ပဲနို့ က ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး သောက်တော့သောက်နေကြတာပဲ၊ ဒါပေမယ့် ဗီတာမင်တွေပါတယ်ဆိုတာကလွဲလို့ ဘာအတွက်ကောင်းတာလဲဆိုတာ သိပ်မသိကြပါဘူး။ ပဲပိစပ်ကနေရတဲ့ ပဲနို့ဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး နွားနို့အစားထိုး သောက်သုံးလို့လည်း ရပါတယ်။
ပဲနို့မှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော်စဖရပ်စ်နဲ့ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေအပြင် folate၊ thiamin၊ riboflavin၊ niacin ၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် K တို့ပါဝင်ပါသေးတယ်။
ပဲနို့ က ဘာအတွက်ကောင်းတာလဲ
- နှလုံးကျန်းမာရေး ကောင်းစေတယ်
ပဲနို့ရဲ့ပရိုတင်းဓာတ်ဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ ပရိုတင်းဆိုတာ နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones ပါဝင်မှုကြောင့် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ကျစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
- သွေးဆုံးကိုင် ဝေဒနာတွေကို သက်သာစေတယ်
ပဲနို့မှာပါတဲ့ Isoflavones ကြောင့်ပဲ သွေးဆုံးတဲ့ အရွယ်အမျိုးသမီးတွေမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေအနေနဲ့ ပဲနို့သောက်သုံးခြင်းအားဖြင့် အက်စထရိုဂျင် လျော့နည်းမှုနဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။
- အရိုးပွရောဂါကို ကာကွယ်ပေးတယ်၊ သက်သာစေတယ်
ပဲနို့က သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွခြင်းကို သက်သာစေတဲ့ ဆေးတစ်ခွက်ပါ။ အရိုးကြွပ်ဆတ်ခြင်းနဲ့ ကယ်လ်စီယမ်ဆုံးရှုံးခြင်းတို့ကြောင့် ဒီအန္တရာယ်ကို များစေတာပါ။ အသားကရတဲ့ ပရိုတင်းက ပဲနို့ပရိုတင်းထက် ဆီးအတွင်း ကယ်လ်စီယမ် စွန့်ထုတ်မှုပိုများတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အရိုးသိပ်သည်းမှုကို အားဖြည့်ပေးပြီး အရိုးကျိုးအက်မှုအန္တရာယ်ကို လျော့နည်းစေပါတယ်။
- ကင်ဆာကာကွယ်တယ်
ပဲနို့က ရင်သားကင်ဆာ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါတင်မကဘဲ ပဲနို့ များများသောက်တဲ့ အမျိုးသားတွေဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုပါ လျော့နည်းစေတယ်လို့သိရပါတယ်။
- ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတယ်
ပဲနို့ isoflavones ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက နာတာရှည်ရောဂါတွေအတွက် အကျိုးထူးပါတယ်တဲ့။ ဓာတ်တိုးခြင်းကို လျော့ကျစေပြီး ထိခိုက်မှုနည်းစေတဲ့အတွက် အသည်းထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။
- အဝမလွန်အောင် ထိန်းပေးပြီး ကိုလက်စထရောကိုကျစေတယ်
ပဲနို့က အဝလွန်ခြင်းကို ကာကွယ်ပေးသလို ဝနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာလည်း ခါးပတ်လည်အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။
အပင်ထွက်အာဟာရ phytonutrients တွေပါဝင်မှုများတဲ့ ပဲနို့ဟာ နာတာရှည်ရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးတွေအတွက် အထူးအကျိုးကျေးဇူးပေးတဲ့အာဟာရ တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတိထားသင့်တဲ့အချက်က ဈေးကွက်မှာ လူကြိုက်များတဲ့ အသင့်သောက် ပဲနို့တွေကိုတော့ အချိုပါဝင်မှုပမာဏကို ချင့်ချိန်သောက်သုံးသင့်ပါတယ်။
[embed-health-tool-bmr]