backup og meta

ကဖိန်းကိုဖြတ်တောက်လိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ


Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကဖိန်းကိုဖြတ်တောက်လိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ

    တနေ့တာ နိုးထတာနဲ့ သင့်အနေနဲ့ ဘာကိုမြင်ယောင်မိပါသလဲ။ အများစုကတော့ မနက်စာပူပူနွေးနွေးနဲ့ ကော်ဖီတခွက်ကို တောင့်ဆမိကြပါလိမ့်မယ်။ ကော်ဖီကိုကြိုက်နှစ်သက်သူများကတော့ တနေ့တာမနက်ခင်းကို ကော်ဖီမသောက်ဘဲ ရောင့်ရဲနိုင်မယ် မထင်ပါဘူး။

    စစ်တမ်းများအရ ကမ္ဘာ့လူဦးရေရဲ့ ၇၅ ကနေ ၈၀%ဟာ ကော်ဖီ ဒါမှမဟုတ် ကဖိန်းပါတဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးနေတယ်လို့ သိရပါတယ်။ ကဖိန်းဓာတ် အဓိကပါဝင်တာကတော့ ကော်ဖီဖြစ်ပြီး ကာဗွန်ဖြည့်ထားတဲ့ အချိုရည်နဲ့ လက်ဖက်ရည်မှာလည်း အနည်းငယ် ပါဝင်ပါတယ်။ အဆိုပါ ကဖိန်းပါဝင်တဲ့ သောက်သုံးစရာများဟာ ကဖိန်းစွဲခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။

    သင့်အနေနဲ့ ကဖိန်းပါတဲ့ အရည်တွေကို နေ့စဉ်သောက်သုံးနေရာကနေ ရပ်တန့်လိုက်မယ်ဆိုရင်လည်း ကဖိန်းပြတ်တဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ကဖိန်းပြတ်ချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကို လေ့လာပြီး ကဖိန်းကို အလွန်အကျွံစွဲလန်းခြင်းမဖြစ်အောင် သတိပြုသင့်ပါတယ်။

    ကဖိန်းဟာ ကိုယ်ခန္ဓာပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲ

    ကဖိန်းဓာတ်ဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ပျော်ရွှင်တက်ကြွခြင်းကို ဖြစ်ပေါ်စေပြီး စွမ်းအင်ပြည့်ဝသလို၊ နေထိုင်ကောင်းသလို ခံစားရစေပါတယ်။

    လူတချို့ဟာ ကဖိန်းရဲ့ အာနိသင်ကို ပိုမိုသိသာစွာ ခံစားရတတ်ပါတယ်။ သူတို့ရဲ့ ဦးနှောက်ဟာ သူများတွေထက်ပိုပြီး ကဖိန်းဓာတ်ကို စွဲလန်းသွားတတ်ပါတယ်။

    ကဖိန်းမှာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ အဲ့ဒါတွေကတော့

    – ကောင်းကောင်းအိပ်မပျော်ခြင်း

    – စိတ်ပူပန်ခြင်း

    – စိတ်ဓာတ်ကျခြင်း

    – အစာအိမ်အောင့်ခြင်း

    – အချဉ်ပေါက်ခြင်း

    ကြွက်တက်ခြင်း

    – နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများ

    – ကိုယ်ခန္ဓာကိုက်ခဲနာကျင်ခြင်း

    – သည်းမခံနိုင်ဖြစ်ခြင်း

    – ဂနာမငြိမ်ခြင်း

    – အာရုံစူးစိုက်ရန် ခက်ခဲခြင်း

    – တွေးခေါ်မှုမပြုနိုင်ခြင်း

    တခြားဆေးတွေလိုပဲ ကဖိန်းဟာ သုံးစွဲလာတာနဲ့အမျှ ကိုယ်ခန္ဓာဟာ ယဉ်ပါးလာပြီး ကဖိန်းကို ပိုတောင့်တလာပါတယ်။ စာစောင်တခုမှာ ဖော်ပြချက်အရ ကဖိန်းကို တနေ့ကို ၇၅၀ မီလီဂရမ်နဲ့ ၁၂၀၀ မီလီဂရမ်ကြား သောက်သုံးခြင်းဟာ ကဖိန်းဓတ် ယဉ်ပါးခြင်းကို ဖြစ်စေပါတယ်။

    ကဖိန်းပါဝင်မှုဟာ ကော်ဖီအမျိုးအစားပေါ်လည်း မူတည်ပါတယ်။ ပုံမှန်ကော်ဖီတခွက်ကို ကဖိန်း ၉၅ မီလီဂရမ်ခန့် ပျမ်းမျှ ပါဝင်ပါတယ်။

    ကဖိန်းဖြတ်တဲ့အခါ ကြုံရမယ့် လက္ခဏာများ

    ကဖိန်းစွဲခြင်းမှာ တွေ့ရများတဲ့ လက္ခဏာတခုကတော့ ကော်ဖီမသောက်ရရင်၊ ကဖိန်းမရရင် နေ့စဉ်လုပ်ဆောင်နေကြ အရာတွေကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ မနက်ပိုင်းမှာ ကော်ဖီတခွက် မသောက်ရရင် မနေနိုင်ဖြစ်လာပါတယ်။ တမင်မသောက်ဘဲ နေကြည့်ရင်တောင် မနေနိုင်တော့ပါဘူး။

    ကဖိန်းကိုဖြတ်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ပြသနာတွေလည်း ပေါ်လာနိုင်ပါတယ်။ အများဆုံးကြုံရတာကတော့ ခေါင်းကိုက်ခြင်း ဖြစ်ပါတယ်။ တခြားကြုံတွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – ပင်ပန်းနွမ်းနယ်ခြင်း

    – စွမ်းအင်နည်းခြင်း၊ တက်ကြွမှုနည်းခြင်း

    – နိုးကြားမှုနည်းခြင်း

    – အိပ်ငိုက်ခြင်း

    – စိတ်မကြည် အလိုမကျခြင်း

    – စိတ်ကျခြင်း

    – အာရုံစူးစိုက်မှုနည်းခြင်း

    – သည်းမခံနိုင်ခြင်း

    – စိတ်ရှုပ်ထွေးခြင်း

    ကဖိန်းစွဲလန်းမှုကို ဘယ်လိုလျှော့မလဲ

    ကဖိန်းအပေါ် သင့်ခန္ဓာကိုယ်က စွဲလန်းနေပြီဆိုရင် အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။

    ရေများများသောက်ခြင်း

    – ကဖိန်းမပါသည့် သောက်စရာတခုခုကို အစားထိုးခြင်း (ဥပမာ နံနက်ပိုင်းမှာ ကော်ဖီသုံးခွက်လောက် ပုံမှန်သောက်နေတယ်ဆိုရင် တကြိမ်လောက်ကို လီမွန်တီး၊ လက်ဖက်ရည်ကြမ်း စတာတမျိုးမျိုးနဲ့ အစားထိုးသောက်ပါ)

    ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း (ဒါဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်တဲ့ နည်းလမ်းတမျိုးပါပဲ)

    ကဖိန်းစွဲလန်းမှုပြဿနာဟာ ဖြေရှင်းနိုင်တဲ့ ကိစ္စတခုပဲဖြစ်လို့ သိပ်တော့ စိတ်ပူစရာ မလိုပါဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကို မှန်မှန်ပြုလုပ်သွားဖို့ပါပဲ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement