backup og meta

ချွေးထုတ်ခန်းထဲ ဝင်လို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချွေးထုတ်ခန်းထဲ ဝင်လို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ

    ချွေးထုတ်ခန်း ဆိုတာ ယနေ့ခေတ် လူငယ်တွေနဲ့ သိပ်စိမ်းမယ်တော့ မထင်ပါဘူး။ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့နဲ့ စိတ်အပန်းဖြေစေဖို့ ပတ်ဝန်းကျင်တစ်ခု အဖြစ် ချွေးထုတ်ခန်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သုတေသီတွေရဲ့ လေ့လာချက်အရ ချွေးထုတ်ခန်းကို ပုံမှန်ဝင်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

    ချွေးထုတ်ခန်းကို ဘယ်လိုအချိန်မှာ ဝင်ကြလဲ။

    များသောအားဖြင့် အားကစားကို ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန် တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့ ချွေးထုတ်ခန်းထဲ ဝင်တတ်ကြတာ ရှိသလို လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များနေတဲ့အခါမှာလည်း ချွေးထုတ်ခန်းကို ဝင်တတ်ကြပါတယ်။ ခန္ဓါကိုယ်ထဲမှာ အောင်းနေတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် ထွက်လာစေတာကြောင့် ကိုယ်အလေးချိန်ထိန်းသူတွေ၊ အလှအပလိုက်စားသူတွေလည်း ပုံမှန် ချွေးထုတ်ခန်း သွားတတ်ကြပါတယ်။

    ချွေးထုတ်ခန်းထဲမှာ ဘယ်နှမိနစ်လောက် နေသင့်လဲ။

    ချွေးထုတ်ခန်း အမျိုးအစားနဲ့ ကိုယ်ခံနိုင်တဲ့ အပူချိန်အတိုင်းအတာပေါ်မူတည်ပြီး ၁၅မိနစ် ကနေ မိနစ် ၃၀ ထိ နေသင့်ပါတယ်။ အပြင်ထွက်လာတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ ပြေလျော့သွားပြီး အညောင်းအညာတွေ ပြေလျော့သွားမှာပါ။ အပူခန်းထဲမှာ ချွေးပုပ်တွေ ထုတ်ပြီး အပြင်က လေကောင်းလေသန့်လေး ရှူရှိုက်လိုက်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။

    ချွေးထုတ်ခန်းထဲ ဝင်လို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ

    လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမှာ ချွေးထွက်သလိုပဲ ချွေးထုတ်ခန်းထဲ ဝင်လိုက်တဲ့အခါ ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ ချွေးပုပ်တွေကို အပြင်ထွက်သွားစေပြီး လူကိုလန်းဆန်းပေါ့ပါးစေတယ်။ စိတ်ကို ကြည်လင်စေတယ်။ ပိုမိုကောင်းမွန်တဲ့ အာနိသင်ကို ရနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပြီး ခဏအနားယူပြီးတဲ့အခါ ချွေးထုတ်ခန်းဝင်တာ အကောင်းဆုံးပါပဲ။

    ၁။ သွေးလည်ပတ်မှုကို ကောင်းစေတယ်။

    ချွေးထုတ်ခန်း တွင်းက အပူရှိန်ဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးကြောတွေကို ကျယ်သွားစေတယ်။ သွေးလည်ပတ်မှုနှုန်း မြန်လာပြီး ခန္ဓါကိုယ်အနှံ့ သွေးကို လွယ်ကူလျင်မြန်စွာ ရောက်စေဖို့ ကူညီပေးနိုင်တယ်။

    ၂။ ကြွက်သား နာကျင်ကိုက်ခဲတာကို သက်သာစေတယ်။

    အားကစားသမားတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ချွေးထုတ်ခန်း ဝင်လိုက်တဲ့အခါ ကြွက်သားတွေကို ပြေလျော့စေတယ်။ နာကျင်ကိုက်ခဲတာတွေ သက်သာစေတယ်။ အရိုးအဆစ်တွေကို ကောင်းစွာ လှုပ်ရှားနိုင်စေပြီး လူကို ပိုပြီးလန်းဆန်းသွက်လက်စေတယ်။ အဆစ်ရောင်ရောဂါရှိသူတွေအတွက်လည်း နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။

    ၃။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တယ်။

    အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ် ချွေးထုတ်ခန်းသွားတဲ့ အမျိုးသားတွေမှာ နှလုံးရောဂါ၊ နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေလျော့နည်းစေပြီး နှလုံးရုတ်တရက် ရပ်ပြီး သေဆုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါရှိသူတွေအတွက်လည်း ဝေဒနာကို သက်သာစေနိုင်တယ်။

    ချွေးထုတ်ခြင်းဖြင့် လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ နှလုံးခုန်နှုန်းမြန်တာ၊ သွေးလည်ပတ်မှုကောင်းစေလို့ နှလုံးရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ကို တွေ့ရပါတယ်။

    ၄။ ကိုယ်အလေးချိန် ကျစေတယ်။

    ချွေးထုတ်ခန်းတွင်း အပူချိန်ကြောင့် နှလုံးခုန်နှုန်း မြန်လာတယ်။ ဇီဝကမ္မဖြစ်ပျက်ပြောင်းလဲမှုကို ပိုမိုမြန်စေပြီး ကိုယ်တွင်း အင်္ဂါတွေကို လျင်မြန်စွာ အလုပ်လုပ်စေတယ်။ ခန္ဓါကိုယ်တွင်း ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်တစ်ခုရောက်အောင် ထိန်းညှိပေးနိုင်တယ်။

    ၅။ ခန္ဓါကိုယ်တွင်း အဆိပ်အတောက်တွေကို အပြင်ဘက်ကို စွန့်ထုတ်ပေးနိုင်တယ်။

    ဆီးနဲ့ ဝမ်းကို ကိုယ်ခန္ဓါက ပုံမှန်စွန့်ထုတ်သလိုပါပဲ။ ချွေးထုတ်ခန်းက အပူချိန်ကြောင့် ခန္ဓါကိုယ်နဲ့ အရေပြားထဲမှာ ငုပ်နေတဲ့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ချွေးအဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးနိုင်ပါတယ်။

    ၆။ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။

    ချွေးထုတ်ခန်းရဲ့ အဓိက အားသာချက်ကတော့ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကိုကြည်လင်စေနိုင်တာပါ။ ဘာမှမလုပ်ပဲ အခန်းထဲမှာ သက်တောင့်သက်သာနဲ့ ငြိမ်သက်စွာထိုင်နေပေးရုံနဲ့ ချွေးပုပ်တွေကို ထွက်လာစေပြီး လူကိုလန်းဆန်းတက်ကြွလာစေပါတယ်။

    ချွေးထုတ်ခန်းထဲ ဝင်တဲ့အခါ ဘာတွေ သတိထားသင့်လဲ။

    ပြင်းလွန်းတဲ့ အပူချိန်ကြောင့် ချွေးတွေ ထွက်လာတဲ့အခါ ခန္ဓါကိုယ်က ရေဓါတ်ဆုံးရှုံးပါတယ်။ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ဖို့ လိုအပ်ပါတယ်။ အားကစားလုပ်ပြီးတဲ့အခါမှာ ချွေးတိတ်အောင် စောင့်ပြီးမှ ချွေးထုတ်ခန်းထဲ ဝင်ပေးပါ။ ချွေးထုတ်ခန်းထဲ မဝင်ခင်၊ ဝင်ပြီးတဲ့အခါ အရည်များများသောက်ပေးဖို့ မမေ့ပါနဲ့။

    ချွေးထုတ်ခန်းထဲ အကြာကြီးနေမိလို့ ရေဓါတ်ခမ်းခြောက်သွားတဲ့အခါ ပါးစပ်ခြောက်တာ၊ ရေအလွန်ဆာတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ဆီးသိပ်မသွားတော့တာ ဖြစ်နိုင်ပါတယ်။

    ဆီးချိုနဲ့ ကျောက်ကပ်ရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေအနေနဲ့ ချွေးထုတ်ခန်းထဲ အကြာကြီး ဝင်ဖို့ မသင့်တော်ပါဘူး။ ကိုယ်ဝန်ရှိသူတွေအနေနဲ့လည်း ပြင်းထန်လွန်းတဲ့ အပူချိန်ဟာ သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement