ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီက ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။
တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။
- အသားအရေကို တင်းရင်းစေခြင်း
- အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း
- အနာကျက်လွယ်စေခြင်း
- ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောများကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့ သည်းခြေရည်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။
- လူတွေရဲ့စိတ်ကို ပျော်အောင်၊ စိတ်ပူပန်အောင်၊ စိတ်ဓာတ်ကျအောင် စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် Serotonin (ဆီရိုတိုနင်) နည်းရင် စိတ်ဓာတ်ကျဝေဒနာခံစားရတတ်ပါတယ်။
- ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ကျစေနိုင်ခြင်း။
ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့အတွက် ရာသီတုပ်ကွေးရောဂါနဲ့ အခြားသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့ပြင်
- နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း
- ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ(Neurodegenerative diseases) ကိုကာကွယ်ပေးခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။
ဗီတာမင် စီ ကဘာတွေစားရင် ရမလဲ
အများစု သိထားကြတဲ့အတိုင်း ချဉ်တဲ့အသီးတွေဆို ဗီတာမင်စီ ကြွယ်ဝ ပါတယ်။ တခြားကျွန်တော်တို့ မထင်မှတ်ထားတဲ့ အစားအစာမှာလည်း ဗီတာမင်စီ ကြွယ်ဝကြပါတယ်။ ဥပမာ-
- ငရုတ်ပွ အနီ/အစိမ်း
- စတော်ဘယ်ရီ
- လိမ္မော်၊ သံပုရာ
- ခရမ်းချဉ်သီး
- ပန်းဂေါ်ဖီစိမ်း
- ဇီးဖြူသီး
- ကိုက်လန်
- မာလကာသီး
- ဂရိတ်ဖရုသီး စတာတွေ စားပေးလို့ရပါတယ်။
လူ့ခန္ဓာကိုယ်မှာ ပုံမှန် ဘယ်လောက် ရှိလဲ
သွေးထဲမှာ 60-100 mmol/dl ရှိပါတယ်။
ဗီတာမင် စီ အများကြီးစားရင် ဘာတွေဖြစ်တတ်လဲ
အဓိက ပြဿနာကတော့ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီး ဝမ်းခဏခဏသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကလည်း ဗီတာမင်စီ အားဆေးတွေကို လိုတာထက်ပိုသောက်နေတဲ့ လူတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။
ဘယ်လို လူတွေမှာ ဗီတာမင်စီ ချို့တဲ့လေ့ရှိလဲ
- အရက် အလွန်အကျွံသောက်သုံးသူများ
- ဆေးလိပ်သောက်သူများ
- နာမကျန်းဖြစ်နေသူများ
- ပိုးသတ်ဆေး သောက်နေသူများ
- အနာသက်သာဆေးသောက်နေသူများ
- ဓာတ်ဆီ၊ ရေနံဆီတွေနဲ့ အမြဲထိတွေ့ကိုင်တွယ်နေရသူများ
- သတ္တုတွင်း၊ သတ္တုပစ္စည်းများနဲ့ ထိတွေ့ကိုင်တွယ်နေရသူများ။
အထက်ဖော်ပြပါ ဗီတာမင် စီ ချို့တဲ့နိုင်တဲ့ သူများအနေနဲ့ သာမန်လူထက် ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာများ ပိုစားပေးဖို့လိုပါတယ်။ လိုအပ်မှသာ ဆေးဝါး အကူအညီကို ဆရာဝန် နှင့် သေချာဆွေးနွေးတိုင်ပင်ပြီးမှသာ သောက်ဖို့ အကြံပြုချင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
[embed-health-tool-bmi]