backup og meta

ပင်ပွား (Basil seed)

ပင်ပွား (Basil seed)

ပင်ပွားကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်မျိုးအနေနဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးနေတာကြောင့် ပင်ပွား ဆိုတာကို သိပြီးဖြစ်နိုင်သလို နာမည်ကိုတောင် မကြားဖူးတာမျိုးလည်း ရှိနိုင်ပါတယ်။ ပင်ပွားမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေသလို ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်အကျိုးပြု အဆီဓာတ်တွေ ပါဝင်နေပါတယ်။

ပင်ပွားမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်တာကြောင့် ဆီးချိုရောဂါ ထိန်းသိမ်းရာမှာ အထောက်အကူပြုနိုင်သလို အရေပြားအတွက်လည်း ကောင်းကျိုးပြုပါတယ်။ ပင်ပွား ကနေရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေနဲ့ သိထားသင့်တဲ့ သတိထားစရာ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပင်ပွား (Basil seed) ဆိုတာ

ပင်ပွားစေ့ဆိုတာက ကမ္ဘာပေါ်မှာ လူသိများတဲ့ ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ပင်စိမ်းပင်ရဲ့ အစေ့ဖြစ်ပါတယ်။ ပင်ပွားစေ့ကို အချိုပွဲတွေနဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းတည်ခင်းလေ့ရှိပါတယ်။ ပင်ပွားစေ့မှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်ပေါင်းတွေ အများအပြားပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ပင်ပွားစေ့တွေထဲမှာ အမျှင်ဓာတ်၊ ဗီတာမင်ကေ၊ ပရိုတင်း၊ phytochemical၊ polyphenolic ဒြပ်ပေါင်းတွေ၊ orientin၊ vicentin နဲ့အခြားအင်အားပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ပင်ပွားရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

၁. ကိုယ်အလေးချိန်ကျစေခြင်း

ပင်ပွားစေ့မှာ အိုမီဂါ သရီးဖက်တီးအက်ဆစ် alpha-linolenic acid (ALA) ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီအက်ဆစ်က ခန္ဓာကိုယ်ရဲ့ အဆီတွေ လောင်ကျွမ်းမှုကို တိုးမြှင့်ပေးနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ပင်ပွားစေ့မှာ အမျှင်ဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် အဆာခံနိုင်စေပြီး မလိုအပ်ဘဲ အစားမစားမိအောင် ကာကွယ်ပေးပါတယ်။

၂. အအေးဓာတ်ရရှိစေခြင်း

ထိုင်းနိုင်ငံလိုမျိုး အာရှနိုင်ငံအချို့မှာ ပင်ပွားစေ့ကို ရေ၊ သကြား၊ ပျားရည်၊ အုန်းနို့နဲ့ တွဲဖက်စားသုံးလေ့ရှိကြပါတယ်။ ဒီလို သောက်သုံးမှုက နွေရာသီမှာ အပူဒဏ်ကို ခံနိုင်စေပြီး ခန္ဓာကိုယ်အေးမြမှုကို ခံစားရစေပါတယ်။ ပင်ပွားစေ့က ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးသော အစားအသောက်တွေထဲက တစ်ခုဖြစ်ပါတယ်။

၃.သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ပင်ပွားစေ့က အမျိုးအစား-၂ ဆီးချိုဝေဒနာသည်တွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပင်ပွားစေ့က ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကို နှေးကွေးစေတာကြောင့် ခန္ဓာကိုယ်အနေနဲ့ ကာဗိုဟိုက်ဒရိတ်ကနေ သကြားဓာတ်အဖြစ်ပြောင်းလဲမှုကို ထိန်းချုပ်နိုင်စေတာဖြစ်ပါတယ်။

၄. ဝမ်းချုပ်တာနဲ့ လေပွတာကို သက်သာစေခြင်း

ပင်ပွားစေ့က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အူသိမ်အူမတွေရဲ့ လုပ်ငန်းစဉ်တွေကို ချောမွေ့စေတဲ့ သဘာဝပစ္စည်းတစ်မျိုးလို့ သိထားကြပါတယ်။ ပင်ပွားက အစာအိမ်ကို သန့်စင်စေပါတယ်။ ပင်ပွားစေ့မှာ အစာအိမ်အူလမ်းကြောင်းမှာ လေထတာကို သက်သာစေပြီး အစာကြေချက်မှုကို တိုးတက်ကောင်းမွန်စေတဲ့ အဆီဓာတ်တွေ ပါဝင်နေပါတယ်။

၅. အစာအိမ် အချဉ်ပေါက်တာနဲ့ ရင်ပူတာကို သက်သာစေခြင်း

ပင်ပွားစေ့က အစာမကြေတာကြောင့် ရင်ပူတာကို သက်သာစေသလို ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ ပူလောင်နေသလိုမျိုး ခံစားနေမယ်ဆိုရင် ပင်ပွားစေ့ကို စားသုံးပေးနိုင်ပါတယ်။ ရေစိမ်ထားတဲ့ ပင်ပွားစေ့က အစာအိမ်ရဲ့ အတွင်းနံရံမှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေမှာ ဖြစ်သလို ရင်ပူတာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

၆. အရေပြားနဲ့ဆံပင်တွေကို ကျန်းမာစေခြင်း

ပင်ပွားစေ့ကို အုန်းရည်စိမ်ပြီး အရေပြားပေါ်မှာ အနီအပိမ့်တွေ ထွက်တဲ့နေရာကို ပွတ်လိမ်းပေးမယ်ဆိုရင် သက်သာအောင် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ ပင်ပွားစေ့မှာ အရေပြားဆဲလ်အသစ်ဖြစ်ပေါ်စေနိုင်တဲ့ ကော်လာဂျင်တစ်မျိုး ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ပင်ပွားမှာ သံဓာတ်၊ ဗီတာမင်ကေ နဲ့ ပရိုတင်းတို့လိုမျိုး ဆံပင်သန်စွမ်းပြီး အရှည်မြန်စေဖို့အတွက် အရေးပါတဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဆံပင်ထူစေပြီး ဆံပင်သန်စေတဲ့ ပရိုတင်းနဲ့ သံဓာတ်တွေလည်း ပါဝင်ပါတယ်။

၇.ချောင်းဆိုးတာနဲ့ တုပ်ကွေးကို သက်သာစေနိုင်ခြင်း

ပင်ပွားစေ့မှာ ကြွက်သားတွေ တောင့်တင်းမှုကို ပြေလျော့စေနိုင်တဲ့ အစွမ်းရှိတာကြောင့် ချောင်းဆိုးတာကို ထိန်းချုပ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ပင်ပွားစေ့က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ပင်ပွားစေ့မှာပါတဲ့ vicenin၊ orientin နဲ့ beta carotene လိုမျိုး ဖလေဗာနွိုက်တွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် အားဖြည့်ပေးပါတယ်။

၈. အရိုးကို ကြံ့ခိုင်သန်စွမ်းစေခြင်း

ပင်ပွားစေ့မှာ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တွေအပါအဝင် အခြားသတ္တုဓာတ်တွေက အရိုးတွေကို ကြံ့ခိုင်အောင် အထောက်အကူပြုပါတယ်။ ပင်ပွားစေ့က အရိုးပွရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၉. ကိုလက်စထရောပမာဏ ကျဆင်းစေခြင်း

လေ့လာမှုတွေအရ ပင်ပွားစေ့က ခန္ဓာကိုယ်အတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်တာကြောင့် နှလုံးသွးကြောကျဉ်းနိုင်ခြေကိုလျော့ကျစေနိုင်သလို သွေးကြောတွေထဲမှာ အနှစ်တွေ စုပုံနိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ပင်ပွားက နှလုံးဝန်ပိတာကို သက်သာစေသလို ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုးတွေကို ဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။

၁၀. စိတ်ဖိစီးမှုကို သက်သာစေခြင်း

စိတ်က မရပ်မနားတွေးနေတာကြောင့် စိတ်ဖိစီးမှုကလည်း တိုးလာနေပါတယ်။ စိတ်ပူပန်မှုတွေကို ပြေလျော့စေမယ့် အကောင်းဆုံးသော နည်းလမ်းကတော့ ပင်ပွားစေ့ဖျော်ရည်သောက်တာပဲ ဖြစ်ပါတယ်။ ပင်ပွားစေ့ နေ့စဉ်စားသုံးတာက စိတ်ဓာတ်ကျတာကို လျော့ကျစေဖို့ အထောက်အကူပြုသလို စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းပမာဏကိုလည်း လျော့ကျစေပါတယ်။

၁၁.အမြင်အာရုံတိုးတက်စေခြင်း

ပင်ပွားစေ့မှာ ဗီတာမင်အေပြည့်ဝစွာ ပါဝင်တာကြောင့် အမြင်အာရုံ အားနည်းတဲ့သူတွေအတွက် သင့်တော်ပါတယ်။ ဗီတာမင်အေက မျက်ကြည်လွှာအတွက် အင်အားပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး မျက်စိအတွင်းတိမ်ဖြစ်တာကို ကာကွယ်ပေးတဲ့အပြင် အမြင်အာရုံပျက်စီးတာတွေကို လျော့ပါးသက်သာစေပါတယ်။

၁၂. နာကျင်ကိုက်ခဲမှုကို လျော့ပါးသက်သာစေခြင်း

အဆစ်အမြစ်ရောင်ရမ်းနာကျင်တာ၊ ဂေါက်ရောဂါ၊ ခေါင်းကိုက်တာတွေ ခံစားရတဲ့အခါ ပင်ပွားစေ့ကို စားသုံးပေးတာက နာကျင်ကိုက်ခဲမှုကို အလျင်အမြန်လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ ပင်ပွားစေ့မှာပါတဲ့ ရောင်ရမ်းမှုကို လျော့ပါးစေတဲ့ ဒြပ်ပေါင်းတွေက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

၁၃.ရောဂါကာကွယ်ပေးခြင်း

ပင်ပွားစေ့မှာပါတဲ့ ဗီတာမင်အေနဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်က oxidative stressတွေကို လျှော့ချပေးခြင်းနဲ့ နာတာရှည်ရောင်ရမ်းမှုတွေကို လျှော့ချပေးတဲ့ ကိစ္စရပ်တွေမှာ အထောက်အကူပြုပေးပါတယ်။ ပင်ပွားစေ့က ကိုယ်ခံအားစနစ်အပေါ်မှာ ဝန်ပိတာကို လျှော့ချပေးနိုင်တာကြောင့် ကူးစက်ရောဂါတွေ ခံစားရမှုကနေ ကာကွယ်ပေးပါတယ်။ ပင်ပွားစေ့ကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ free radicals များပြားတာကြောင့် ဖြစ်တတ်တဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပင်ပွားရဲ့ ဘေးထွက်ဆိုးကျိုးများ

ပင်ပွားစေ့က ကျန်းမာရေးအတွက် အတော်လေးကို အထောက်အကူပြုတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးအချို့လည်း ရှိတာကြောင့် သတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဟော်မုန်း – ပင်ပွားစေ့က ခန္ဓာကိုယ်ရဲ့ အီထရိုဂျင်ဟော်မုန်းပမာဏကို ပြောင်းလဲစေတာမျိုးတွေရှိပါတယ်။ ပင်ပွားက အမျိုးသမီးတွေကို ရာသီသွေးဆင်းအောင် လှုံ့ဆော်ပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလွန်အကျွံစားရင် အန္တရာယ်ရှိသလို မွေးလာမယ့် ကလေးငယ်မှာလည်း ရောဂါတွေဖြစ်ပေါ်နိုင်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်း (သို့) အခြားဟော်မုန်းမမျှတမှုကို ခံစားနေရသူတွေအနေနဲ့ ပင်ပွားစေ့ကို အများအပြား မစားသုံးသင့်ပါဘူး။

သီးစေနိုင်ခြင်း – ပင်ပွားစေ့ကို ရေနဲ့ အချိုးအစားမျှတစွာ ရောစပ်ထားတာမျိုး မရှိဘဲ စားသုံးမယ်ဆိုရင် မျိုချရခက်ခဲတာမျိုး ဖြစ်စေနိုင်ပါတယ်။ အစာမျိုချရခက်သူတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ပင်ပွားစေ့ကို မစားသင့်ပါဘူး။

ဓာတ်မတည့်ခြင်း –ပင်ပွားက လူတိုင်းမှာ ဓာတ်မတည့်တာကို မဖြစ်စေနိုင်ဘူး ဆိုပေမယ့် mint မျိုးရင်းဝင်အပင်တွေနဲ့ ဓာတ်မတည့်ဘူးဆိုရင်တော့ ပင်ပွားကို မစားသင့်ပါဘူး။

ဘယ်လို စားရမလဲ။

ပင်ပွားစေ့ကို စားသုံးနိုင်မယ့် စားသုံးနည်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

  • ဖျော်ရည်တွေ၊ အုန်းနို့တွေထဲမှာ ထည့်ပြီးစားလို့ ရပါတယ်။
  • သစ်သီးဖျော်ရည်တွေထဲ ထည့်ပြီး စားလို့လည်း ရပါတယ်။
  • ရေခဲသုပ်လိုမျိုး အသုပ်တွေထဲမှာလည်း ထည့်ပြီး စားလို့ရပါတယ်။
  • ချိစ် နဲ့ ခရင်မ်ဆော့တွေထဲမှာလည်း ထည့်ပြီး စားလို့ရပါတယ်။
  • အချိုပွဲတွေထဲမှာ ထည့်ပြီးလည်း စားသုံးနိုင်ပါတယ်။
  • ဒိန်ချဉ်ထဲ ထည့်စားလို့လည်း ရပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://food.ndtv.com/food-drinks/7-surprising-health-benefits-of-sabja-seeds-1437915

https://www.organicfacts.net/basil-seeds.html

https://www.thesuperfoods.net/basil/13-proven-health-benefits-of-basil-seeds-tukmaria-or-sabja-seeds

ယခုပုံစံ

13/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Basil (ပင်စိမ်း)

စပါးလင် (Lemongrass)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement