ခဏခဏ ကြားနေကြမေးခွန်းပါပဲ။ ကင်ဆာရှိနေလို့ အချိုစားလို့မရတော့ဘူး။ ကင်ဆာဆဲလ်တွေ ပိုပွားလာမှာဆိုးလို့ စသဖြင့်ပေါ့။ ဒါဟာ တကယ်လား။ ကင်ဆာရှိရင် အချိုမစားရတော့ဘူးတဲ့လား။ ဆက်ကြည့်ရအောင်။
အချိုဆိုတာ
ဒီနေရာမှာ အချိုလို့ပြောလိုက်ရင် သကြားဓာတ်ကို ရည်ညွှန်းတာပါ။ သကြားဓာတ်က အိမ်သုံးသကြားမှာလည်း ပါသလို အသီးအနှံတွေ၊ ထမင်းတွေမှာလည်း ပါပါတယ်။ အသီးအနှံတွေမှာပါတဲ့ fructoseဆိုတာလည်း သကြားဓာတ်ပါပဲ။ ထမင်းမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ဆိုတာလည်း ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပဲ။ ဒီလို သိကြပြီးတဲ့နောက်မှာ အချိုရှောင်ရမယ်လည်းဆိုရော ဒါတွေကိုပါ ရှောင်တော့တာပါပဲ။
ဒီလို ရှောင်ရမယ်ဆိုတဲ့ ကိစ္စ ဘယ်ကစ
ကင်ဆာဆဲလ်တွေကို ရှာဖွေတဲ့နေရာမှာ PET scan (Positron Emission Tonography) ဆိုတာကို သုံးပါတယ်။ ဒီစက်ရဲ့ အလုပ်လုပ်ပုံက radioactive ပစ္စည်း တစ်မျိူးကို ကိုယ်ထဲကို ထည့်လိုက်မယ်။ ပြီးမှ နောက်ကနေ လိုက်traceကြည့်တာပါ။
ဒီအခါမှာ ဒီradioactiveပစ္စည်းကို ကင်ဆာဆဲလ်တွေက ယူသုံးထားတဲ့အတွက် ကင်ဆာဆဲလ်တွေကို အလွယ်တကူ တွေ့ရှိနိုင်ပါတယ်။ သူ့အလုပ်လုပ်ပုံက ဒီလိုပါ။ ဖြစ်ချင်တော့ ဒီradioactiveပစ္စည်းလေးက သကြားဓာတ်ဖြစ်နေခဲ့တယ်လေ။ အဲ့ဒီမှာ ကင်ဆာဆဲလ်တွေက သကြားဓာတ်ကို ကြိုက်တယ်။ ကင်ဆာရှိရင် သကြားဓာတ်ဖြတ်ရမယ်ဆိုပြီး ဖြစ်လာတာပါပဲ။
ဒါဆို ကင်ဆာရှိရင် သကြားဖြတ်စရာ မလိုဘူးလား။
ကင်ဆာဆဲလ်တွေ အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းက အလုပ်လုပ်ဖို့ သကြားဓာတ်လိုပါတယ်။ ခုထက်ထိတော့ သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ပိုပြီးပွားစေတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်မာမာ မရှိသေးပါဘူး။ ဒီလိုပဲ သကြားဓာတ်ကို ဖြတ်လိုက်လို့ ကင်ဆာဆဲလ်တွေ ကျုံ့သွားတယ်။ ဆက်မပွားတော့ဘူးဆိုတဲ့ အထောက်အထားလည်း မရှိသေးပါဘူး။ ဒါကြောင့် သကြားဓာတ်ကို ဖြတ်စရာ မလိုပါဘူး။
သကြားဓာတ်ကို ဖြတ်လိုက်တဲ့အခါ
ပြောခဲ့သလိုပဲ သကြားဓာတ်ကို ကင်ဆာဆဲလ်တွေ မကပါဘူး။ ကိုယ်ထဲက သာမန်ဆဲလ်တွေလည်း လိုပါတယ်။ ဒါကို ကင်ဆာဆဲလ်တွေ သေအောင်ဆိုပြီး သကြားဓာတ်ဖြတ်လိုက်ရင် ကိုယ်ပါ ဒုက္ခရောက်မှာပါ။ ကင်ဆာကို ဒီလို သူသေကိုယ်သေ ကုဖို့ မလိုပါဘူး။
နောက်တစ်ခုက ကင်ဆာကို ကုဖို့ ရောင်ခြည်ပြ၊ ဆေးတွေ သွင်းတဲ့အခါမှာ လူက ပါးစပ်ပျက်လို့ အစားမဝင်ဘဲ အားမရှိဖြစ်တတ်ပါတယ်။ ရောဂါကြောင့် စိတ်ဓာတ်ကျပြီး အစားမစားနိုင်တော့တာ ဖြစ်တတ်ပါတယ်။ ဒီလို အားနည်းနေတဲ့ လူနာကို သကြားဓာတ် ဖြတ်မယ်ဟဲ့ဆိုပြီး ထမင်းလည်း မကျွေး၊ တခြား အသီးအနှံတွေလည်း မစားရဘူးဆိုရင် ကင်ဆာတော့ မသိဘူး။ လူနာကတော့ တော်တော်အထိနာမှာပါ။
ကိုယ့်ဘက်မှာ ဆေးအားရော အာဟာရအားရော ရှိနေမှ ကင်ဆာကို ကြံ့ကြံ့ခံပြီး ကုသနိုင်မှာပါ။ အာဟာရပြည့်နေတဲ့ လူနာက အာဟာရချို့တဲ့တဲ့ လူနာထက်ပိုပြီး ခံနိုင်ရည်ရှိတယ်ဆိုတာ ဒီတိုင်း တွေးကြည့်ရင်တောင် အဖြေပေါ်ပါတယ်။
ကင်ဆာရှိရင် ဒီသကြားတွေတော့ ရှောင်
ဒီတော့ လူနာကို အချိုမဖြတ်ဘူးဆိုရင် ဘာတွေ ကျွေးလို့ရလဲ။ အားရှိတာ၊ လူနာခံတွင်းတောင်းတာ ကျွေးလို့ရပါတယ်။ ထမင်း၊ ခေါက်ဆွဲ၊ အသား၊ ငါး၊ အရွက်၊ အသီးအနှံတွေ ကျွေးလို့ရပါတယ်။ ကိုယ်က အချိုဖြတ်မယ်ဆိုပြီး ဒါတွေကို မကျွေးဘဲ ထားခဲ့ပေမယ့် တကယ်တော့ ဒီအစားအစာတွေမှာ အချိုဓာတ်အပြင် လူနာအတွက် လိုအပ်တဲ့ အသားဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်တာကြောင့် ကင်ဆာကုသရာမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။
ဒါပေမယ့် ရှောင်သင့်တဲ့ အချိုတွေတော့ ရှိပါတယ်။ ပြုပြင်ထားတဲ့ သကြားပါတဲ့ အချိုရည်တွေ၊ ဆိုဒါတွေ၊ အားဖြည့်အချိုရည်တွေ ဒါတွေကိုတော့ ရှောင်ပေးပါ။ အာဟာရတန်ဖိုး မယ်မယ်ရရ မရှိတဲ့အပြင် လူကို အဝလွန်စေနိုင်တာကြောင့် လူနာအတွက် အကျိုး မရှိပါဘူး။
နောက်တစ်ခုကတော့ အရွက်ပြုတ်ရည်တွေပါ။ လူနာရဲ့ ပျောက်ချင်တဲ့ ဇောကို ကိုယ်ချင်းစာပေမယ့် ဒါတွေက စနစ်တကျ လေ့လာထားတာမဟုတ်လို့ လူနာအတွက် အကျိုးမရှိပါဘူး။ တစ်နေ့ ဘယ်နှခွက်သောက်ရမှာလဲ။ ဘယ်နှနာရီခြားလဲ။ ဘယ်သူတွေ သောက်လို့ရလဲ၊ မရဘူးလဲ။ ဒါတွေကို ဘာမှမသိပါဘူး။ ဒီလိုတွေ သောက်လာပြီး ကျောက်ကပ်ပျက်စီးကုန်လို့ ဆေးဆက်သွင်းလို့ မရတဲ့လူနာတွေ အများကြီး ရှိပါတယ်။
ကင်ဆာက ကုမရတာမဟုတ်ဘဲ ကိုယ့်ရဲ့ မသိတတ်မှုတွေကြောင့် အခြေအနေပိုဆိုးပြီး ကုမရတာပါ။ ဒါကြောင့် ရှောင်ခြင်းရှောင် သကြားရှောင်မနေဘဲ ဒီလို မသေချာ မရေရာတဲ့ အရွက်ပြုတ်ရည်တွေ အမြစ်ပြုတ်ရည်တွေကိုသာ ရှောင်ပေးပါ။
ကင်ဆာလူနာတစ်ယောက်အနေနဲ့ ကုမယ်လို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အာဟာရပြည့်အောင် စားပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ရက်ချိန်း ပုံမှန်သွားပြပါ။ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။ ဆေးမြီးတိုတွေနဲ့ မကုပါနဲ့။ အကောင်းထက် အဆိုး ပိုဖြစ်နိုင်ပါတယ်။
[embed-health-tool-bmr]