်းများ–
- ငှက်ဖျား၊ တိုက်ဖွိုက်နှင့် အခြားအပူကြီးရောဂါများကြောင့်ဖြစ်နိုင်သည်။
ပြုစုနည်း
- လေကောင်းလေသန့်ရအောင် အခန်းတံခါးများ ဖွင့်ထားပါ။
- ထူထဲသောစောင်များ ခြုံထားခြင်း၊ ထူထဲသောအဝတ်များဝတ်ခြင်းမှရှောင်ပါ။
- အဖျားအပူရှိန်တက်ခြင်းကြောင့် ဖြစ်စေသောအကြောင်းရင်းကို စီစစ်ပါ။
- ရေ (သို့) ရေခဲရေကို နဖူးပေါ်ကပ်ပေးပါ။ အပူပြင်းပါက တကိုယ်လုံးကို တိုက်ပေးပါ။
- အပူကြီးသောသူသည် ရေငတ်၍ အာခြောက်သဖြင့် ရေများများတိုက်ပါ။ နို့စို့ကလေး ဖြစ်ပါက မိခင်နို့ များများတိုက်ပါ။
- ဆေးရုံပို့ပါ။
ရုတ်တရက် ကိုယ်အရေပြားယားယံခြင်းနှင့် အဖုအပိမ့်ပေါက်ခြင်း
ဖြစ်စေသောအကြောင်းအရင်းများ –
- ထိုးဆေး၊ လူးဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ဆံပင်ဆိုးဆေး စသည်များ မတည့်သည့်အခါတွင် ဖြစ်တတ်ခြင်း။
- မိမိနှင့်မတည့်သော ပန်းဝတ်မှုန်၊ ဖုန်၊ ဓာတုဗေဒအငွေ့စသည်တို့ ရှူရှိုက်မိခြင်းတို့ကြောင့် ရုတ်တရက် ယားယံခြင်း၊ အဖုအပိမ့်များပေါက်ခြင်း၊
လက္ခဏာများ
- မျက်လုံးများနီရဲ၍ မျက်ရည်ယိုထွက်ခြင်း၊
- နှာရည်ယိုခြင်း၊
- အချိန်မီဆေးစောင့်ရှောက်မှု မပေးနိုင်ပါက အသက်ရှူကျပ်ခြင်း၊
- ချောင်းဆိုးခြင်း၊ အော့အန်ခြင်း၊
- မူးမေ့ခြင်း အထိအခြေအနေဆိုးဝါးလာနိုင်ပါသည်။
ပြုစုခြင်း
- ယားယံခြင်းသက်သာစေသည့် ဆေးများ၊ ထိုးဆေး၊ လူးဆေး၊ လိမ်းဆေး၊ သောက်ဆေး စသည်တို့ကို တိကျစွာ စုံစမ်းပြီးပြုစုပါ။
- လူနာကို အားပေးပါ။
- ဆရာဝန်ထံရောက်သည့်အခါတွင် ရောဂါလက္ခဏာကို ပီပြင်စွာလေ့လာနိုင်စေရန် မလိုအပ်သော လိမ်းဆေးများ လိမ်းကျံခြင်း မပြုလုပ်ရ။
- ဆေးရုံသို့ အမြန်ပို့ပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
[embed-health-tool-bmi]