backup og meta

ဘယ်သူတွေ Detox မလုပ်သင့်ဘူးလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်သူတွေ Detox မလုပ်သင့်ဘူးလဲ။

    ကိုယ်အလေးချိန်ကျဖို့၊ အသားအရေလှဖို့၊ အဆိပ်အတောက်ကင်းဖို့ဆိုတဲ့ ယူဆချက်တွေနဲ့ Detox လုပ်တာတွေ ခေတ်စားလာပါတယ်။ ဒါပေမယ့် Detoxက လူတိုင်းအတွက် သင့်တော်တာတော့ မဟုတ်ပါဘူး။ မသောက်သင့်တဲ့ လူတွေလည်း ရှိပါတယ်။

    Detox လုပ်တယ်ဆိုတာ

    မြန်မာလိုဆိုရင်တော့ အဆိပ်အတောက်ဖြေတာပါ။ ကြားလိုက်ရတာနဲ့ လုပ်ကိုလုပ်မှဖြစ်မယ်လို့ တွေးမိလောက်တဲ့အထိပါပဲ။ ဒါမှမလုပ်ရင် ကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုနေမှာပဲလို့ တွေးမိကြတာကိုး။ ဒါ့ပြင် Detoxမှာ ပါဝင်တာတွေက ရေနဲ့ အသီးအရွက်တွေပဲဖြစ်တာကြောင့် ရုတ်တရက် ကြည့်လိုက်ရင် ကျန်းမာရေးနဲ့ ညီညွတ်လိုက်တာလို့ ထင်စရာ ရှိပါတယ်။

    ကိုယ်ထဲကို အဆိပ်အတောက်တွေက သောက်တဲ့ရေတွေ၊ စားတဲ့ အစားအစာတွေ၊ စိုက်ပျိုးရေးမှာ သုံးတဲ့ ပိုးသတ်ဆေးတွေ၊ နောက်ဆုံး ရှူတဲ့လေကနေတဆင့် ဝင်လာကြပါတယ်။ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဒီအဆိပ်အတောက်တွေ အားလုံးကို အသည်းနဲ့ ကျောက်ကပ်က ရှင်းထုတ်ပေးပြီး ဆီး၊ ဝမ်း၊ ချွေးအနေနဲ့ ပြန်လည် စွန့်ထုတ်ပေးပါတယ်။

    ဒါကြောင့် ပြောရမယ်ဆိုရင် အဆိပ်အတောက်ဖြေဖို့ မဖြစ်မနေ Detoxလုပ်စရာ လိုနေတာတော့ မဟုတ်ပါဘူး။

    Detox dietမှာ ဘာတွေပါတတ်သလဲ။

    Detox dietsက အမျိုးမျိုးရှိပါတယ်။ တူညီတာတစ်ခုကတော့ Detox လုပ်မယ်ဆိုရင် ပြုပြင်ထားတဲ့ အစားအသောက်တွေ၊ ကဖင်း၊ နို့ထွက်ပစ္စည်း၊ ဂလူတန်၊ အနီရောင်အသား စတာတွေကို ရှောင်ခိုင်းတတ်ပါတယ်။

    တချို့ကတော့ ဘာမှမစားဘဲ နေရတာတွေ ရှိပါတယ်။ တချို့မှာတော့ စွပ်ပြုတ်တွေ၊ အသီးအရွက်ဖျော်ရည်တွေ၊ တခြားသောက်စရာတွေကို သုံးပြီး ကိုယ်ထဲကအဆိပ်အတောက်တွေကို ဖယ်လေ့ရှိပါတယ်။ တချို့မှာကျတော့ ဝမ်းနှုတ်ဆေးတွေသောက်ပြီး အူမကြီးကို သန့်ရှင်းတာတွေ ရှိပါတယ်။ တချို့ကျတော့လည်း လက်ဖက်ရည်တွေ၊ ဖြည့်စွက်စာတွေ သုံးပြီး သန့်စင်လေ့ရှိပါတယ်။

    ဘယ်သူတွေ Detoxမလုပ်သင့်ဘူးလဲ။

    Detoxလုပ်တာက နေ့စဉ်စားတဲ့ အစားအစာတွေကို ရပ်ပြီး အစာအငတ်ခံတာ၊ ဖျော်ရည်ပဲသောက်တာ စသဖြင့် အာဟာရပါဝင်မှုကို ထိန်းချုပ်လိုက်တာကြောင့် လူတိုင်းအတွက် မသင့်တော်ပါဘူး။

    Detoxမလုပ်သင့်တဲ့ သူတွေကတော့

    အပျိုဖော်ဝင်စ၊ လူပျိုဖော်ဝင်စအရွယ်တွေက ကြီးထွားဖို့၊ အရပ်ရှည်ဖို့အတွက် အာဟာရများစွာ လိုအပ်နေချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကယ်လိုရီနဲ့ ပရိုတင်းကို ကန့်သတ်လိုက်တာက သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေတာကြောင့် အစာဖြတ်တာ၊ အစားအစာတစ်မျိုးတည်းကိုပဲ စားတာက မသင့်တော်ပါဘူး။ အထူးသဖြင့် ခဏခဏ Detoxလုပ်တာ၊ ရက်ရှည်လုပ်တာကို ပိုဆင်ခြင်သင့်ပါတယ်။

    • ရောဂါအခံရှိသူတွေ

    နှလုံးရောဂါရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ ကျောက်ကပ်မကောင်းသူတွေကလည်း Detox လုပ်တာကို ဆင်ခြင်သင့်ပါတယ်။

  • ဆေးစွဲသောက်နေရသူတွေ
  • ရောဂါတစ်မျိုးမျိုးကြောင့် ဆေးတွေစွဲသောက်နေရတယ်ဆိုရင်လည်း Detoxလုပ်ဖို့ မသင့်တော်ပါဘူး။ ဆေးဝါးတွေနဲ့ ဓာတ်ပြုတာ ဒါမှမဟုတ် အစာမရှိတာကြောင့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုမိုခံစားရတာ ဖြစ်နိုင်ပါတယ်။

    • သွေးတွင်းပိုတက်ဆီယမ်ဓာတ်များသူတွေ

    အကြောင်းအမျိုးမျိုးကြောင့် သွေးတွင်းပိုတက်ဆီယမ်ဓာတ်များနေသူကလည်း Detoxလုပ်တာကို ရှောင်သင့်ပါတယ်။ အထူးသဖြင့် အသီးအရွက်ဖျော်ရည်တွေမှာ ပိုတက်ဆီယမ်ပမာဏ များစွာ ပါဝင်တာကြောင့် ဖြစ်ပါတယ်။

    • ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်

    ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကြီးထွားဖို့အတွက် အာဟာရအစုံ လိုအပ်တဲ့အတွက် Detoxလုပ်တာကို ရှောင်ကြဉ်သင့်ပါတယ်။ အခန့်မသင့်ရင် ဗိုက်ထဲက သန္ဓေသားမှာပါ အာဟာရချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်တွေက ခုခံအား နည်းနေတာကြောင့် အာဟာရချို့တဲ့ပြီး ရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။

    နို့တိုက်မိခင်ကလည်း ဒီလိုပါပဲ။ အာဟာရပြည့်ဝတဲ့ မိခင်နို့ဖြစ်ဖို့အတွက် Detoxလုပ်တာကို ရှောင်ထားသင့်ပါတယ်။ လုပ်ချင်တယ်ဆို ကလေးနို့ပြတ်မှ ပြန်လုပ်ပါ။ Detox လုပ်ဖို့ ကလေးကို အရွယ်မတိုင်ခင် နို့ဖြတ်တာမျိုးလည်း မလုပ်သင့်ပါဘူး။

    အစားရှောင်လွန်းသူ ဒါမှမဟုတ် တွေ့သမျှ အကုန်စားတဲ့သူ စတဲ့သူတွေက အာဟာရချို့တဲ့နိုင်ခြေ များပါတယ်။ တွေ့သမျှ အကုန်စားတဲ့သူတွေက အာဟာရတန်ဖိုးမရှိတာတွေကို အစားများတဲ့အတွက် အာဟာရချို့တဲ့တာပါ။ ဒီလို လူတွေက Detoxလုပ်မယ်ဆိုရင် အာဟာရတန်ဖိုးကို ထပ်ပြီး ထိန်းချုပ်ထားသလိုဖြစ်တဲ့အတွက် ပိုပြီး အာဟာရချို့တဲ့သွားနိုင်ပါတယ်။

    Detox လုပ်မယ်ဆိုရင်

    Detoxက လူတိုင်းအတွက် သင့်တော်တာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် Detoxလုပ်မယ်လို့ စဉ်းစားထားရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိအတွက် အဆင်ပြေနိုင်မလားဆိုတာကို အရင်စဉ်းစားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement