backup og meta

ကာဗွန်ထည့်သွင်းထားတဲ့ အချိုရည်များဟာ ကောင်းသလား ဆိုးသလား


Dr. Thant Zin မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာဗွန်ထည့်သွင်းထားတဲ့ အချိုရည်များဟာ ကောင်းသလား ဆိုးသလား

    ကာဗွန်ထည့်သွင်းထားတဲ့ အရည်များဟာ လူကြိုက်များတဲ့ အချိုရည်များပဲ ဖြစ်ပါတယ်။ အရသာရှိပြီး အမျိုးအစားစုံလို့ ဈေးကွက်လည်း တွင်ကျယ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လူအများဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတချို့ ရှိလာပါတယ်။

    ယခုဆောင်းပါးမှာတော့ ကာဗွန်အချိုရည်နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ကာဗွန်ထည့်သွင်းထားတဲ့ အရည်ဆိုတာ ဘယ်လိုမျိုးလဲ

    ကာဗွန်ထည့်သွင်းထားတဲ့ အရည်ဆိုတာကတော့ ရေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖိအားပေးပြီး ထည့်သွင်းထားခြင်းပဲ ဖြစ်ပါတယ်။ စပါကလင်ရည်လို့လည်း ခေါ်ကြပြီး လှုပ်ရှားလိုက်တဲ့အခါ အမြှုပ်လေးတွေ တစီစီနဲ့ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုဒါရည် (Soda Water) လို့လည်း ခေါ်ကြပါတယ်။

    seltzer water နဲ့ fizzy water လို့လည်း ခေါ်ကြပါသေးတယ်။ seltzer water ကလွဲလို့ ကျန်တဲ့ ကာဗွန်ရည်တွေမှာ အရသာပိုကောင်းအောင် ဆားပါထည့်သွင်းထားပါတယ်။ တခါတရံမှာ သတ္တုဓာတ်အနည်းငယ်လည်း ထည့်သွင်းထားပါသေးတယ်။ သတ္တုဓာတ်ပါတဲ့ စမ်းရေများကနေ ထုတ်လုပ်ပြီး သတ္တုဓာတ်ကိုရော ဆာလ်ဖာကို ထည့်သွင်းထားပါတယ်။ တောနစ်ရည်ဟာလည်း ကွီနိုင်းနဲ့ သကြားဓာတ်ပါတဲ့ အရည်ဖြစ်ပါတယ်။

    ကာဗွန်ရည်ဟာ အက်ဆစ်ဓာတ်ကဲပါတယ်

    ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့နဲ့ ရေနဲ့ပေါင်းသွားတဲ့အခါ ကာဗွန်နစ်အက်ဆစ် ဖြစ်သွားပါတယ်။ အားပျော့တဲ့ အက်ဆစ်တမျိုးဖြစ်ပြီး ခံတွင်းမြိန်စေတဲ့ အရသာနှိုးဆွပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ စူးရှရှ ပူရှိန်းရှိန်း အရသာကို ဖြစ်စေပါတယ်။

    ကာဗွန်ရည်ရဲ့ pH ညွှန်ကိန်းဟာ 3 နဲ့ 4 ကြားရှိတာကြောင့် အက်ဆစ်ဓာတ်ကဲပါတယ်။ ဒါပေမယ့် အဆိုပါ အချိုရည်တွေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အက်ဆစ်ဓာတ်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလာတဲ့အခါမှာတော့ ကျောက်ကပ်နဲ့ အဆုတ်ကနေ ဖယ်ရှားပေးပါတယ်။ အဲဒီအခါ သွေးရဲ့ pH ညွှန်ကိန်းကို 7.35 နဲ့ 7.45 ဖြစ်သွားစေပြီး သင်ဘာစားစား ဘာသောက်သောက် အယ်လ်ကာလီအခြေအနေမှာ ထိန်းထားပေးလိုက်ပါတယ်။

    သွားကျန်းမာရေးကို ထိခိုက်စေသလား

    ကာဗွန်ပါတဲ့ အချိုရည်တွေနဲ့ ပတ်သက်ရင် လူတွေအနေနဲ့ စိုးရိမ်တတ်ကြတာကတော့ သွားကို ထိခိုက်မှာ စိုးတာပဲ ဖြစ်ပါတယ်။ အချိုရည်များဟာ သွားရဲ့ အပေါ်ယံကြွေလွှာကို ထိခိုက်စေနိုင်ပါတယ်။ သတ္တုဓာတ်ပါတဲ့ အချိုရည်တွေဆိုရင် သာမန်အချိုရည်တွေထက် ပိုပြီး သွားရဲ့ကြွေလွှာကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတခုမှာတော့ ကာဗွန်ပါတဲ့ အချိုရည်ဟာ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်တယ်ဆိုပေမယ့် သကြားဓာတ်လွန်ကဲမှသာ ဖြစ်တတ်ကြောင်း ဆိုထားပါတယ်။

    ကာဗွန်ရည်မဟုတ်ပေမယ့် ချိုလွန်းတဲ့ အဖျော်ယမကာတွေဟာလည်း ကာဗွန်ပါပြီး သကြားမပါတဲ့ အချိုရည်တွေထက် ပိုပြီး ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

    သွားကျန်းမာရေးအတွက် စိတ်ပူနေတယ်ဆိုရင်တော့ ကာဗွန်ပါတဲ့ အချိုရည်တွေကို သူ့ချည်းပဲ မသောက်ဘဲ အစားတခုခုနဲ့အတူ စားသောက်ပြီး သောက်ပြီးချိန်မှာလည်း ပလုပ်ကျင်းပစ်သင့်ပါတယ်။

    ဗိုက်ပြည့်စေပါတယ်

    ကာဗွန်ပါအချိုရည်များဟာ ရိုးရိုးရေထက်စာရင် ပိုပြီး ဗိုက်ပြည့်သလို ခံစားရစေပါတယ်။ အစာအိမ်ထဲမှာလည်း အစာကို အချိန်ကြာကြာရှိနိုင်အောင် ထိန်းထားပေးပြီး အဆာခံစေပါတယ်။ သုတေသနတခုမှာဆိုရင် ဆိုဒါရည် ၈အောင်စ (၂၅၀ မီလီလီတာ) သောက်ထားပြီးချိန်မှာ အဆာခံနှုန်းဟာ သိသိသာသာမြင့်တက်နေကြောင်း တွေ့ရှိရပါတယ်။

    ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်

    ဝမ်းချုပ်နေသူအများစုဟာ ကာဗွန်အချိုရည်ကို သောက်သုံးပြီးချိန်မှာ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ လေဖြတ်ဝေဒနာခံစားဖူးသူ အသက် ၄၀ကျော်သူများမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ကာဗွန်ဖြည့်အချိုရည်သောက်သုံးသူများဟာ ရိုးရိုးရေသောက်သူများထက် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှု ပိုမိုကောင်းမွန်ကြကြောင်း တွေ့ရှိထားပါတယ်။ ဝမ်းချုပ်ခြင်းရဲ့ လက္ခဏာတွေ ၅၈% သက်သာသွားတယ်လို့ ဆိုထားပါတယ်။ တကယ်တော့ ကာဗွန်ဖြည့် အချိုရည်များဟာ အစာမကြေခြင်းကို သက်သာစေပါတယ်။

    အရိုးများ ကျန်းမာရေးအပေါ် သက်ရောက်မှု

    လူအများစုဟာ ကာဗွန်ဖြည့် အချိုရည်များအနေနဲ့ အရိုးများအတွက် ကောင်းကျိုးမပေးဘူးလို့ ယုံကြည်ကြပါတယ်။ အက်ဆစ်ဓာတ်ကဲတယ်ဆိုတဲ့ အချက်အပေါ် မူတည်ပြီး စဉ်းစားကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သုတေသနတွေအရ ဒီအချက်ဟာ မှားယွင်းတယ်လို့ ဆိုပါတယ်။

    လူပေါင်း ၂၅၀၀ လောက်နဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ ကိုလာအချိုရည်တမျိုးတည်းသာ အရိုးရဲ့ သတ္တုဓာတ်သိပ်သည်းဆကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ကျန်ကာဗွန်ဖြည့် အချိုရည်များဟာ အရိုးအပေါ် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ တခြားကာဗွန်ဖြည့်အချိုရည်များနဲ့ မတူတဲ့အချက်ကတော့ ကိုလာအရည်မှာ ဖော့စဖရပ်ဓာတ် ပါဝင်မှုများခြင်း ဖြစ်ပါတယ်။

    နှလုံးကျန်းမာရေးအပေါ် ထိခိုက်စေသလား

    ကာဗွန်ဖြည့်အချိုရည်များဟာ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ ဒါပေမယ့် ဒီအချက်ကို သေချာစေဖို့ လေ့လာမှုတွေ ထပ်မံပြုလုပ်ဖို့ လိုပါသေးတယ်။ သုတေသနတခုအရ သွေးဆုံးပြီးတဲ့ အမျိုးသမီး ၁၈ယောက်ဟာ ဆိုဒီယမ်ကြွယ်ဝတဲ့ ကာဗွန်အရည်သောက်သုံးတဲ့အတွက် မကောင်းတဲ့ LDL ကိုလက်စထရော ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်ကောင်းတဲ့ HDL ကိုလက်စထရောကို တက်လာစေပါတယ်။ ဒါ့အပြင် ဆယ်နှစ်အတွင်း နှလုံးရောဂါဖြစ်ပွားနိုင်ခြေဟာ ၃၅% လျော့နည်းစေတယ်လို့ ဆိုပါတယ်။

    ကာဗွန်ဖြည့်အချိုရည်များဟာ ပုံမှန်သောက်သုံးရုံနဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း မရှိပါဘူး။ သွားများကိုလည်း ထင်သလောက် မထိခိုက်စေပါဘူး။ အရိုးများကိုလည်း ထိခိုက်စေခြင်း မရှိပါဘူး။ ကောင်းတဲ့အချက်ကတော့ ကာဗွန်အရည်များဟာ အစာကိုကြေစေပြီး အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ သကြားလွန်ကဲလွန်းတဲ့ အချိုရည်များကိုသာ သတိပြုသောက်သုံးရမှာ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement