backup og meta

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်စေဖို့ တစ်နေ့တာကို ဒီလိုပြောင်းလဲပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်စေဖို့ တစ်နေ့တာကို ဒီလိုပြောင်းလဲပါ

    လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်နေတဲ့ အချက်တွေက တစ်ခုမကရှိနေနိုင်ပါတယ်။ ဒီအချက်တွေထဲမှာ ခန္ဓာကိုယ် အချိုးအစားကလည်း တစ်ခုအပါအဝင်ပေါ့။ ခန္ဓာကိုယ်အချိုးအစားဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကောက်ကြောင်းလှနေဖို့ထက် ကျန်းမာတဲ့ အချိုးအစားဖြစ်ဖို့က အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာတဲ့ခန္ဓာကိုယ် အချိုးအစားရစေဖို့ တစ်နေ့တာမှာ လုပ်ဆောင်သင့်တဲ့အချက်လေးတွေကိုပြောပြပေးပါရစေ။

    တစ်နေ့တာကို အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတာ အဆင်မပြေပါဘူး

    အခုနောက်ပိုင်းမှာ တိုးတက်လာတဲ့လူနေမှုအဆင့်အတန်းကိုလိုက်မီဖို့ကြိုးစားရင်း မနက် နေထွက်ချိန်ကစေလို့ ညနေ နေဝင်ချိန်အထိ အလုပ်တွေပဲဖိလုပ်မိနေပြီလား။ အလုပ်လုပ်တာက ကောင်းပေမယ့် ကျန်းမာရေးကို ဂရုစိုက်ဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒီတော့ အချိန်ကို အကျိုးရှိရှိအသုံးချလို့ ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက်လည်း လုပ်ဆောင်သင့်ပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားရစေဖို့ တစ်နေ့တာကို ဘယ်လိုပြောင်းလဲရမလဲ………

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားလေးဖြစ်စေဖို့ဆိုရင် ဂရုစိုက်ရမှာက တစ်ချက်မကရှိနေနိုင်ပါတယ်။ ဒီအချက်တွေအားလုံးကို သေချာလေးလုပ်ဆောင်ပေးမယ်ဆိုရင် ရောဂါကင်းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။

    အာဟာရပြည့်ဝအောင်စားပါ

    ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ အရေးအကြီးဆုံးက အာဟာရပြည့်ဝဖို့ပါ။ ဒါကြောင့် တစ်နေ့တာမှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ကိုလည်း သတိထားစေချင်ပါတယ်။ ဒါကြောင့် မနက်စာကနေစလို့ ညနေစာအထိ တစ်နပ်ချင်းစီတိုင်းမှာ အာဟာရပြည့်ဝအောင် စားသုံးပေးပါ။

    ပရိုတင်းပါ ပါစေ

    အရိုးနဲ့ကြွက်သားတွေ ကျန်းမာကြံ့ခိုင်စေဖို့အတွက် အရေးအကြီးဆုံးက ပရိုတင်းပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်းပြည့်ဝစွာပါဝင်နေဖို့ကိုလည်း သတိထားစေချင်ပါတယ်။ ပရိုတင်းဆိုတာနဲ့ အသားစားပါလို့ ပြောနေတာမဟုတ်ပါဘူး။ အသားစားတဲ့အခါမှာလည်း အဆီမပါတဲ့ အသားတွေက အဆင်အပြေဆုံးဖြစ်မှာပါ။ ဒါ့အပြင် ဥ၊ နို့ နဲ့ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုးတို့ကနေလည်း ပရိုတင်းကိုရရှိနိုင်ပါတယ်။

    ရေများများသောက်ပါ

    ရေသောက်တာက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ အချက်တစ်ခုပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်သလို ကျန်းမာတဲ့ ကိုယ်အလေးချိန်ဖြစ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၂ ဗူးလောက်ပုံမှန်သောက်ပေးပါ။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

    ယနေ့ခေတ်မှာ အများစုက အထိုင်များတဲ့ အလုပ်တွေကိုလုပ်လာကြပါတယ်။ အထိုင်များတာကကြာလာတဲ့အခါ ခန္ဓာကိုယ်အချိုးအစားကို ထိခိုက်စေနိုင်သလို ကျန်းမာရေးပေါ်မှာလည်း သက်ရောက်မှုတော်တော်လေးရှိလာပါတယ်။ ဒါကြောင့် မနက်ခင်းအလုပ်သွားတဲ့အခါမျိုး၊ အလုပ်ပြန်တဲ့အခါမျိုးမှာ မှတ်တိုင်ဆီလမ်းလျှောက်တာမျိုး၊ ကိုယ့်ကားနဲ့ကိုယ်ရုံးတက်တယ်ဆိုရင်လည်း ကားကို နည်းနည်းလှမ်းလှမ်းမှာ ရပ်ထားခဲ့ပြီး လမ်းလျှောက်သွားတာမျိုးက အဆင်ပြေမှာပါ။

    လေ့ကျင့်ခန်းလုပ်ပါ

    လူတော်တော်တော်များများက ကျန်းမာချင်ကြပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ကျတော့မေ့နေတတ်ပါတယ်။ တကယ်ကတော့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ဆိုရင် အနည်းဆုံးတစ်နေ့ကို နာရီဝက်လောက် ကနေ ၄၅ မိနစ်လောက်အထိလေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါမယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးတာက ခန္ဓာကိုယ်အချိုးအစားကို ကျန်းမာလှပစေမှာ အသေအချာပါပဲ။

    ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပါ

    ဗိုက်ဝရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အစာတွေကို အများကြီးစားချလိုက်ရင် အစာအိမ်ကလည်း အစာချေဖျက်ဖို့ ပိုကြာပါတယ်။  ဒီအစားအစာကနေ အာဟာရတွေ စုပ်ယူဖို့လည်း ခက်သွားနိုင်ပါတယ်။ အဆိုးဆုံးကတော့ အဆီတွေ၊ ကယ်လိုရီတွေ များပြီး ပုံသွားတဲ့အခါ အစာကလည်း မချေဖျက်နိုင်တော့ဘဲ ကိုယ်တွင်းမှာ အဆီပိုတွေများလာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အစားစားတဲ့အခါ ပမာဏနည်းနည်းနဲ့ အကြိမ်ကြိမ်ခွဲစားပေးပါ။

    သတိထားရမယ့်အလေ့အထတွေက ဘာတွေဖြစ်မလဲ………

    • ခန္ဓာကိုယ်လေး ကျန်းမာလှပနေစေဖို့ဆိုရင်
    • အိပ်ရေးဝဝအိပ်ပါ။ တစ်ညတာမှာ အိပ်ချိန် ၇ နာရီနဲ့ အထက်ရှိပါစေ။
    • အဆီများတာ၊ အငန်ကဲတာ နဲ့ အချိုကဲတာတွေကိုရှောင်ပါ
    • ညစာကို အသီးအရွက်များများစားပါ
    • နောက်ကျမှ ညစာစားတဲ့ အကျင့်ကိုဖျောက်ပါ
    • ရေသောက်မပျင်းပါနဲ့
    • အ​ကြာကြီးထိုင်နေတတ်တဲ့အကျင့်ကိုပြင်ပါ
    • ဆီကြော်စာတွေကို တတ်နိုင်သမျှလျှော့စားပါ။

    ဒီအလေ့အကျင့်လေးတွေကို ပုံမှန်လုပ်ဆောင်ပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်စေဖို့ အခုကစပြီး ကြိုးစားလိုက်ရအောင်လား…………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement