
အဆီအဆိမ့်တွေ အငန်တွေလျှော့၊ အသီးတွေ အရွက်တွေ စားရမယ်ဆိုတာကတော့ ဟုတ်ပါပြီ။ အသီးအရွက်တွေကို ဘယ်လိုစားနေကြပါသလဲ။ ဘယ်လိုစားရမလဲ ပါးစပ်နဲ့ စားတာပေါ့နော်။ ဒါကိုပြောချင်တာ မဟုတ်ပါဘူး။ အစားအစာတွေကို စားတဲ့အခါ အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား ဆိုတာပါ။
ဆိုလိုတာက ဘယ်အသီးအရွက်ကို အစိမ်းစားပြီး ဘယ်အသီးအရွက်ကို ချက်ပြုတ်စားတာကောင်းသလဲဆိုတာ သင်သိပါသလား။ တချို့က ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝအာဟာရဓာတ်တွေက အပူနဲ့ထိတွေ့တဲ့အခါ ပျက်ပြယ်သွားတတ်ကြတာမို့ အစိမ်းစားတာ ပိုကောင်းပါတယ်၊ တချို့ကျတော့ အပူပေးလည်း အာဟာရဓာတ်ဆုံးရှုံးမှု မရှိနိုင်တာကြောင့် ချက်ပြုတ်စားတာက သန့်ရှင်းမှုအတွက် စိတ်ချရပါတယ်၊ ဘယ်ဟာတွေကို ဘယ်လိုစားတာ အာဟာရဓာတ်ပိုရနိုင်မလဲ ဆက်ကြည့်ရအောင်။
အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား ဆိုတော့
ဟင်းချက်တိုင်းပါတတ်တဲ့ ကြက်သွန်ဖြူကို အစိမ်းစားတာလည်း ကောင်းပါတယ်။ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝလို့ သွေးဖိအားကိုထိန်းညှိနိုင်ပြီး ကင်ဆာကာကွယ်ပေးနိုင်ပါတယ်။ ချက်စားတာလည်း ဒီဓာတ်တွေရနိုင်ပေမယ့် အစိမ်းထက်တော့ အာဟာရဓာတ်တွေ လျော့စေနိုင်ပါတယ်။ မြန်မာ့ဓလေ့မှာတော့ လက်ဖက်သုပ်နဲ့ ကြက်သွန်ဖြူတွဲစားကြတာက ဆေးဖက်ဝင်အာနိသင်ကို ထည့်တွေးထားပုံရပါတယ်။
ခုခေတ်မှာတော့ ကြက်သွန်ဖြူရော၊ အနီရော အစိမ်းစားရင် ခံတွင်းနံမှာကြောက်လို့ သိပ်မစားကြပါဘူး။ ဒီတော့ ကြက်သွန်ဖြူအစိမ်းစားဖို့က အချဉ်ထောင်းစားတာ၊ ငါးပိထောင်းစားတာတွေနဲ့ဆို အိုကေပဲ။ ထိုင်းအစားအစာဆိုပြီး အထောင်းတွေတောင်အမျိုးမျိုး စားကြတယ်မဟုတ်လား။
မြင်းခွာရွက်လို တို့စားလို့ရတဲ့ အစိမ်းရောင်အရွက်တွေကို အစိမ်းလည်းစားပေးပါ။ သဘာဝအရောင်ဖြစ်တဲ့ အစိမ်းရောင်က chlorophyll ပါဝင်မှုကြောင့် ကျန်းမာရေးအကျိုးကျေးဇူးရှိနေတာပါ။ အစိမ်းရောင်မပျက်အောင် ချက်နိုင်ရင်တော့ အာဟာရဓာတ်တွေ ထိုက်သင့်သလောက်ရနိုင်ပါတယ်။