backup og meta

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

    နှစ်ပေါင်း ၄၀၀၀ ကျော်စိုက်ပျိုးစားသုံးလာတဲ့ သစ်သီးတစ်မျိုးဖြစ်တဲ့သရက်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကို ပြောပြချင်ပါတယ်။

    သရက်သီးတွေက အိန္ဒိယတိုက်နဲ့ အရှေ့တောင်အာရှဒေသရဲ့ မျိုးရင်းတွေဖြစ်ပြီး အရသာအလွန်ရှိတဲ့သစ်သီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီးရဲ့အရသာရှိမှုကြောင့် အသီးမှာသရက်ဆိုပြီးတောင် ပြောဆိုကြတယ်မဟုတ်လား။ အနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေလည်းအများကြီးရှိတာမို့ ဒီအကြောင်းလေး နည်းနည်းလောက်ပြောပြချင်ပါတယ်။

    ကိုယ်ခံအားကောင်းစေတယ်

    သရက်သီးထဲမှာ ဗီတာမင် အေ၊ စီ၊ ကေ၊ အီးနဲ့ ဗီတာမင် ဘီမျိုးစုံပါဝင်နေလို့ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တာ အသေအချာပါပဲ။ ကူးစက်ရောဂါမျိုးစုံကိုတိုက်ထုတ်တဲ့နေရာမှာဗီတာမင် အေကို မရှိမဖြစ်လိုအပ်ပြီး ဗီတာမင် အေ လုံလုံလောက်လောက်ရှိနေရင်ရောဂါကူးစက်ခံခဲ့ရရင်တောင် နောက်ဆက်တွဲပြဿနာတွေခံစားရတာ နည်းတာကိုတွေ့ရပါတယ်။ ပြင်ပရောဂါတွေကို တိုက်ထုတ်တဲ့နေရာမှာလိုအပ်တဲ့နောက်ထပ်ဆဲလ်တစ်မျိုးဖြစ်တဲ့ သွေးဖြူဥတွေထုတ်လုပ်ဖို့ ဗီတာမင် စီလိုအပ်ပါတယ်။ သရက်သီးကိုအတော်အသင့်တစ်ကြိမ်လောက်စားသုံး လိုက်ရုံနဲ့ နေ့စဉ်လိုအပ်တဲ့ဗီတာမင် စီပမာဏ ၃ ပုံတစ်ပုံလောက်ရရှိသွားနိုင်တာမို့ ကိုယ်ခံအားအတွက် မဖြစ်မနေ စားသုံးသင့်တဲ့သစ်သီးတစ်မျိုးလို့ဆိုရမှာပါ။ နောက်ပြီး သရက်သီးထဲမှာဖောလစ်ဓာတ်လည်း ပါပါ သေးတယ်။ ဒီအင်အေဆဲလ်ပွားဖို့နဲ့ ကျန်းမာတဲ့ဆဲလ်တွေတည်ဆောက်ဖို့ ဖောလစ်ဓာတ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ကလေးရဲ့အာရုံကြောစနစ်တည်ဆောက်ဖို့ဖောလစ်ဓာတ်တစ်ရက်ကို ၄၀၀ မီလီဂရမ် လောက်တောင်လိုအပ်တာမို့ သရက်သီးဟာကိုယ်ဝန်ဆောင်တွေအတွက်လည်းစားသုံးသင့်တဲ့ အစားအစာထဲ မှာပါဝင်ပါတယ်။

    နှလုံးကျန်းမာရေးကို အထောက်အကူပေးတယ်

    သရက်သီးထဲမှာဗီတာမင်ဓာတ်တွေတင်မကဘဲ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါ သေးတယ်။ ဒီဓာတ်တွေကသွေးကြောတွေကိုအလုပ်ပုံမှန်လုပ်နိုင်အောင် ကူညီပေးတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးသွေးခုန်နှုန်းလည်းမှန်စေပါတယ်။ လေ့လာဆဲအဆင့်ပဲရှိသေးပေမဲ့ သရက်သီးထဲမှာတွေ့ရတဲ့ mangiferin လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ဓာတ်က နှလုံးနံရံရောင်ရမ်းခြင်းကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်တယ်လို့ ယူဆကြပါတယ်။

    ဝမ်းမချုပ်အောင်ကာကွယ်ပေးတယ်

    သရက်သီးထဲမှာဆိုရင် အမျှင်ဓာတ်နဲ့ အစာခြေအင်ဇိုင်းတစ်မျိုးဖြစ်တဲ့ amylase ပါဝင်တာမို့အူလမ်းကြောင်း ကျန်းမာရေးအတွက်အများကြီးအကျိုးရှိစေပါတယ်။ စားသောက်လိုက်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို Amylase အင်ဇိုင်းတွေက ကောင်းကောင်းကြီးခြေဖျက်ပေးနိုင်ပါတယ်။ သရက်သီးမှည့်မှာ အမျှင်ဓာတ်နဲ့ရေဓာတ်ကြွယ်၀ ပြီး ဒီဓာတ် ၂ မျိုးစလုံးက အစာခြေစနစ်မှာအဓိကအသုံးတော်ခံသူတွေပါ။ ဒါ့ကြောင့်သရက်သီးမကြာခဏ စားသုံးပေးတဲ့သူက ဝမ်းချုပ်၊ ဝမ်းလျှောပြဿနာတွေ ကင်းဝေးမှာအသေအချာပါပဲ။

    အသားအရေ စိုပြေဝင်းလက်စေတယ်

    ဒီအချက်က အပေါ်ဆုံးမှာပြောခဲ့တဲ့ဗီတာမင်ဓာတ်တွေကြောင့်လည်းဖြစ်ပါတယ်။ ဗီတာမင် စီဆိုတာ ခန္ဓာကိုယ် အတွက်မရှိမဖြစ်ဗီတာမင်တစ်ခုဖြစ်ပါတယ်။ အသားအရည်လှပဖို့လိုအပ်တဲ့ ကိုလာဂျင်ဓာတ်ကို ဗီတာမင် စီကနေ ဖွဲ့စည်းရတာပါ။ ဦးရေပြားကျန်းမာရေးနဲ့ ဆံနွယ်တွေလှပဖို့ အားပေးတဲ့ဗီတာမင် အေဓာတ်ကိုလည်း သရက်သီးကနေ ရရှိနိုင်ပါသေးတယ်။ ဒီဗီတာမင်ဓာတ် ၂ မျိုးအပြင် သရက်သီးမှာ ပေါ်လီဖီနောလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်းပါဝင်ပြီး သူကစိတ်ဖိစီးမှုကြောင့် ဦးရေပြားကမွှေးလုံး (Hair Follicles) တွေပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။

    ကင်ဆာရောဂါတချို့ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်

    သရက်သီးထဲမှာပါတဲ့ ဘီတာကရိုတင်းနဲ့ ပေါ်လီဖီနောဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကင်ဆာရောဂါတွေကို တိုက်ထုတ်တဲ့နေရာမှာ အတော်လေးအရေးပါတာကိုတွေ့ရပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေအရ ပေါ်လီဖီနောဓာတ်က သွေးကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာ ဆဲလ်တွေကို ဟန့်တားနိုင်တာကို တွေ့ရှိထားပါတယ်။ ဒီထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သုတေသနတွေလုပ်ဖို့ လိုသေးပေမဲ့ သရက်သီးဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ အသီးတစ်မျိုးဆိုတာတော့ သေချာပါတယ်။

    ဒါတွေက သရက်သီးစားသုံးရင်ရလာနိုင်တဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုတွေပါ။ နောက်ပိုင်းလေ့လာမှုတွေလုပ်ရင် ဒီထပ်ပိုပြီးတောင် တွေ့ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ အစာလည်းဆေး ဆေးလည်းအစာ ဖြစ်တဲ့သရက်သီးကို အခုပဲ မှန်မှန်မှီဝဲလိုက်ကြရအောင်။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement