backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ !

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ !

သွေးခဲတယ်ဆိုတာက အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ သွေးခဲတယ်ဆိုတာက နေ့စဉ်ဘဝရဲ့ ပုံမှန်ဖြစ်စဉ်တွေထဲက တစ်ရပ်ပေါ့။ ဘယ်လို အခြေအနေမှာလဲဆိုရင် အနာတစ်ခုခု ထိခိုက်မိတာ တစ်ခုခု ဖြစ်မယ် သွေးထွက်မယ်။ ဒီထွက်တဲ့သွေး တိတ်စေဖို့အတွက် သွေးခဲဖို့ လိုပါမယ်။ ဒီလို သွေးခဲတာက အန္တရာယ် မရှိသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ် တစ်ခုလည်း ဖြစ်တာကြောင့် စိုးရိမ်ဖို့မလိုတဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုပါ။

ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ သွေးခဲခြင်းတွေ၊ မခဲသင့်တဲ့ နေရာမှာ ခဲတာတွေကတော့ ပြဿနာပါ။ ဥပမာ ခြေထောက်က သွေးပြန်ကြောတွေမှာ သွေးခဲမယ်။ ဘေးမှာ ခြေသလုံးကြွက်သားလည်း ရှိနေတဲ့အတွက် ကြွက်သားက ညှစ်လိုက်တဲ့အခါ မတော်တဆ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ သွားဆို့နေပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ

သွေးခဲတာက ဖြစ်တတ်ပေမယ့် တစ်ခါတလေမှာ လက္ခဏာတွေကို မသိတာ၊ သတိမထားမိတာတွေကြောင့် ပြင်းထန်တဲ့ အခြေအနေတွေထိ ခံစားရတာမျိုးတွေ ဖြစ်မလာစေဖို့အတွက် သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • ခြေထောက် တစ်ဖက်တည်း ရောင်နေတာ
သွေးခဲတဲ့အခါ အတွေ့ရများတဲ့ လက္ခဏာက ခြေထောက်တစ်ဖက်တည်း ဒါမှမဟုတ် လက်မောင်းတစ်ဖက်တည်းမှာ ရောင်နေတာမျိုးပါ။ သွေးခဲက ခြေထောက်မှာ ပုံမှန်ရှိသင့်တဲ့ သွေးစီးဆင်းမှုကို ပိတ်ဆို့လိုက်တာကြောင့် ခြေထောက်မှာ သွေးတွေက အိုင်လာပြီး ခြေထောက်ရောင်ရတာပါ။
လေယာဉ် အကြာကြီး စီးရတာ၊ ကားအကြာကြီး စီးထားရတာ၊ တစ်ချိန်လုံး မတ်တတ်ရပ်ထားရတာတွေကြောင့်လည်း ခြေထောက်က ရောင်တတ်ပါတယ်။ ဒီအခြေအနေမှာ ခြေထောက်က နှစ်ဖက်စလုံး ရောင်တာပါ။ ဒါကြောင့် ခြေထောက်က တစ်ဖက်တည်းပဲ ရောင်နေတာဆိုရင်တော့ ဆရာဝန်ကို ပြသဖို့ လိုပါမယ်။
  • လက် ဒါမှမဟုတ် ခြေထောက် နာကျင်တာ
သွေးခဲနေပြီ၊ သွေးခဲက သွေးစီးဆင်းမှုကို အတားအဆီး ဖြစ်နေပြီဆိုရင် တွေ့ရနိုင်တဲ့ လက္ခဏာတစ်ခုက ခြေတွေလက်တွေ ရောင်လာတာအပြင် နာတာပါ။ တစ်ခါတလေမှာ ကြွက်သားတွေ တောင့်တင်းနေတာ၊ ကြွက်တက်တာနဲ့ မှားနိုင်ပါတယ်။ နာတာ တစ်ခုပဲ ခံစားရနိုင်သလို ခြေလက်တွေ နီတာ၊ ပူနေတာနဲ့လည်း တွဲဖြစ်နိုင်ပါတယ်။ သွေးခဲတာကြောင့် နာတာက လမ်းလျှောက်တဲ့အခါ ဒါမှမဟုတ် ခြေချောင်းတွေကို အပေါ်ကော့လိုက်တဲ့အခါ ပိုဆိုးတတ်ပါတယ်။
ခြေထောက်က ကြွက်တက်သလို ခံစားရပြီး နာတာက မသက်သာဘူး။ နီရဲရောင်ရမ်းတာ၊ ကိုင်ကြည့်ရင်  အရေပြားက ပူနေတာနဲ့ တွဲဖြစ်နေရင် သတိထားဖို့ လိုပါတယ်။
  • အရေပြားမှာ နီမြန်းနေတာ
သွေးခဲတဲ့အခါမှာ အရေပြားမှာ အကွက်တွေဖြစ်ပြီး နီမြန်းတာကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ အညိုအမည်းစွဲသလို အကွက်လိုက် ဖြစ်နေနိုင်ပါတယ်။ အများစုကတော့ နီမြန်းနေတာပါ။ ခြေလက်တွေမှာ အနီရောင် အကွက်တွေဖြစ်မယ်။ ထိလိုက်ရင် နွေးနွေးလေးဖြစ်နေတာကို သိရှိခံစားရနိုင်ပါတယ်။
  • ရင်ဘတ်အောင့်တာ 

ရင်ဘတ်အောင့်တာက ရုတ်တရက် နှလုံးရပ်တာကို ခံစားရတာကြောင့်ပဲ မဟုတ်ပါဘူး။ အဆုတ်သွေးကြောပိတ်ဆို့တာကြောင့်လည်း ရင်ဘတ်အောင့်နိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ဆို့တဲ့အခါ ရင်ဘတ်ထဲက စူးပြီးအောင့်တာကို ခံစားရနိုင်သလို အသက်ပြင်းပြင်းရှူလိုက်ရင် ရုတ်တရက် ရင်ဘတ်ထဲက စူးပြီးအောင့်တာကို ခံစားရနိုင်ပါတယ်။

  • အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ
အဆုတ်ထဲမှာ သွေးခဲတာမျိုး ဖြစ်မယ်ဆိုရင် အဆုတ်မှာ အောက်ဆီဂျင် စီးဆင်းမှု နည်းသွားပြီး အသက်ရှူရတာ ပြတ်တောင်းတောင်း ဖြစ်တာကို ခံစားရနိုင်ပါတယ်။ ဒီတော့ လှုပ်လှုပ်ရှားရှား လုပ်လိုက်ရင်ဖြစ်ဖြစ် လှေကားတက်ရင်ဖြစ်ဖြစ် အသက်ရှူရတာ မဝသလို ဖြစ်လာပြီး အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်လာပါတော့တယ်။ ရုတ်တရက် အသက်ရှူမဝဖြစ်လာတယ်ဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။
  • အကြောင်းအရင်း မရှိဘဲ ချောင်းဆိုးတာ

ချောင်းက ဘယ်လိုစဆိုးလို့ ဆိုးမှန်း မသိပေမယ့် မသက်သာဘူး။ ချောင်းဆိုးတာအပြင် မောတာ၊ ရင်တုန်တာ ဒါမှမဟုတ် ရင်ဘတ်အောင့်တာတွေပါ ခံစားနေရမယ်ဆိုရင် အဆုတ်ထဲမှာ သွေးခဲပိတ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို ချောင်းဆိုးတာက တစ်ခါတလေမှာ ချောင်းခြောက်ဆိုးသလို ဆိုးနေတာမျိုး ရှိနိုင်သလို သလိပ်ထွက်ပြီး ဆိုးတဲ့ ချောင်းလည်း ရှိပါတယ်။ သလိပ်ထွက်တဲ့ ချောင်းမှာတော့ သလိပ်မှာ သွေးပါလာတတ်ပါတယ်။

  • ရင်တုန်တာ

ကိုယ်ထဲမှာ အောက်ဆီဂျင် နည်းသွားတဲ့အခါ နှလုံးခုန်နှုန်းက မြန်လာတတ်ပါတယ်။ နှလုံးခုန်တာလည်း မြန်မယ်။ အသက်ကိုလည်း အားနဲ့ ရှူနေရမယ်ဆိုရင်တော့ သွေးခဲနေတာဖြစ်နိုင်ပါတယ်။ သွေးခဲက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် သွေးခဲတတ်ပါတယ်။ ဒါကြောင့် ဒီလို လက္ခဏာတွေ ခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြကြည့်စေချင်ပါတယ်။

  • ခေါင်းမူးလာတာ

ခေါင်းမူးလာတာက အဆုတ်သွေးကြောမှာ သွေးခဲပိတ်လို့ ထွက်လာတဲ့ ဓာတုပစ္စည်းတွေ၊ အောက်ဆီဂျင် နည်းသွားတာ၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေကြောင့် ဖြစ်တာပါ။ သိပ်မတွေ့ရတတ်ပေမယ့် အပေါ်က လက္ခဏာတွေနဲ့ တွဲပြီး ခံစားနေရရင် သတိထားသင့်ပါတယ်။

သွေးမခဲအောင် ဘယ်လို ကာကွယ်ရမလဲ

ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ သွေးခဲတာမျိုး မဖြစ်စေဖို့ ဆိုရင်

  • လှုပ်လှုပ်ရှားရှားနေပါ
  • ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဖို့ ရေများများ သောက်ပါ
  • ကိုယ်အလေးချိန် ထိန်းပါ
  • အထိုင်များတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ
  • အရက်ဖြတ်ပါ
  • ဆေးလိပ်ဖြတ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement