ဘာအတွက် ကာနီဗိုး Diet ကို စားသုံးကြတာလဲ။
- ပရိုတင်းပမာဏ အများဆုံးရစေဖို့
- ကိုယ်ခန္ဓာ ကြွက်သားထုတက်စေဖို့
- ကယ်လိုရီလောင်ကျွမ်းမှု မြန်စေဖို့
- ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ပြောင်းလဲစေဖို့
- ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓာတ်ကို လုံးဝဖယ်ရှားပစ်ဖို့
- တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို အမြန်ဆုံး ဖြည့်တင်းပေးဖို့
- လန်းဆန်းတက်ကြွနေပြီး အားအင်အပြည့်ရှိစေဖို့
- ကိုယ်အလေးချိန်နဲ့ အဆီပိုတွေ ကျစေဖို့
- စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်ကဲစိတ် အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေဖို့
- ပိုမိုကောင်းမွန်သော စိတ်ခံစားချက်တွေကို ဖြစ်စေဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီ Diet ကို ကျင့်သုံးကြပါတယ်။
ကာနီဗိုး Diet ရဲ့ ကောင်းကျိုးတွေ
၁။ အသားကလွဲပြီး ကျန်တဲ့ အစားအစာတွေကို လုံးဝရှောင်ဖို့လိုတဲ့ ဒီ Diet မှာလည်း သူ့ဟာနဲ့သူတော့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဥပမာ အချိုများတဲ့ အစားအစာတွေ၊ ကိတ်မုန့်၊ သကြားလုံး၊ ဘီစကွတ်၊ ကွတ်ကီး၊ ဆိုဒါအအေးတွေ၊ ဖျော်ရည်တွေကို လုံးဝရှောင်လိုက်ရတဲ့အတွက် နာတာရှည်ရောဂါ (ဥပမာ ဆီးချိုရောဂါ) ဖြစ်နိုင်ခြေ နည်းသွားပါတယ်။
၂။ ပရိုတင်းကို အခြေခံပြီး စားသုံးတဲ့ Diet ဖြစ်တာမို့ မလိုအပ်တဲ့ ကစီဓာတ်တွေကို ဖယ်ထုတ်ပေးတယ်။ ကိုယ်အလေးချိန်ကို ကျစေပြီး ကြွက်သားတက်မြန်ချင်တဲ့ အမျိုးသားတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။
၃။ အသားတွေဟာ ဗိုက်ကို ပြည့်ဝစေတဲ့အတွက် တစ်ခါစားပြီးတာနဲ့ ထပ်စားဖို့ အချိန်အနည်းငယ် ယူရပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအနေနဲ့ အဆင်ပြေပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကြွက်သားထုကို တက်စေတယ်။
ကာနီဗိုး Dietရဲ့ မကောင်းတဲ့ဆိုးကျိုးတွေက ဘာတွေလဲ။
၁။ အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေဟာ အဆီဓာတ်နဲ့ ကိုလက်စထရောပါဝင်မှုများလွန်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်။ ဆိုဒီယမ်ပါဝင်မှုများခြင်းဟာ သွေးတိုးအပြင် ကျောက်ကပ်နဲ့ တခြားကိုယ်တွင်းအင်္ဂါမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၂။ အသားကလွဲပြီး ကျန်တဲ့အစားအစာတွေကို ရှောင်ရတာဖြစ်တဲ့အတွက် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ တခြားဗီတာမင်နဲ့ အာဟာရဓာတ်တွေ နည်းသွားပါတယ်။ ဒီအတွက် ဖြည့်စွက်အားဆေးကို သောက်ပေးလို့ရတယ်ဆိုပေမယ့် ကိုယ်ခန္ဓာက အစားအစာကရတဲ့ အာဟာရကို ပိုပြီးစုပ်ယူရတာ လွယ်ကူတာမို့ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
၃။ အသားတွေမှာ အမျှင်ဓာတ်အလွန်နည်းတဲ့အတွက် အစာအိမ်က ပိုပြီးအလုပ်လုပ်ရပါတယ်။ ဒီအခါ အစာချေဖျက်တာ နှေးလာမယ်။ ဝမ်းချုပ်တာ၊ အစာဟောင်းတွေ အများကြီးကျန်နေတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အသားကို သေချာကျက်အောင် မချက်ထားတဲ့အခါ သူ့ဆီက ဘက်တီးရီးယားပိုးတွေက အစာအိမ်ထဲကို ရောက်သွားပြီး အစာအိမ်ရောင်တာ၊ အူမကြီးကင်ဆာတွေပါ ဖြစ်လာနိုင်ပါတယ်။
၄။ နဂိုကျောက်ကပ်မကောင်းတဲ့ သူတွေ၊ ကျန်းမာရေးအခြေအနေအရ ပရိုတင်းဓာတ်ကို သတ်မှတ်ပြီး စားဖို့ လိုအပ်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေအတွက် ဒီ Diet ဟာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
ကာနီဗိုး Dietအကြောင်း အကျဉ်းချုပ်
ဒီ Diet ဟာ ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာကို သေချာရွေးချယ်စားဖို့ လိုတဲ့အပြင် အသားနဲ့ နို့သကြားဓာတ်နည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုသာ အဓိကစားပေးရမှာဖြစ်ပြီး ကျန်တဲ့ အစားအစာမှန်သမျှ ရှောင်ဖို့ လိုအပ်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့၊ ကြွက်သားတက်ဖို့အတွက် အဓိက ရည်ရွယ်ထားတာဖြစ်ပေမယ့် ရေရှည်အတွက်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။