လူလည်းသိပ်မဝပါဘဲ ဗိုက်ခေါက်လေး ပဲထွက်နေတာ အလှအပနဲ့ ပတ်သက်ပြီး ပျိုမေတို့ အကြောက်ဆုံး အရာပါ။ ဗိုက်အဆီ မရှိဘဲ ချပ်ရပ်နေတဲ့ ကိုယ်အချိုးအစားကို မိန်းကလေးတိုင်း လိုချင်ပါတယ်။ ပိန်တဲ့သူပဲဖြစ်ဖြစ်၊ ပြည့်ပြည့်ဖောင်းဖောင်းလေးတွ ဖြစ်ဖြစ် ဗိုက်လေးချပ်အောင်တော့ ကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။ ဗိုက်အဆီ ဆိုတာ အလှအပအတွက်တင်မက လူ့ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါ အမျိုးမျိုး ယူဆောင်လာနိုင်လို့ပါ။
ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား
ဗိုက်ခေါက်လေး ကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အကောင်းဆုံးအကြံဉာဏ်ကတော့ –
- အမျှင်ဓာတ် များများစားပါ
အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ် များတာတွေ စားပေးလို့ ရတယ်။ အမျှင်ဓာတ်တွေက အဆာခံပြီး ခဏခဏ မစားဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗိုက်အဆီ ဆိုတာ ဗိုက်ခေါက်သက်သက်တင် မဟုတ်ပါဘူး။ အသည်း၊ ပန်ကရိယ နဲ့ ကျောက်ကပ် အပါအဝင် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေ အနားတဝိုက်မှာ ရှိနေတာမို့ အန္တရာယ် များတဲ့ အဆီတွေ ဖြစ်ပါတယ်။
- သက်သာမယ့် နည်းလမ်းကိုရှောင်ပါ
တစ်နေရာ သွားမယ်ဆို နီးနီးလေးကို ကားလေး စီးမယ်၊ ဆိုက်ကား စီးမယ်နဲ့ သက်သောင့်သက်သာ သွားလာရဖို့ စဉ်းစားတာမျိုး ရှောင်ပါ။ လမ်းလျှောက်လို့ ရရင် လမ်းလျှောက် လိုက်ပါ။ လှေကားနဲ့ တက်နိုင်ရင် တက်လိုက်ပါ။ ခန္ဓာကိုယ်ကို သနားပြီး သက်သာအောင် နေတာမျိုး မလုပ်တာ ကောင်းပါတယ်။ ဒါမှ အဆီတွေ လောင်ကျွမ်းစေမှာပါ။
- အဆီကို သတိထားပါ
အဆီများတဲ့ အစားအစာတွေကို သတိထား ချင့်ချိန်ပါ။ ကိုယ်စားမယ့် အစားအသောက်တွေမှာ ကယ်လိုရီနဲ့ အဆီဓာတ် ပမာဏ ဘယ်လောက်ပါလဲ တွက်ချက်ပါ။ အဆီချင်းတူရင်တောာင် မပြည့်ဝဆီပါတဲ့ အစေ့အဆန်၊ အသီးအရွက်နဲ့ ငါးတွေက နေရတဲ့ အကျိုးပြု အဆီတွေကို ဦးစားပေးပါ။
- လှုပ်လှုပ်ရှားရှားနေပါ
ကိုယ်က လေ့ကျင့်ခန်း ပုံမှန်မလုပ်နိုင်ဘူးဆိုရင်တောင် အထိုင်မများပါစေနဲ့။ လှုပ်လှုပ်ရှားရှားနေပါ။ ဆက်တိုက်မထိုင်ဘဲ မကြာခဏ ထပြီး လမ်းလျှောက်ပေးပါ။
- ရေများများသောက်ပါ
ရေများများသောက်ပါ ဒါမှမဟုတ် ခုခေတ်စားနေတဲ့ Detox water ဆိုတာတွေလည်း သောက်လို့ရပါတယ်။ သူတို့တွေက တိုက်ရိုက်အဆီကျစေတယ်ဆိုတာထက် ဗိုက်ပြည့်သွားတော့ အစားအလွန်အကျွံ မစားဖြစ်တော့ဘူးပေါ့။ ဒါနဲ့အတူ အစားဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု တွေတော့ တွဲရမှာပါ။
- လေ့ကျင့်ခန်းလုပ်ပါ
ဂျင်မ်သွားတာ၊ ယောဂ ကစားတာတွေ မလုပ်နိုင်ရင်တောင် ဖုန်းထဲမှာ workout ဗီဒီယိုလေးတွေ ကြည့်ပြီး အိမ်မှာ လေ့ကျင့်ခန်း နည်းနည်းလုပ်လို့ ရပါတယ်။ ကိုယ်နိုင်သလောက် စလုပ်ပါ။ အရေးကြီးတာက နည်းလမ်းမှန်မှန်နဲ့ ပုံမှန်လုပ်ဖြစ်ဖို့ပါ။
- အိပ်ရေးဝဝအိပ်ပါ
အိပ်စက်ချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို မှန်ကန်စေပါတယ်။ အိပ်ရေးမဝတဲ့အခါ၊ နောက်ကျမှ အိပ်တဲ့အခါ ဟော်မုန်းတွေ ကမောက်ကမ ဖြစ်စေတာကြောင့် ဗိုက်ပူတာ၊ အဝလွန်တာ ဖြစ်စေပါလိမ့်မယ်။
ဒီအချက်တွေ အတိုင်း လုပ်မယ်ဆို ဗိုက်ခေါက် ဆိုတာ ဘယ်ရှာရမှန်း သိမှာ မဟုတ်ပါဘူး။ အလှကြိုက်တဲ့ ပျိုမေတို့ ဗိုက်အဆီကင်းတဲ့ ဘော်ဒီရှိတ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။
[embed-health-tool-bmi]