brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Air fryerတွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။

သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryerတွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryerနဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။ အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryerက ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။

Air fryerတွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။

Air fryerရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryerက ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air fryerကို သုံးမယ်ဆိုရင် သာမန်ထက် ဆီအသုံးပြုတာကို ၇၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်တဲ့။ ဥပမာ ပြောရမယ်ဆိုရင် ဆီ၃ခွက် (၇၅၀ မီလီလီတာ)လောက်ထဲကို နှစ်မြုပ်ပြီး ကြော်ရမယ့်အစား ဆီစားပွဲတင်ဇွန်း တစ်ဇွန်း (၁၅မီလီလီတာ)လောက်ပဲ လိုအပ်ပါတော့တယ်။

ဆီနဲ့ နှစ်ပြီး ကြော်တာက ဆီတွေ အကုန်လုံး အကြော်ထဲ ဝင်မသွားဘူးဆိုပေမယ့် ဆီပမာဏများများ ဝင်သွားတာတော့ အမှန်ပါ။ Air fryerက လေပူကို အဓိက သုံးပြီး ကြော်လှော်တာကြောင့် ဆီပမာဏ အများကြီး မလိုပါဘူး။

  • ဝိတ်ချတဲ့ နေရာမှာ အထောက်အကူပြုတယ်။

အကြော်အလှော်တွေက ဆီများရုံတင် မကပါဘူး။ ကယ်လိုရီလည်း ပါဝင်မှု များပါတယ်။ ဝိတ်ချချင်ပေမယ့် ဆီကြော်တွေကို မစွန့်လွှတ်နိုင်သေးဘူးဆိုရင် Air fryerက ကူညီပေးပါလိမ့်မယ်။ အကြော်အလှော်ခြင်း တူပေမယ့် အရင်ကထက် ဆီပိုနည်းတာကြောင့် ထင်သလောက် ဝိတ်တက်မှာ မဟုတ်တော့ဘူး။

  • အန္တရာယ်ရှိစေတဲ့ ဒြပ်ပေါင်းတွေ ထွက်ရှိမှုကို နည်းစေတယ်။

အကြော်အလှော်တွေက အဆီနဲ့ ကယ်လိုရီများရုံတင် မဟုတ်ပါဘူး။ Acrylamideလို့ ခေါ်တဲ့ ဒြပ်ပေါင်းတွေကိုလည်း ထွက်စေပါတယ်။ Acrylamideဆိုတာ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေကို အပူပြင်းပြင်းနဲ့ ချက်ပြုတ်တဲ့အခါမှာ ထွက်တာတာပဲ ဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းက ကင်ဆာဖြစ်စေနိုင်တဲ့ သတ္တိရှိပါတယ်။

လေ့လာချက်တစ်ခုမှာတော့ Air fryerက သာမန်ဆီထက် နှစ်ပြီး ချက်ပြုတ်တာထက် acrylamideထွက်တာ ၉၀ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆိုပါတယ်။

Air fryerတွေက ကျန်းမာရေးနဲ့ ညီညွတ်စေသလား။

Air fryerက သာမန်ချက်ပြုတ်တာထက် ပိုကောင်းတယ်ဆိုပေမယ့် လုံးဝကျန်းမာရေးနဲ့ ညီညွတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့

Air fryerက ဆီနည်းတယ်၊ လုပ်ရတာလည်း လွယ်တဲ့အတွက် မကြာခဏဆိုသလို ချက်ပြုတ်စားနေမိပါတယ်။ ဥပမာ ဝက်သုံးထပ်သားကြော်ဆိုရင် သာမန်အချိန်မှာ ဆီများများနဲ့ ကြော်ရမှာမို့လို့ မစားဖြစ်ပေမယ့် Air fryerဆိုရင်တော့ လွယ်လည်းလွယ်၊ မြန်လည်း မြန်၊ ဆီလည်း သိပ်ထည့်စရာ မလိုတော့ မကြာခဏ စားမိတတ်ပါတယ်။

တခြား အကြော်အလှော်တွေလည်း ဒီလိုပါပဲ။ ပုံမှန်ဆို ဆီများလို့ ရှောင်မိပေမယ့် Air fryerနဲ့ ချက်တာပဲလေဆိုပြီး မကြာခဏ စားမိနေတာကို သတိထားမိပါရဲ့လား။ Air fryerက ဆီနည်းတယ်ဆိုပေမယ့် ဆီလုံးဝမပါတောတော့ မဟုတ်ပါဘူး။ မကြာခဏ စားမယ်ဆိုရင် ဆီနည်းပေမယ့် မကြာခင်မှာ စုမိဆောင်းမိ ဖြစ်လာမှာပါ။

  • အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေ ထွက်လာနိုင်တယ်။

Acrylamide ထွက်တဲ့ ပမာဏ နည်းတယ်ဆိုပေမယ့် တခြား အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေကိုလည်း သတိထားရဦးမှာပါ။ ဥပမာ Aldehydes, heterocyclic amines နဲ့ polycyclic aromatic hydrocarbons တို့ဆိုတာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပြီး ဘာနဲ့ပဲ ချက်ချက် မီးပြင်းပြင်းနဲ့ ချက်ရင် ထွက်လာနိုင်ပါတယ်။ မီးပြင်းတာနဲ့ အဓိကသက်ဆိုင်နေတာကြောင့် Air fryerနဲ့ ချက်ရင်ရော ဒါတွေ ထွက်လာနိုင်လားဆိုတာ လေ့လာမှုတွေ လုပ်နေကြပါပြီ။

ဒီလို အချက်တွေ ရှိနေတာကြောင့် Air fryerကို မသုံးရတော့ဘူးလားလို့ တွေးစရာရှိပါတယ်။ သာမန်ချက်ပြုတ်တာထက် ဆီနည်းတာကြောင့် ကြော်မယ် လှော်မယ်ဆိုရင်တော့ Air fryerကို ရွေးချယ်သင့်ပါတယ်။

ဒါပေမယ့် အကြော်အလှော်ဆိုတာက ဘာပဲဖြစ်ဖြစ် ဆီပါနေတာပဲဆိုတော့ အလွန်အကျွံ မစားဖို့ ထိန်းရပါမယ်။ အကြော်အလှော်တွေထက် လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/12/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။