brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ရုတ်တရက် အတက်လူနာ နဲ့ကြုံခဲ့ရင်

အိမ်မှာပဲဖြစ်ဖြစ် လမ်းသွားရင်ပဲဖြစ်ဖြစ် ရုတ်တရက် တဆတ်ဆတ်တုန်ပြီး လဲကျသွားတဲ့သူမျိုးကို တွေ့ဖူးပါသလား။ သူ့ကို ဘာလုပ်ပေးလိုက်လဲ။ တကယ်တော့ ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့သူအနေနဲ့ အတက်လူနာ ကို အတက်ကျအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် တက်နေတဲ့အချိန်အတွင်းမှာ သူအန္တရာယ်မဖြစ်အောင်တော့ စောင့်ရှောက်ပေးနိုင်ပါတယ်။ ဒီတော့ ရုတ်တရက် အတက်လူနာ နဲ့ တွေ့ခဲ့ရင် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။

ရုတ်တရက် အတက်လူနာ နဲ့ကြုံခဲ့ရင်

တက်နေမှန်းဘယ်လိုသိမလဲ။

အများစုမြင်ဖူးတဲ့ပုံစံကတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီးတက်တဲ့ generalized tonic clonic seizureပါ။ သူကတက်တော့မယ်ဆိုရင်

  • လူက စကားပြောလည်း ပြန်မပြောပါဘူး။ မျက်နှာရှေ့လက်လှုပ်ပြလည်း ပြန်မတုံ့ပြန်ပါဘူး။ ရုတ်တရက် လဲကျသွားပါမယ်။
  • ပြီးရင် တစ်ကိုယ်လုံးတောင့်သွားပါတယ်။
  • ပြီးတာနဲ့ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်သွားပါတယ်။
  • နောက်ဆုံးကျရင်တော့ အတက်ကျပြီး စကားပြန်ပြောလာပါမယ်။ ခေါင်းကတော့ မကြည်သေးပါဘူး။

တက်နေချိန်မှာ ပတ်ဝန်းကျင်ကို မသိတော့တဲ့အတွက် သူ့အတွက် အမြင့်ကနေပြုတ်ကျတာ၊ တခြားအက်စီးဒင့်တွေဖြစ်နိုင်တဲ့အတွက် အန္တရာယ်များပါတယ်။

နောက်တမျိုးကတော့ focal seizureပါ။ ခြေ ဒါမှမဟုတ် လက်မှာပဲဖြစ်ပြီး သိပ်လည်းမဆိုးသလို တစ်မိနစ်၊နှစ်မိနစ်လောက်ပဲ ကြာပါတယ်။

တက်နေတဲ့သူကို ဘာလုပ်ပေးနိုင်မလဲ။

တစ်ယောက်ယောက်တက်​နေပြီဆိုရင်

  • အန္တရာယ်မရှိလောက်တဲ့ နေရာကို ရွှေ့ပေးပါ။ ကားလမ်းမမှာ ရုတ်တရက်တက်နေခဲ့ရင် ဘေးပလက်ဖောင်းပေါ်ကို ရွှေ့ပါ။
  • သူနဲ့ တိုက်မိနိုင်တဲ့ ပစ္စည်းတစ်ခုခု၊ ခိုက်မိနိုင်တဲ့ ပစ္စည်းတစ်ခုခု (ဥပမာ- ဖန်ကွဲစ)ရှိရင် ဖယ်ပစ်ပါ။
  • ခေါင်းအောက်ကို အဝတ်ပါးနဲ့ ခုပေးပါ။
  • အဝတ်အစားတွေ ကြပ်ထုပ်နေရင် ဖြေလျော့ပေးပါ။
  • သူတို့တက်တာကို အတင်းလိုက်မချုပ်ပါနဲ့။
  • ပါးစပ်ထဲကို ဘာမှမထည့်ပါနဲ့။ အပြင်မှာပြောကြသလိုမျိုး တက်တဲ့အချိန်မှာ လျှာကိုက်မိနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ပါးစပ်ထဲ တစ်ခုခုထည့်လိုက်မှသာ သွားတွေပဲ့ကုန်တာ၊ သင့်လက်ကို ကိုက်မိတာတွေ ဖြစ်မှာပါ။
  • ခြေမမချိုးပါနဲ့။ ဒါက အတက်ကို မကျစေပါဘူး။
  • အတက်ကျလာရင် ကိုယ်ကို ဘေးစောင်းထားပါ။ ဒါမှ လေပြွန်ပွင့်ပြီး အသက်ရှူရလွယ်မှာပါ။
  • စတက်တဲ့အချိန်ကို မှတ်ထားပါ။ ဒါမှဘယ်လောက်ကြာလဲသိမှာပါ။ အများစုက စက္ကန့်၃၀ကနေ ၂မိနစ်အထိ တက်တတ်ပါတယ်။
  • တက်တဲ့ပုံစံကို videoရိုက်ထားပါ။ တက်တဲ့ပုံစံကိုကြည့်ပြီး ဘာအတက်ရောဂါလဲဆိုတာ ခွဲဖို့ပါ။ ဒါက ဆရာဝန်ကို ပြန်ပြတဲ့အခါ အများကြီးအသုံးဝင်ပါတယ်။
  • အတက်ကျပြီးပြီးချင်း လူနာကို တစ်ယောက်တည်းမထားခဲ့ပါနဲ့။ သူတို့ပုံမှန်ဖြစ်ပြီး စကားပြန်ပြောနိုင်တဲ့အထိ စောင့်ပေးပါ။ သူတို့တက်တဲ့အချိန် ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြပါ။ ကောင်းကောင်းမသက်သာမချင်း အစားစားတာ၊ ရေသောက်တာမျိုး မလုပ်ခိုင်းပါနဲ့။

ဆေးရုံပို့ရမှာလား။

အတက်ရောဂါရှိတာကို သိပြီးသားဆိုရင်တော့ မဖြစ်မနေဆေးရုံပို့စရာမလိုပါဘူး။ ဒါပေမယ့်

  • ပထမဆုံးအကြိမ်တက်တဲ့ကလေးဖြစ်မယ်။
  • တက်တာ ၅မိနစ်ထက်ပိုကြာမယ်။
  • အတက်ကျပြီးမကြာဘူး။ နောက်တစ်ခါထပ်တက်တယ်။
  • အတက်ကျသွားပြီးတာတောင် သတိပြန်မလည်လာဘူး။
  • တခြားရောဂါတစ်ခုခုရှိနေမယ်။ (ဥပမာ နှလုံးရောဂါ) စတဲ့အချက်တွေရှိနေရင်တော့ ဆေးရုံခေါ်သွားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။