backup og meta

အသည်းအမြစ် ကလီစာ တွေစားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Kaung Thar မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းအမြစ် ကလီစာ တွေစားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းသလား

    ကြက်အသည်းအမြစ် အပါအဝင် အတွင်း ကလီစာ အသားတွေကို ဝမ်းတွင်းသားလို့ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ ‘offal’ လို့ခေါ်ကြပါတယ်။ အသားတွေရောင်းချဖို့ အကောင်ဖျက် ခုတ်ထစ်တဲ့အခါ ပဲ့ကျလာတဲ့ အမြီး၊ ခြေထောက်၊ ဝှေးစေ့စတဲ့ တိရစ္ဆာန်အစိတ်အပိုင်း အားလုံးကို”off fall” လို့ခေါ်ဆိုရာကဖြစ်ပေါ်လာတဲ့စကားလုံးဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံမှာဆိုရင် အများစုက အသားတွေကိုသာ စားကြတာဖြစ်ပြီး ဝမ်းတွင်းသား ကလီစာတွေကို မစားကြပါဘူး။ ကလီစာတွေက ဘေးထွက်ဆိုးကျိုးတချို့ရှိနိုင်ပေမယ့် သူတို့မှာပါဝင်တဲ့ အာဟာရတန်ဖိုးတွေကြောင့် အကျိုးကျေးဇူးတွေလည်း များပါတယ်။

    ကလီစာတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကတော့ –

    • ကလီစာတွေမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တချို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
    • သူတို့ကို သေချာမသန့်စင်ရင်တော့ အူတွင်းဘက်တီးရီးယားတွေကို ထိခိုက်စေပါတယ်။ အမဲဦးနှောက်လို အတွင်းသားမျိုးကလည်း နွားရူးရောဂါ လို ရှားပါးရောဂါတွေကို ကူးစက်ပြန့်ပွားနိုင်တယ်လို့ သိကြပါတယ်။

    အတွင်း ကလီစာ အစိတ်အပိုင်းတွေထဲမှာ ဘာတွေပါဝင်သလဲ

    အတွင်းသား ကလီစာတွေဆိုတာ အစိတ်အပိုင်းမျိုးစုံပါဝင်နေပါတယ် –

  • အသည်း
  • နှလုံး
  • ကျောက်ကပ်
  • လျှာ
  • အမဲအူကြမ်း စတာတွေကို လူကြိုက်များကြပါတယ်။
  • သူတို့မှာ အောက်ပါဗီတာမင်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်-

    • ဗီတာမင် ဘီ
    • သံဓာတ်
    • ဖော့စဖရိတ်
    • ကော့ပါး
    • မဂ္ဂနီဆီယမ်
    • ဗီတာမင်အေ
    • ဗီတာမင် ဒီ
    • ဗီတာမင် အီး
    • ဗီတာမင်ကေ

    အတွင်း ကလီစာတွေ စားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    • အသည်း

    အသည်းဟာ အာဟာရဓာတ်အများဆုံး အတွင်းသားဖြစ်ပြီး ဗီတာမင်အေ ကို ကောင်းကောင်းရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဗီတာမင်အေက မျက်လုံးအတွက် ကောင်းတဲ့အပြင် အယ်ဇိုင်းမားကစလို့ အဆစ်ရောင်ရောဂါအထိ ဝေဒနာတွေအပါအဝင် ရောင်ရမ်းမှုဖြစ်စေတဲ့ရောဂါတွေကို သက်သာလျော့ပါးစေပါတယ်။

    အသည်းမှာ ဖောလစ်အက်စစ်၊ သံဓာတ်၊ ခရိုမီယမ်၊ ကော့ပါးနဲ့ ဇင့်တို့လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်လည်းကောင်း၊ သွေးတွင်း ဟီမိုဂလိုဘင် ပမာဏကိုလည်း တိုးစေနိုင်ပါတယ်။

    • ကျောက်ကပ်

    အာဟာရဓာတ်တွေနဲ့ ပရိုတင်းကြွယ်ဝတဲ့ ကျောက်ကပ်မှာ omega 3 fatty acids ပါဝင်ပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေလည်း ပါရှိသလို နှလုံးအတွက်ကောင်းပါတယ်။

    • ဦးနှောက်

    ဦးနှောက်မှာ omega 3 fatty acids အပြင် phosphatidylcholine နဲ့ phosphatidylserine တို့လို အာရုံကြောစနစ်အတွက် ကောင်းတဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။

    ဦးနှောက်ကို စားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက စားသုံးသူရဲ့ ဦးနှောက်နဲ့ ကျောရိုးမကြီးကို ဓာတ်တိုးပျက်စီးမှုဒဏ်တွေကနေ ကာကွယ်တားဆီးပေးပါတယ်။

    • နှလုံး

    နှလုံးမှာ ဖောလိတ်၊ သံဓာတ်၊ ဇင့်နဲ့ ဆီလီနီယမ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်B2, B6, နဲ့ B12 သုံးမျိုးစလုံး ကြွယ်ဝစွာပါဝင်နေတာဖြစ်ပါတယ်။

    အတွင်း ကလီစာ အသားတွေမှာ ဗီတာမင် ဘီတွေကို တွေ့ရတတ်ပြီး ဒါတွေက နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဦးနှောက်အတွက် အကျိုးကျေးဇူးရှိစေနိုင်ပြီး အယ်ဇိုင်းမား၊ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာနိုင်ခြေကို လျော့ကျစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး ခွန်အားတိုးစေတယ်လို့ဆိုတဲ့ CoQ10 ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါရှိပါတယ်။

    • လျှာ

    လျှာ အသားမှာ ကယ်လိုရီနဲ့ fatty acids တို့အပြင် ဇင့်၊ သံဓာတ်၊ ကိုလင်းနဲ့ ဗီတာမင်B12 တို့လည်း အများအပြားပါဝင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေ နေမကောင်းဖြစ်ပြီးနောက် အမဲ သို့မဟုတ် ဆိတ်/ ဝက်တို့ရဲ့ လျှာအသားကို စားသုံးရင် ထူထူထောင်ထောင်ဖြစ်လာစေနိုင်တယ်လို့ပြောကြပါတယ်။

    လျှာအသားမှာပါတဲ့ Folate က သန္ဓေသားအတွက်ကောင်းပြီး ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါမလာအောင် အကျိုးပြုပါတယ်။ ဒါ့အပြင် ဗီတာမင်B6ကြောင့်လည်း ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်းဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။

    အတွင်း ကလီစာ အသားတွေစားရင် ဘေးဥပါဒ်ဖြစ်စေနိုင်သလား

    ကလီစာအသားတွေမှာ ကိုလက်စထရောနဲ့ ပြည့်ဝအဆီတွေ ပါဝင်မှုမြင့်မားတာကြောင့် တန်သင့်ရုံသာစားသင့်ပါတယ်။

    အဆိပ်အတောက်ဓာတ်တွေ၊ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ထားတဲ့ တိရစ္ဆာန်တွေဟာ သူတို့ရဲ့ ကလီစာတွေမှာလည်း အဆိပ်အထောက်ဓာတ်တွေရှိနေတတ်ပါတယ်။ ဒါပေမယ့် အသည်းနဲ့ ကျောက်ကပ်လို အစိတ်အပိုင်းတွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရတဲ့လုပ်ဆောင်ချက်ရှိတာကြောင့် သူတို့မှာ အဆိပ်အတောက်တွေ မကျန်ရစ်ခဲ့နိုင်ပါဘူး။

    အတွင်းကလီစာ အသားတွေကို စားသုံးတဲ့အခါ ချင့်ချိန်စားသုံးသင့်သူတွေကတော့ –

    • ဂေါက်ရောဂါရှိသူများ
    • ကိုယ်ဝန်ဆောင်အမျိုးသမီးများ

    ဝမ်းတွင်းသားရဲ့ အရည်အသွေး

    ကိုယ်စားသုံးမယ့် အသားရဲ့ပိုင်ရှင်ဖြစ်တဲ့ တိရစ္ဆာန်ဟာ သားသတ်ရုံမရောက်ခင်က ဘယ်လိုအခြေအနေနဲ့ အသက်ရှင်သန်နေထိုင်ခဲ့လဲဆိုတာ သိနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဖိစီးနှိပ်စက်ခံရတဲ့၊ ပစ်စလက်ခတ်အနေအထားမှာမွေးမြူခံရတဲ့ တိရစ္ဆာန်တွေဆီကရတဲ့ အတွင်းကလီစာတွေဟာပြဿနာရှိနိုင်ပါတယ်။

    ဥပမာ -နှလုံးနဲ့ကျောက်ကပ်မှာ အဆီတွေများနေတဲ့ တိရစ္ဆာန်ဟာ မကျန်းမာခဲ့သလို သူ့ရဲ့ကလီစာတွေကလည်း ကျန်းမာမှာ မဟုတ်ပါဘူး။

    အတွင်းကလီစာတွေနဲ့ အစိတ်အပိုင်းတွေမှာ ကောင်းကျိုးပြုတဲ့အာဟာရတွေ အများကြီးပါဝင်နေတယ်ဆိုပေမယ့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်းမေ့မထားသင့်ပါဘူး။

    တကယ်တော့ ထိုက်သင့်သလောက်ပမာဏကိုသာ ချင့်ချိန်စားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ပူစရာမလိုဘဲ အာဟာရညီညွတ်မျှတတဲ့ စားသောက်မှုပုံစံဖြစ်လာမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Kaung Thar မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement