backup og meta

နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

     နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ်

     နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် …. နှလုံးရောဂါဆိုတာ ဒီနေ့အထိ တစ်ကမ္ဘာလုံးမှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ရောဂါဖြစ်နေဆဲပါ။ ၂၀၁၆ တစ်နှစ်တည်း မှာတင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါကြောင့် သေဆုံးသူတစ်ကမ္ဘာလုံးမှာ ၁၈ သန်းနီးပါးရှိပါတယ်။

    သေဆုံးသူ တွေထဲက ၄ပုံ ၃ပုံလောက်က ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေကဖြစ်တာကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့စားသောက်မှုပုံစံကို ဆင်ခြင်လိုက်မယ်ဆို ကြောက်စရာကောင်းတဲ့နှလုံးရောဂါအန္တရာယ်က ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် စားသောက်သင့်တဲ့အစားအစာတွေနဲ့ ရှောင်ကျဉ်သင့် တဲ့အစားအစာတွေကို ပြောပြချင်ပါတယ်။

     နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ်

    နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် ဆိုတာကို လိုရင်းနဲ့တိုတိုပြောရရင် နှလုံးကျန်းမာရေးအတွက် အဓိကစားသုံးပေးရမယ့်အစားအစာအုပ်စု (၃) မျိုးရှိပြီး ဒါတွေက ဟင်းသီးဟင်းရွက်တွေရယ်၊ ငါးကြီးဆီရယ်နဲ့ မပြုပြင်ထားတဲ့အစေ့အဆန်၊ဂျုံကြမ်း၊ ဆန်ကြမ်းတွေပဲဖြစ်ပါတယ်။

    ဟင်းသီးဟင်းရွက်များ – အစားအစာကို အရောင်အသွေးစုံလင်အောင်စားသောက်ပါ ဆိုတဲ့စကားအတိုင်းပဲ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံကို နေ့စဥ်စားသောက်ပေးသင့်ပါတယ်။ တစ်မျိုးချင်းစီမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက နှလုံးကျန်းမာရေးကိုထိန်းညှိဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် မျိုးစုံပါဝင်သလို ကယ်လ်လိုရီဓာတ်လည်းနည်းတာကြောင့် လိုအပ်တဲ့အာဟာရတွေလည်း ရရှိစေမှာပါ။

    နောက်ပြီး အမျှင်ဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပြီး နည်းနည်းစားရုံနဲ့ဗိုက်ပြည့်စေပါတယ်။ ဒါပေမဲ့တွေ့သမျှအကုန်လျှောက်စားလို့လည်း မဖြစ်ပါဘူး။

    ဆားနဲ့အချိုဓာတ်ကဲပြီး ပြုပြင်ထုတ်လုပ်ထားတဲ့ သစ်သီးဝလံတွေ၊ ချဉ်ဖတ်တွေ၊ အုန်းနို့တွေ၊ အာလူးနဲ့ ကန်စွန်းဥလို ကစီဓာတ်များတဲ့အစားအစာတွေ၊ ဆီထဲနှစ်ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သလောက်လျှော့စားရပါမယ်။ နှလုံးကျန်းမာရေးကို အဓိကဒုက္ခပေးတဲ့ အငန်ဓာတ်ကို တတ်နိုင်သလောက် ရှောင်ပါ။

    ငါးကြီးဆီ – ငါးကြီးဆီထဲမှာပါတဲ့ အိုမီဂါ-၃ အဆီက ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့အဆီဖြစ်ပါတယ်။ အိုမီဂါ -၃ ဓာတ်က အဆစ်အမြစ်ရောင်ရမ်းခြင်းလို ပြဿနာတွေကိုသက်သာစေနိုင်ပြီး နှလုံးနဲ့ ဦးနှောက်ကျန်းမာရေး အတွက်ပါ အထောက်အပံ့ပေးနိုင်ပါတယ်။ အိုမီဂါ -၃ ကို ငါးကြီးဆီသောက်သုံးရင်ပဲဖြစ်ဖြစ် အဆီဓာတ်ကြွယ်၀ တဲ့ငါးတွေစားသုံးရင်ဖြစ်ဖြစ်ရရှိနိုင်ပါတယ်။ ဆာလ်မွန်ငါး၊ ငါးသလောက်၊ ဆာဒင်းငါး၊ ငါးကွမ်းရှပ် လိုငါးတွေမှာ အိုမီဂါ -၃ ပါဝင်မှုများတဲ့အတွက် မကြာခဏစားသုံးပေးသင့်ပါတယ်။

    မပြုပြင်ထားသောအစေ့အဆန်၊ ဂျုံကြမ်း၊ဆန်ကြမ်းများ၊ အခွံမာသီးနှင့်အစေ့အဆန်များ – အမြင်မလှပေမဲ့ ပေါင်မုန့်ညိုညိုကြမ်းကြမ်းကြီးတွေ၊ ဆန်လုံးကြမ်းတွေကိုစားသုံးပေးရင် နှလုံးကျန်းမာရေးကို အများကြီး အထောက်အကူပေးနိုင်ပါတယ်။ အမျှင်ဓာတ်အများကြီးပါတာကြောင့် အစာခြေဖျက်ဖို့အချိန်ပိုယူရပြီး တစ်ခါစားပြီးရင်အတော်ကြာအောင်ဗိုက်ပြည့်နေမှာပါ။ နောက်ပြီး အမျှင်ဓာတ်က အူလမ်းကြောင်း ကျန်းမာရေး ကိုကောင်းမွန်စေတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတာတွေလည်း အဖြစ်နည်းသွားမှာပါ။ အခွံမာသီးနဲ့ အစေ့အဆံတွေက ကယ်လိုရီပါဝင်မှုများတဲ့အတွက် အဆာပြေအနေနဲ့လည်း ရံဖန်ရံခါစားသုံးပေးနိုင်ပါတယ်။

    ဆင်ခြင်ရမယ့်စားအစာများ

    အနီရောင်အသားများ၊ ပြုပြင်ထားသောအသားများ – အမဲသား၊ ဆိတ်သား၊ ဝက်သားလိုအနီရောင်ရှိတဲ့ အသားတွေက ပြည့်ဝဆီပါဝင်မှုများပါတယ်။ ပြည့်ဝဆီစားသုံးမှုများလေ သွေးတွင်းကိုယ်လက်စထရောဓာတ် မြင့်တက်လာလေဖြစ်ပြီး နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်းလို သွေးကြောဆိုင်ရာပြဿနာတွေ ပိုကြုံရနိုင်ပါတယ်။ ဒီလိုအသားတွေကို စားသုံးမယ်ဆိုရင် အဆီပါဝင်မှုနည်းတဲ့အပိုင်းကိုပဲရွေးချယ်ပြီး ဆီနည်းနည်းနဲ့ချက်ပြုတ်စားသုံးတာ ပိုသင့်တော်ပါလိမ့်မယ်။ ပရိုတင်းဓာတ် (အသားဓာတ်) ကိုကြက်သား၊ ဘဲသား၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးစားသုံးရင်လည်း ရရှိတဲ့အတွက် ဒါတွေကိုပါတစ်လှည့်စီစားသုံး ပေးသင့်ပါတယ်။

    သရေစာများပြုပြင်ထားသောအစားအသောက်များအားဖြည့်အချိုရည်၊ ဆိုဒါ၊ ကွတ်ကီး၊ ဘီစကစ် လိုသရေစာတွေမှာ သကြားနဲ့ဆားဓာတ်တွေ လိုအပ်တာထက် အများကြီးပိုပါဝင်နေပါတယ်။အရွယ်ရောက်လူကြီး တစ်ယောက်က တစ်နေ့ကို သကြားဓာတ် ၁၀၀ ကနေ ၁၅၀ ကယ်လိုရီနဲ့ ဆားဓာတ် ၂၃၀၀ မီလီဂရမ် ထက်ပိုပြီး မစားသုံးသင့်ပါဘူး။

    စားရအဆင်ပြေအောင်၊ အရသာပိုကောင်းအောင်၊ ကြာရှည်အထားခံအောင် စတဲ့အကြောင်းအမျိုးမျိုးနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့အစားအသောက်တွေမှာ သကြား၊ ဆား၊ ပြည့်ဝဆီတွေ အများကြီးပါဝင်နေပြီး အနံ့အရသာ၊အရောင်အဆင်းပိုကောင်းအောင်ထည့်ထားတဲ့ဓာတုဓာတ်တွေလည်း ပါနေပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက်ဆိုင်တွေကနေ အသင့်စားအစားအစာတွေမဝယ်ယူဘဲ ကိုယ့်ဖာသာအိမ်မှာ ချက်ပြုတ်စားသောက်ဖို့တိုက်တွန်းပါရစေ။

    သန့်စင်ထားတဲ့ကာဘိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေ – စားသောက်ဆိုင်နဲ့ စူပါမားကတ်တွေမှာ အများဆုံးမြင်တွေ့ရတဲ့ ပေါင်မုန့်ဖြူဖြူတွေ၊ ဆန်လုံးစေ့ဖြူဖြူတွေ၊ ကိတ်မုန့်တွေ၊ ဒိုးနတ်တွေက တကယ်တော့ရေရှည်မှာ နှလုံးကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အမြင်လှအောင် ပြုပြင်ထုတ်လုပ်ရတဲ့အတွက် ဒီလိုပေါင်မုန့်၊ ဂျုံမှုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှုနည်းပါတယ်။

    ဒါ့ကြောင့်စားပြီးခဏလေးနဲ့ အစာချေဖျက်ပြီးသားဖြစ်သွားပါတယ်။ နောက်ပြီး သကြားပါဝင်မှုလည်းများတဲ့အတွက်ကြောင့် ဆီးချိုရောဂါဖြစ်ပွားလာနိုင်ခြေလည်း ရှိပါတယ်။ ဒါ့ကြောင့်မို့ ဘာမှမပြုပြင်ရသေးတဲ့ ပေါင်မုန့်ကြမ်း၊  ဂျုံမှုန့်ကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေကို ဦးစားပေးစားသုံးပြီး နှလုံးကျန်းမာရေးကို ဂရုစိုက် သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement