backup og meta

အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ

    လူခန္ဓာကိုယ်မှာ အရိုးနဲ့ အဆစ်အမြစ်တွေ ကျန်းမာဖို့က သိပ်ကို အရေးကြီးပါတယ်။ အရိုးဆိုတာက ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ ဒေါက်တိုင်မဟုတ်လား။ အရိုးတွေ အဆစ်အမြစ်တွေ တစ်ခုခုဖြစ်တာနဲ့ လူက ဘုံးဘုံးလဲတော့တာပဲလေ။

    အရိုးဆိုတာက အသွင်သဏ္ဍာန်အားဖြင့် မာကျောလှတယ်ထင်ရပေမယ့် အသက်အရွယ်ရလာချိန်မှာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ယိုယွင်းလာတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာကတည်းက အရိုးကျန်းမာအောင် မစောင့်ရှောက်ထားရင် အသက်ကြီးလာတဲ့အခါ အခက်ကြုံပါလိမ့်မယ်။ ဒီတော့ အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ

    အဆစ်အမြစ်တွေကတော့ အရိုးထက်တောင် ပိုစောစောစီးစီးယိုယွင်းတတ်တာပါ။ ဒီတော့ အရေးပါလှတဲ့ ဒီအရာတွေကို ကာလရှည်ကြာ ကျန်းမာနေစေဖို့ ခုချိန်ကတည်းက စောင့်ရှောက်ရပါမယ်။

    အလွယ်ဆုံးနည်းကတော့ အဆစ်အမြစ် ကျန်းမာစေမယ့် အစားအစာတွေကို သတ်သတ်မှတ်မှတ်မှီဝဲပေးတာပါပဲ။ အဆစ်အမြစ်ကို ကျန်းမာစေမယ့် အစားအစာတွေဆိုတာ ဘယ်လိုအရာတွေလဲဆိုရင်တော့

    ၁။ ချယ်ရီသီး

    ချယ်ရီသီးက မြန်မာပြည်မှာတော့ သိပ်ပြီး ခေတ်မစားလှပါဘူး။ ဒါပေမယ့် ဖျော်ရည်တွေကိုတော့ လက်လှမ်းမှီမှီဝယ်ယူ မှီဝဲနိုင်ပါတယ်။ ချယ်ရီသီးမှာပါဝင်တဲ့ anthocyanins က သူ့ရဲ့ ကြက်သွေးရောင် အရောင်အဆင်းကို ဖန်တီးပေးပါတယ်။

    ဒါပေမယ့် anthocyanins က အဲ့ဒီတစ်ခုတည်းကို အသုံးဝင်တာမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်က အဆစ်အမြစ်တွေ ဂျွိုင်းဆက်တွေကိုလည်း ကျန်းမာစေတဲ့၊ ကြံ့ခိုင်စေတဲ့ အကျိုးကျေးဇူးလည်းပေးပါသေးတယ်။ ဒါကြောင့် ချယ်ရီသီးဖျော်ရည်သောက်ရင် အဆစ်အမြစ်နာကျင်တာတွေ သက်သာစေတာဖြစ်ပြီး ၎င်းက ဂေါက်ရောဂါကိုလည်း တားဆီးပေးပါတယ်။

    ၂။ အနီရောင် ငရုတ်သီးများ

    ငရုပ်သီးတွေဟာ ကိုယ်ခံအားကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေပါ။ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီးတော့ အဆိုပါ ဗီတာမင် C တွေက ခန္ဓာကိုယ်မှာ ကော်လာဂျင်တွေ ထုတ်လုပ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒီကော်လာဂျင်တွေက အဆစ်အမြစ်နဲ့ အရွတ်တွေ မြဲမြံကြံ့ခိုင်စေဖို့ ကူညီပေးပါတယ်။

    ၃။ ဆယ်လ်မွန်ငါး

    ဆဲလ်မွန်ငါးဟာ လူ့ကျန်းမာရေးကို အမျိုးမျိုးအဖုံဖုံအထောက်အကူပြုတဲ့ အစားအစာတစ်မျိုးပါ။ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ဒီငါးတွေဟာ အရိုးကြံ့ခိုင်စေဖို့ ကူညီပေးမှာပါ။ omega-3s လည်းပါဝင်တာမို့ နာကျင်မှုကိုလည်း လျှော့ချပေးပါတယ်။

    ၄။ အုတ်ဂျုံ၊ ဆန်လုံးညို၊ ဘာလီ

    အုတ်ဂျုံ (Oatmeal) အပြင် ဆန်လုံးညိုနဲ့ ဘာလီတို့ဟာ အရိုးနာကျင်မှုကို လျော့ပါးစေဖို့ ကူညီပေးနိုင်သမလို အရိုး၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ ပေါ့ပါးလန်းဆန်းနေစဖို့လည်း ကူညီပေးပါတယ်။ တစ်ခုသတိထားဖို့လိုအပ်တာက ဆန်နဲ့ ဂျုံမှုန့်အဖြူတွေကတော့ Grain အမျိုးအစားတွေပဲဖြစ်ပေမယ့် ပြောင်းပြန်အကျိုးသက်ရောက်မှုပဲ ပေးနိုင်တယ်ဆိုတာပါပဲ။

    ၅။ နနွင်း

    နနွင်းဟာ ဆေးဘက်ဝင်တယ်လို့ အရှေ့တိုင်းသားတွေ မှတ်ယူထားကြပြီးသားပါ။ နနွင်းမှာ Curcumin လို့ခေါ်တဲ့ ဓာတုဗေဒဓာတ်တစ်မျိုးပါရှိပြီးတော့ ဒီဓာတ်က ဒူးတစ်ဝိုက်မှာရှိတဲ့ အဆစ်အမြစ်တွေကို နာကျင်ကိုက်ခဲမှုမဖြစ်အောင် ဖြစ်နေရင်လည်း လျော့ပါးအောင် ကူညီပေးပါတယ်။ သစ်ကြံ့ပိုးနဲ့ ချင်းတို့ကလည်း ဒီလိုအကျိုးသက်ရောက်မှုမျိုးကို ပေးစွမ်းနိုင်တာမို့ ပုံမှန်မှီဝဲပေးသင့်ပါတယ်။

    ၆။ သစ်ကြားသီး

    သစ်ကြားသီးမှာက အမျိုးမျိုးသော အာဟာရဓာတ်တွေနဲ့ သက်စောင့်ဓာတ်တွေ ပါရှိနေပါတယ်။ ဒီထဲမှာမှ နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးစေနိုင်တဲ့ omega-3 fatty acids က အဆစ်အမြစ်တွေကို အထောက်အကူပြုပါတယ်။ တစ်ခုရှိတာကတော့ သစ်ကြားသီးဟာ ကယ်လိုရီများတာမို့ မှီဝဲရာမှာ စနစ်တကျကန့်သတ်မှီဝဲဖို့ လိုအပ်ပါတယ်။

    ၇။ ကိုက်လန်

    လူကြိုက်များတဲ့ ဒီဟင်းရွက်လေးတွေဟာ အဆစ်အမြစ်ကျန်းမာရေးကို အထောက်အကူဖြစ်နေပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့အပြင် antioxidants တစ်မျိုးဖြစ်တဲ့ beta-carotene နဲ့ ကယ်လ်ဆီယမ်ဓာတ်ပါ ပါဝင်နေတာမို့ အဆစ်အမြစ်ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာလို့ဆိုကြပါတယ်။ အဆစ်အမြစ်အတွက်သာမက အရိုးကျန်းမာရေးအတွက်ပါ ကိုက်လန်ကို နေ့စဉ်မှီဝဲပေးသင့်ပါတယ်။

    ခုဖော်ပြပေးခဲ့တဲ့ အစားအစာတွေကို ပုံမှန်မှီဝဲပေးသွားပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်း ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာတောင်မှ သင့်ရဲ့ အဆစ်အမြစ်တွေက ကောင်းမွန်စွာ အလုပ်လုပ်နေနိုင်ဦးမှာဖြစ်ပါတယ်။

    ကဲ …… အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ ဒါလေးတွေကို စားသုံးပေးစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement