backup og meta

အနာကျက်မြန်ချင်ရင် ဒါတွေရှောင်ပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာကျက်မြန်ချင်ရင် ဒါတွေရှောင်ပါ

    အနာကျက်ခြင်းဖြစ်စဉ်ဟာ အရေပြားတစ်ရှူးကို သဘာဝအလျောက်တုံ့ပြန်မှုဖြစ်ပါတယ်။ အနာကျက်တယ်ဆိုတာ ထိခိုက်ထားတဲ့ အရေပြားမှာပြန်လည်ညှိပေးခြင်း၊ပြန်လည်တည်ဆောက်ခြင်း၊ပြန်လည်စုစည်းခြင်းတွေဖြစ်စေဖို့ ဆဲလ်တွေရဲ့ရှုပ်ထွေးတဲ့လှုပ်ရှားမှုပါပဲ။

    ထိခိုက်ဒဏ်ရာ အနာဖြစ်ကာစမှာသွေးတိတ်မယ်၊နောက်တော့ ရောင်ရမ်းမှုရှိလာမယ်၊ အသားတက်မယ်၊ အနာကျက်မယ်။ ဒီလိုအနာကျက်ကပုံအဆင့်ဆင့်က ပုံမှန်ပဲဆိုပေမယ့် အနာကျက်မြန်ဖို့၊ အနာပိုးမဝင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အနာတစ်ခုခုဖြစ်လာပြီဆိုရင် အနာကျက်မြန်စေဖို့ ဒီအမူအကျင့်တွေကိုရှောင်ပါ။

    အာဟာရပြည့်ဝအောင်မစားခြင်း

    အာဟာရပြည့်အောင်မစားခြင်းက အနာကျက်နိုင်စွမ်းနဲ့ ခန္ဓါကိုယ်ရဲ့ပြန်လည်ပြုပြင်နိုင်စွမ်းအပေါ် သက်ရောက်မှုကြီးမားပါတယ်။ ကိုယ်စားလိုက်သမျှအစားအစာတွေက ခန္ဓါကိုယ်တည်ဆောက်မှုမှာ အဓိကပံ့ပိုးနေတယ်ဆိုတာ လူတွေက မေ့နေတတ်ကြပါတယ်။ ခန္ဓါကိုယ်ဟာ စားလိုက်တဲ့အစာကိုလက်ခံပြီး ပြန်စွန့်ထုတ်ပေးတဲ့ စက်ပစ္စည်းတစ်ခုမဟုတ်ပါဘူး။ သူ့အလိုလို ပြန်လည်ပြုပြင်ပြီး အသစ်ပြန်လည်ဖြစ်ပေါ်ကြတဲ့ ဆဲလ်တွေ၊ဘက်တီးရီးယားတွေ၊ အရည်ဓါတ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် စားသုံးလိုက်သမျှဟာ မျက်လုံးအသည်းကိုယ်ခံအားနဲ့အရေပြားဦးနှောက်စတဲ့ အရာအားလုံးအတွက် အခြေခံအားဖြည့်ပေးနေတာဖြစ်ပါတယ်

    စိတ်ဖိစီးခြင်းနဲ့ အိပ်ရေးပျက်ခံခြင်း

    စိတ်ဖိစီးမှု ကြောင့်ဖြစ်လာတဲ့ဟော်မုန်းတွေဟာ ခန္ဓါကိုယ်ကို ပိုပင်ပန်းစေပြီး ခံနိုင်ရည်ကျဆင်းစေပါတယ်။ အဲဒီအချိန်မှာ အနာကျက်ဖို့ ခန္ဓါကိုယ်က အပြည့်အဝလုပ်ဆောင်နိုင်စွမ်းမရှိတော့ပါဘူး။ အနာကျက်ခြင်းဖြစ်စဉ်အတွက်က ဖိစီးမှုမရှိဘဲ ခန္ဓါကိုယ်က အနားရနေမှ ပိုမြန်ဆန်တာဖြစ်ပါတယ်။ စိတ်ဖိစီးမှုက ကိုယ်ခံအားရဲ့လုပ်ဆောင်ချက်ကိုတင်မကဘဲသွေးလည်ပတ်မှု၊သွေးတွင်းသကြားဓါတ်တို့ကိုပါ ထိခိုက်စေတာဖြစ်ပါတယ်။ အိပ်စက်ချိန်ဟာလည်း ဆဲလ်တွေကပြုပြင်နိုင်၊ အသစ်မွေးဖွားနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ချိန်နည်းလေ အနာကျက်ဖို့အချိန်နည်းလေဖြစ်ပါတယ်။

    ကိုယ်ခံအားကောင်းအောင် ဂရုမစိုက်ခြင်း

    ကိုယ်ခံအားကိုထိခိုက်စေတဲ့ဘယ်အချက်ကမဆို အနာကျက်ဖို့နှေးကွေးစေတဲ့အပြင် ရောဂါပိုးတွေဝင်စေနိုင်ပါတယ်။ အာဟာရပြည့်အောင်မစားတာ၊ဆေးလိပ်သောက်တာ၊ အိပ်ရေးကပျက်တာ စတဲ့အချက်တွေပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်သာကောင်းမွန်ခဲ့ရင် အနာကျက်မြန်စေပြီး ပိုးမဝင်အောင် ခုခံကာကွယ်နိုင်မှာဖြစ်ပါတယ်။

    ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်ခြင်းက ကိုယ်ခံအားစနစ်ကို အနှောင့်အယှက်ပေးပြီး အနာကျက်ခြင်းကိုနှေးကွေးစေပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက်မှာအနာကျက်နှေးပြီး အနာရင်းတာ၊အနာပိုးဝင်တာ စတဲ့တခြားနောက်ဆက်တွဲပြဿနာတွေပိုခံစားရနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တစ်ခုကဖော်ပြခဲ့ပါတယ်။ဆေးလိပ်သောက်သူတွေမှာ အနာရွတ်ကျန်ရစ်ခြင်းလည်း အဖြစ်များပါတယ်။

    အရက်သောက်ခြင်း

    တစ်နေ့ကို ဝိုင်တစ်ခွက်လောက်သောက်တာကသွေးလည်ပတ်မှုကိုကောင်းစေတယ်ဆိုပေမယ့် အရက်ဘီယာအလွန်အကျွံသောက်သုံးမှုက အနာကျက်ခြင်းကိုနှေးစေပါတယ်။ အရက်ကြောင့် ဘက်တီးရီးယားတွေနဲ့အန္တရာယ်ရှိတဲ့အရာတွေကို ခန္ဓါကိုယ်ရဲ့ခုခံနိုင်စွမ်းကျဆင်းသွားစေတာကြောင့် အနာပိုးဝင်နိုင်ခြေပိုများပါတယ်။ ဒါ့ကြောင့် ခွဲစိတ်ကုသမှု သို့မဟုတ် မတော်တဆမှုတွေလိုမျိုး ဒဏ်ရာကြီးမားတဲ့သူတွေအနေနဲ့ အနာကျက်စေဖို့ အရက်မသောက်သင့်ဘူးလို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement