backup og meta

မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်

    အခုခေတ်မှာ အိမ်ရှင်မတွေအနေနဲ့ ဆီကုန်သက်သာပြီး အိုးမကပ်တဲ့ ဒယ်အိုးတွေ၊ ဟင်းချက်အိုးတွေအပြင် သတ္တုအမျိုးအစားအမျိုးမျိုးနဲ့ ထုတ်ထားတဲ့ အကင်အိုး၊ ပေါင်းအိုးတွေကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီး ရွေးချယ်စရာအမျိုးအစာတွေကလည်း စုံလင်လှပါတယ်။

    အမြင်လှအောင် ပြင်ဆင်ထားတဲ့ အိုးလေးတွေက မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နေသလဲဆိုတာကိုတော့ သေသေချာချာသိရှိတဲ့သူက ရှားမယ်ထင်ပါတယ်။

    တိုးတက်လာတဲ့ခေတ်နဲ့အညီ အပြိုင်အဆိုင်တီထွင်ထုတ်လုပ်လာတဲ့ အိုးလေးတွေရဲ့ နောက်ကွယ်က ကျွန်မအပါအဝင် အိမ်ရှင်မတော်တော်များများသတိမထားမိသေးတဲ့ သတိပြုစရာအချက်လေးတွေကို သိရှိနိုင်စေဖို့ လက်လှမ်းမီသမျှ မျှဝေပေးလိုက်ပါတယ်။

    မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်

    ကျွန်မတို့ရဲ့ ကျန်းမာရေးအပေါ်မှာ နေ့စဉ်စားသောက်လိုက်တဲ့ အစားအသောက်တွေက တော်တော်လေးကို လွှမ်းမိုးထားပါတယ်။ အစားအသောက်တွေရဲ့ အာဟာရဓာတ်တွေက အပူချိန်အလွန်အကျွံပေးမှုကြောင့် အလွယ်တကူပျက်စီးသွားနိုင်ပါတယ်။

    ချက်ပြုတ်အပူပေးတဲ့ အခါမှာ အသုံးပြုတဲ့ အိုးတွေမှာပါတဲ့ ဓာတ်သတ္တုတွေက အစားအသောက်တွေထဲကို စိမ့်ဝင်သွားတာမျိုးတွေကြောင့်လည်း အစားအသောက်တွေရဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားနိုင်ပါတယ်။

    ချက်ပြုတ်ရာမှာ သုံးတဲ့အိုးတွေရဲ့ ကိုယ်အတွင်းပါတဲ့ သတ္တုဓာတ်တွေက အစားအသောက်တွေထဲမှာပါတဲ့ အင်ဇိုင်းတွေနဲ့ အစားအသောက်တွေရဲ့ အရသာကိုပြောင်းလဲစေနိုင်သလို ခန္ဓာကိုယ်အတွင်းထဲအထိလည်း ရောက်ရှိသွားပါတယ်။

    မီးဖိုချောင်ထဲမှာ အသုံးပြုတဲ့ ပစ္စည်းတွေထဲက အချို့က အဆိပ်အတောက်ဖြစ်စေတဲ့ အငွေ့တွေ ထွက်ပေါ်စေနိုင်သလို အစားအသောက်တွေကနေတဆင့် ခန္ဓာကိုယ်တွင်းထဲကို ဓာတုပစ္စည်းတွေ ရောက်ရှိသွားစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းချင်းစုလာပြီး ကျန်းမာရေးကိုထိခိုက်တာမျိုးအထိဖြစ်လာစေပါတယ်။ ဒီတော့ မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ် တွေအကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    အလူမီနီယံအိုးတွေ

    အလူမီယံအိုးတွေက အသုံးများတဲ့ ဟင်းချက်အိုးတွေထဲက အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အလူမီနီယံဟင်းချက်အိုးတွေက ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အလူမီနီယံအိုးတွေနဲ့ချက်ပြုတ်တဲ့အခါ အိုးမှာပါရှိတဲ့ အလူမီနီယံဓာတ်တွေ အစားအသောက်တွေထဲကို ရောက်ရှိသွားပြီးနောက်ဆုံးခန္ဓာကိုယ်အတွင်းပိုင်းထဲအထိရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်တွင်းထဲမှာ အလူမီနီယံပမာဏများလွန်းတာက အက်စထရိုဂျင်ဟော်မုန်းကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို များစေပါတယ်။

    Copper အိုးတွေ

    Copper အိုးတွေကိုလည်း လူကြိုက်များကြပါတယ်။ အဆိုပါအိုးတွေက အပူပေးရမှာ တော်တော်လေးအဆင်ပြေပါတယ်။ Copper အိုးတွေက အပူပြင်းပြင်းပေးလိုက်တဲ့အခါ ချက်ပြုတ်တဲ့ အစားအသောက်တွေထဲကို Copper ဓာတ်တွေရောက်ရှိသွားပါတယ်။ Copper အိုးတချို့ကို အတွင်းပိုင်းကနေ နီကယ်လ်အုပ်ထားတာမျိုးလည်း ရှိတတ်ပါတယ်။ နီကယ်လ်ကလည်း ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်သတ္တုတစ်မျိုးဖြစ်ပြီး ဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    Cast iron အိုးတွေ

    Cast iron အိုးတွေက အရမ်းကို တာရှည်ခံပါတယ်။ ဒါပေမယ့် အိုးမှာပါတဲ့ သတ္တုဓာတ်တွေက အစားအသောက်တွေထဲကို ပျော်ဝင်သွားပြီး အစားအစာတွေထဲမှာပါတဲ့ အင်ဇိုင်းဓာတ်တွေကို ပြောင်းလဲစေပါတယ်။ နေ့စဉ်နေ့တိုင်း Cast iron အိုးနဲ့ အစားအစာတွေကို ချက်ပြုတ်နေမယ်ဆိုရင်တော့ အိုးမှာပါတဲ့ သတ္တုဓာတ်တွေက နေ့တိုင်းလိုလိုခန္ဓာကိုယ်ထဲရောက်ရှိသွားပြီး အချိန်ကြာလာတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အနေအထားအထိ ရောက်ရှိသွားနိုင်ပါတယ်။

    ကြွေထည်၊ မြေထည်နဲ့ ဖန်ထည် အိုးတွေ

    ကြွေထည်၊မြေထည်နဲ့ ဖန်ထည်အိုးတွေကို ခဲဓာတ်တွေထည့်ပြီးလုပ်ဆောင်လေ့ရှိပါတယ်။ ခဲဓာတ်တွေက အိုးတွေထဲကို ဓာတ်မစီးအောင် ကာကွယ်ပေးပြီး အရောင်မပြယ်အောင် လုပ်ဆောင်ပေးပါတယ်။ ထုတ်လုပ်တဲ့သူ ကွာခြားတဲ့အခါ အိုးတွေထဲမှာ ထည့်သွင်းပြုလုပ်ထားတဲ့ ခဲဓာတ်ပမာဏလည်း ကွာခြားနိုင်ပါတယ်။ အလှဆင်ရုံသက်သက်သာဆိုတဲ့ စာတန်းပါဝင်နေတဲ့ ကြွေထည်၊ မြေထည်နဲ့ ဖန်ထည် ပစ္စည်းတွေနဲ့ ချက်ပြုတ်တာမျိုးမလုပ်ပါနဲ့။

    စတိန်းလတ်စ်စတီးအိုးတွေ

    စတိန်းလတ်စ်စတီးအိုးတွေကို သံသတ္တု၊ ခရိုမီယံ၊ molybdenum၊ နီကယ်လ်၊ တိုက်တေနီယမ်၊ copper၊ vanadium တို့လိုမျိုး သတ္တုတွေနဲ့ အချိုးကျရောစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ စတိန်းလတ်စ်စတီးမှာ ပေါင်းစပ်ပါဝင်နေတဲ့ သတ္တုဓာတ်တွေက ချက်ပြုတ်တဲ့ အစားအသောက်တွေထဲကို စိမ့်ဝင်နိုင်ပါတယ်။ စတိန်းလတ်စ်စတီးမှာပါတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ သံသတ္တု၊ ခရိုမီယံနဲ့ နီကယ်လ်တွေက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

    တိုက်တေနီယမ်သတ္တုအိုးတွေ

    တိုက်တေနီယမ်သတ္တုနဲ့ လုပ်ထားတဲ့အိုးတွေက ကျန်းမာရေးအပေါ် ထိခိုက်မှုအနည်းဆုံးလို့ ဆိုရပါမယ်။ တိုက်တေနီယမ်သတ္တုက ဟင်းတွေချက်ပြုတ်နေစဉ်မှာ အစားအသောက်တွေကို ဓာတ်ပြုတာမျိုးတွေမရှိပါဘူး။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချတဲ့အနေနဲ့ အရည်အသွေးမြင့်တဲ့ တိုက်တေနီယမ်သတ္တုနဲ့ ပြုလုပ်ထားတဲ့ အိုးတွေနဲ့ ဟင်းချက်ပြုတ်ဖို့အကြံပြုလိုပါတယ်။ အရည်အသွေးမြင့်တဲ့ တိုက်တေနီယမ်သတ္တုအိုးတွေက ဈေးကြီးပေမယ့် တာရှည်အသုံးခံပြီး ကျန်းမာရေးအတွက် အန္တရာယ်ကင်းပါတယ်။

    မကပ်အိုးတွေနဲ့ ဒယ်အိုးတွေ

    အိုးမကပ်တဲ့ ဒယ်အိုးတွေက အိမ်ရှင်မတော်တော်များများရဲ့ အသည်းစွဲပစ္စည်းတစ်မျိုးဖြစ်မယ်ထင်ပါတယ်။ အသုံးပြုရလွယ်သလို သန့်ရှင်းရတာလည်း လွယ်ကူပါတယ်။ မျက်နှာပြင်မှာ အိုးကပ်တာမျိုး မဖြစ်စေဖို့အတွက် ဆီအများကြီးသုံးဖို့လည်း မလိုအပ်ပါဘူး။ ဒီအချက်ကြောင့်လည်း အိမ်ရှင်မတွေက အိုးမကပ်တဲ့ ဒယ်အိုးကို ကြိုက်နှစ်သက်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုးမကပ်တဲ့ ဒယ်အိုးရဲ့ အတွင်းပိုင်းမျက်နှာပြင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေပါဝင်နေတာကို တော်တော်များများက သတိမထားမိကြပါဘူး။

    အိုးမကပ်တဲ့ ဒယ်အိုးတွေဟာ အပူချိန်ပြင်းပြင်းပေးလိုက်တဲ့အခါ (သို့) အချိန်အကြာကြီးမီးဖိုပေါ်မှာထားလိုက်တဲ့အခါမျိုးမှာ အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေထွက်လာတာမျိုးတွေ ဖြစ်ပေါ်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဆိုပါ အဆိပ်ဖြစ်စေတဲ့ အငွေ့တွေက လူတွေမှာ တုပ်ကွေးဖြစ်တဲ့ လက္ခဏာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။

    အိုးမကပ်တဲ့ ဒယ်အိုးတွေက အစားအသောက်တွေကို အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ တိုက်ရိုက် ထိတွေ့စေတာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အိုးမကပ်တဲ့ ဒယ်အိုးအများစုမှာ ပါဝင်တတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ perfluorooctanoic အက်ဆစ် (PFOA) က သွေးတွင်းကိုလက်စထရောတိုးစေတာ၊ သိုင်းရွိုက်ရောဂါနဲ့ မျိုးမအောင်တာမျိုးတွေ ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    အစားအသောက်ထည့်တဲ့ဗူးတွေ

    ပလပ်စတစ်ဗူးတွေနဲ့ အစားအသောက်လေးတွေကို ထည့်ပြီးသယ်သွားတာက သယ်ဆောင်ရလွယ်ကူတယ်ဆိုပေမယ့် အန္တရာယ်များလှပါတယ်။ ပလပ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေဖြစ်ကြတဲ့ Bisphenol A (BPA)၊ Polyvinyl Chloride (PVC) နဲ့ phthalatesတွေက အစားအသောက်တွေထဲကို ရောက်ရှိသွားတာမျိုးတွေရှိပါတယ်။

    ပလပ်စတစ်မှာပါဝင်တဲ့Bisphenol A (BPA) ကကင်ဆာဖြစ်စေနိုင်သလို ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အစားအသောက်တွေကို ပလပ်စတစ်ဗူးတွေနဲ့ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ အပူပေးတာမျိုး မလုပ်ပါနဲ့။ အပူအရမ်းပြင်းတဲ့အခါ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ထွက်လာတတ်ပါတယ်။

    လေ့လာမှုတစ်ရပ်အရ ဆီးထဲမှာ BPA ပါဝင်မှုပမာဏများတာက ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အသည်းအဆိပ်သင့်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ခြေကို များစေနိုင်တယ်လို့ သိရပါတယ်။

    စဉ်းတီတုံးတွေ

    အိမ်တော်တော်များများမှာ အခုနောက်ပိုင်း မန်းကျည်းသားနဲ့ ပြုလုပ်တဲ့ စဉ်းတီတုံးတွေ၊ သစ်သားနဲ့လုပ်ထားတဲ့ စဉ်းတီတုံးတွေအစား ပလပ်စတစ်နဲ့လုပ်တဲ့ စဉ်းတီတုံးတွေကို အသုံးပြုလာကြပါတယ်။ ပလပ်စတစ်စဉ်းတီတုံးတွေက ပိုမိုဘေးကင်းပြီး စိတ်ချရတယ်လို့ယူဆရပေမယ့် ပလပ်စတစ်စဉ်းတီးတုံးပေါ်မှာ စားသောက်စရာတွေကို ဓားနဲ့လှီးဖြတ်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ အစင်းတွေက ဘက်တီးရီးယားတွေ ခိုအောင်းဖို့အကောင်းဆုံးသောနေရာတွေပဲဖြစ်ကြပါတယ်။

    ဘေးကင်းစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းကတော့ ဝါးနဲ့ သစ်သားတွေနဲ့လုပ်ထားတဲ့ စဉ်းတီတုံးကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဝါးနဲ့ သစ်မာသားတွေမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ သဘာဝအစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။ ဝါးနဲ့ သစ်မာသားကိုအသုံးပြုပြီးလုပ်ထားတဲ့ စဉ်းတီတုံးတွေပေါ်မှာ အစားအစာတွေကို ဓားနဲ့လှီးဖြတ်တဲ့အခါ အစင်းကြောင်းလေးတွေဖြစ်ပေါ်ပြီး ဘက်တီးရီးယားတွေပုန်းအောင်းနိုင်တယ်ဆိုပေမယ့် အချိန်ကြာကြာတော့ အသက်ရှင်မနေနိုင်ကြပါဘူး။ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာသေဆုံးသွားတတ်ကြပါတယ်။

    မီးဖိုချောင်သုံးပစ္စည်းတွေကို ဘေးကင်းအောင်ဘယ်လိုသုံးမလဲ

    မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ် တွေကို ကာကွယ်ဖို့ ဒီအချက်လေးတွေကို လိုက်နာစေချင်ပါတယ်။

    Cast-iron အိုးတွေက လူကြိုက်များတဲ့ အိုးတွေထဲကတစ်ခုပါ။ အရည်အသွေးကောင်းမွန်တဲ့ Cast-iron အိုးတွေမှာ အခြားဓာတုပစ္စည်းတွေ ထပ်မံဖြည့်စွက်ထားတာမျိုးမရှိပါဘူး။ အရည်အသွေးကောင်းတဲ့ Cast-iron အိုးတွေနဲ့ချက်ပြုတ်တဲ့အခါ အစားအသောက်တွေထဲကို စိမ့်ဝင်ရောက်ရှိသွားနိုင်တဲ့ သတ္တုဓာတ်က သံသတ္တုဓာတ်တစ်မျိုးပဲရှိပါတယ်။

    မကပ်တဲ့ ဒယ်အိုးတွေနဲ့ မတူတာတစ်ခုက အပူချိန်ဘယ်လောက်ပဲပေးရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိတာဘဲ ဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ Cast-iron အိုးတွေကို ရွေးချယ်ဝယ်ယူမိဖို့တော့ လိုအပ်ပါတယ်။ အလားတူပဲ စတိန်းလတ်စ်စတီးအိုးတွေနဲ့ အခြားသတ္တုတွေနဲ့လုပ်ထားတဲ့ အိုးတွေကိုဝယ်ယူတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်တဲ့အိုးတွေကို ဝယ်ယူအသုံးပြုဖို့လိုအပ်ပါတယ်။

    Teflonနဲ့ မကပ်တဲ့အိုးတွေရဲ့ မျက်နှာပြင်မှာသုတ်ထားတဲ့အရာတွေက မျိုချမိတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်တယ်ဆိုတာကို တော်တော်များများက သိထားပြီးသားပါ။ အပူချိန် ၅၀၀ ဒီဂရီ နဲ့ ၅၀၀ ဒီဂရီအထက်အပူပေးတဲ့အခါ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေထွက်ပေါ်လာစေပါတယ်။

    အဆိုပါ ဓာတုပစ္စည်းတွေက မိုက်ခရိုဝေ့မီးဖိုနဲ့ ဖောက်ထားတဲ့ ပြောင်းဖူပေါက်ပေါက်တွေကို ထုတ်ပိုးတဲ့ အိတ်တွေ၊ အမြန်စား အစာအသောက်တွေကို ထည့်တဲ့ ခွက်တွေ၊ ဘူးတွေမှာပါ ပါဝင်တတ်ပါတယ်။

    အဆိုပါ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့တာကိုရှောင်ရှားစေနိုင်ဖို့ဆိုရင်အောက်ပါအချက်လေးတွေကို လုပ်ဆောင်ကြည့်ဖို့လိုပါတယ်။

    • မကပ်တဲ့အိုးတွေကို အပူချိန်ပြင်းပြင်းပေးပြီး အစားအသောက်တွေ ချက်ပြုတ်တာမျိုး မလုပ်ပါနဲ့။
    • မကပ်တဲ့အိုးတွေကို အပူချိန် ၅၀၀ ဒီဂရီအထက်နဲ့ အပူပေးတာမျိုးမလုပ်ပါနဲ့။
    • မကပ်တဲ့အိုးတွေကိုသုံးပြီးချက်တဲ့အခါ အိုးအပေါ်မှာ ညှော်နံ့စုပ်တဲ့ပန်ကာတွေကို ဖွင့်ထားပေးပါ။
    • ဘေးကင်းတဲ့ သတ္တုနဲ့ လုပ်ထားတဲ့ အိုးမျိုးကို ရွေးချယ်ဝယ်ယူပေးပါ။ အရည်အသွေးကောင်းတဲ့ အိုးတွေကို ရွေးချယ်ဝယ်ယူဖို့တော့လိုအပ်ပါတယ်။
    • မိုက်ခရိုဝေ့နဲ့ ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်တွေ၊ အမြန်စားအစားအစာတွေကို ရှောင်ကြဉ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement