backup og meta

ထိခိုက်ပွန်းပဲ့ဒဏ်ရာကြောင့် အညိုအမဲစွဲတဲ့အရာတွေရခဲ့ရင်


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိခိုက်ပွန်းပဲ့ဒဏ်ရာကြောင့် အညိုအမဲစွဲတဲ့အရာတွေရခဲ့ရင်

    အမှားကင်းတဲ့သူရယ်လို့မရှိသလို ထိခိုက်ဒဏ်ရာနဲ့ကင်းသူရယ်လို့လည်းမရှိပါဘူး။ လူရယ်လို့ဖြစ်လာရင် ငယ်ငယ်ကတည်းကဆော့ရင်းပြေးရင်း လွှားရင်းနဲ့ချော်လဲလို့ဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာမျိုးတွေကြုံရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာတွေထဲကမှ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦးမှာဖြစ်ဖြစ် ပွန်းပဲ့ဒဏ်ရာရတဲ့အခါ ဘယ်လိုမျိုးသက်သာအောင်လုပ်ပေမးလဲဆိုတာကိုပြောပြပေးပါရစေ။

    ပွန်းပဲ့ဒဏ်ရာ

    ပွန်းပဲ့ဒဏ်ရာဆိုတာကနေ့စဉ်လှုပ်ရှားသွားလာရင်း အများဆုံးဖြစ်နိုင်ခြေရှိနေတဲ့ ထိခိုက်ဒဏ်ရာအမျိုးအစားတစ်ခုပါ။ အရေပြားအောက်ဘက်မှာရှိနေတဲ့သွေးကြောလေးတွေက ထိခိုက်မိတဲ့အားကြောင့် ပျက်စီးသွားပြီး အဆိုပါသွေးကြောလေးတွေကနေပေါက်ထွက်သွားတဲ့သွေးတွေကအရေပြားအောက်ဘက်မှာ စုကျန်နေခဲ့တာပါ။

    ဒီသွေးတွေကို အနာကျက်ဖြစ်စဉ်တလျှောက် ခန္ဓါကိုယ်ကသွေးတွေကို စုပ်ယူလိုက်ပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်ကသွေးတွေကို အပြည့်အဝမစုပ်ယူခင် (အနာမကျက်ခင်တလျှောက်) မှာတော့အရေပြားမှာ အညိုအမဲစွဲတဲ့ အရာတွေနဲ့ အထိမခံနိုင်အောင်နာတာမျိုးတွေဖြစ်ကျန်ခဲ့နိုင်ပါတယ်။

    ဒီလိုဒဏ်ရာမျိုးမှာ ထိခိုက်မိတာက အရေပြားအောက်ကိုနက်လေလေ စိုးရိမ်ရလေလေပါ။ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေကိုနေအိမ်မှာပဲမြန်မြန်သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။

    ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေကြောင့်ဖြစ်တဲ့ အညိုအမဲစွဲတာတွေကိုပြုစုစောင့်ရှောက်နည်း

    ပွန်းပဲ့ဒဏ်ရာတွေက သူ့အလိုလိုပျောက်သွားနိုင်ပေမယ့် နာကျင်မှုနဲ့ထိခိုက်ဒဏ်ရာတဝိုက်မှာ အညိုအမဲစွဲတာတွေတော့ရှိနိုင်ပါတယ်။ ဒီလိုမျိုး နာကျင်တာနဲ့သွေးခြည်ဥတာတွေကိုသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိနေပါတယ်။ ဘယ်လိုလုပ်မလဲ။

    (၁) ထိခိုက်ဒဏ်ရာနဲ့ထိခိုက်ဒဏ်ရာတဝိုက်ကို ညင်ညင်သာသာနှိပ်နယ်ပါ

    ပွန်းပဲ့ဒဏ်ရာကို သတိရတိုင်း အနာပေါ်နဲ့အနာတဝိုက်ကို နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက ခန္ဓါကိုယ်ရဲ့ပြန်ရည်ကြောစနစ်ပုံမှန်ပြန်ဖြစ်လာအောင်ကူညီပေးနိုင်ပါတယ်။ အနာ နာကျင်တာမျိုးမဖြစ်စေဖို့အတွက် နှိပ်နယ်တဲ့အခါ အရမ်းအားမသုံးမိဖို့သတိထားပါ။

    (၂) ရေခဲကပ်ပါ

    ထိခိုက်ဒဏ်ရာရသွားတဲ့အခါ အနာတဝိုက်ကိုသွေးစီးဆင်းမှုနည်းသွားစေဖို့အတွက်ရေခဲကပ်ပေးပါ။သွေးကြောတွေကိုအေးနေအောင်လုပ်ထားတာက ထိခိုက်မိတဲ့ဒဏ်ရာတဝိုက်ကတစ်သျှူးတွေဆီကိုသွေးယိုစီးမှုမှုလျော့နည်းစေပါတယ်။ ဒီလိုလုပ်တာက အနာရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

    ရေခဲအိတ်ကပ်ပေးလို့ရသလိုရေခဲတုံးလေးတွေကို အဝတ်စ (တဘက်) သန့်သန့်လေးနဲ့ထုတ်ပြီး ကပ်ပေးလို့လည်းရပါတယ်။ တစ်ခါကပ်ရင် ၁၀ မိနစ်ကြာကပ်ပေးပြီး မိနစ် ၂၀ခြားတစ်ခါ ကပ်ပေးပါ။

    (၃) ရေနွေးအိတ်ကပ်ပေးပါ

    အပူဓါတ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေပြီးသွေးလည်ပတ်မှုကိုလည်းတိုးတက်စေနိုင်ပါတယ်။ ထိခိုက်မိတဲ့အခါရေနွေးအိတ်ကပ်ပေးတာက ထိခိုက်ဒဏ်ရာတဝိုက်မှာဖြစ်နေတဲ့သွေးတွေကို ခဲနေတာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ရေနွေးအိတ်ကပ်ပေးတာက ကြွက်သားတွေတောင့်တင်းတာကိုပြေလျော့စေနိုင်ပြီး နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။ရေနွေးဝတ်ကပ်ပေးတာ၊ရေနွေးပုလင်းကပ်ပေးတာမျိုးတွေလည်းလုပ်ပေးလို့ရပါတယ်။နောက်တစ်မျိုးကတော့ရေနွေးနဲ့ ရေချိုးတာပါ။

    (၄) ပတ်တီးစည်းပေးပါ

    ထိခိုက်မိတဲ့နေရာကို ဆွဲဆန့်နိုင်တဲ့ ပတ်တီးမျိုးနဲ့စည်းနှော်င်ထားပေးပါ။ ဒီလိုလုပ်ပေးတာက တစ်ရှုးတွေကို တင်းတင်းကျပ်ကျပ်စည်းနှောင်ထားပေးနိုင်သလိုသွေးကြောတွေထဲကသွေးယိုစိမ့်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီလိုမျိုး ထိခိုက်ဒဏ်ရာဖြစ်တဲ့နေရာကို စည်းနှောင်ပေးထားတာက ထိခိုက်ဒဏ်ရာကို သက်သာစေနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

    (၅) နေရောင်ထိတွေ့ပေးပါ

    ခရမ်းလွန်ရောင်ခြည်က အသားအရေကိုထိခိုက်ပျက်စီးစေနိုင်တယ်ဆိုပေမယ့် အနာတွေ ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါမှာတော့ သင့်တင့်တဲ့နေရောင်ခြည်ပမာဏ ထိတွေ့ပေးဖို့လိုပါလိမ့်မယ်။နေရောင်ခြည်မှာပါတဲ့ ဗီတာမင် D က အနာကျက်စေနိုင်သလို ပွန်းပဲ့ဒဏ်ရာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

    တစ်နေ့ကို ထိခိုက်မိတဲ့နေရာကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်နေရောင်နဲ့ထိတွေ့ပေးပါ။နေရောင်ကို သင့်တင့်တဲ့ပမာဏလောက်ဘဲ ထိတွေ့ပေးပါ။နေလောင်တဲ့အထိတော့နေရောင်မခံပါနဲ့။

    (၆) ဗီနီကာစွတ်ပေးပါ

    ဗီနီကာကိုရေနွေးနွေးလေးနဲ့ရောစပ်ပြီး ထိခိုက်မိထားတဲ့နေရာကို ဂွမ်းစလေးနဲ့တို့ပြီး စွတ်ပေးပါ။ ဗီနီကာက ထိခိုက်မိထားတဲ့နေရာတဝိုက်က အရေပြားတွေမှာ သွေးစီးဆင်းမှုကောင်းအောင်လုပ်ဆောင်ပေးနိုင်သလို ထိခိုက်မိတဲ့တဝိုက်မှာသွေးခြည်ဥတာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးပါတယ်။

    (၇) အနာကျက်မြန်စေနိုင်မယ့် အစားအသောက်တွေစားပေးပါ

    အနာကျက်မြန်စေဖို့နဲ့ အနာသက်သာစေဖို့အတွက် အနေအထိုင်တွင်မကပါဘူး။ အစားအသောက်ကိုပါ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ စားသောက်မှုပုံစံက ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်နေပါတယ်။ အချို့အစားအစာတွေက သွေးကြောတွေကိုအနာကျက်မြန်စေဖို့အတွက် အခုပြောပြမယ့်အစားအသောက်လေးတွေကို စားသုံးပေးလို့ရပါတယ်။

  • နာနတ်သီး – အနာကျက်မြန်စေဖို့အတွက် လတ်ဆတ်တဲ့နာနတ်သီးကို စားသုံးပေးလို့ရပါတယ်။ နာနတ်သီးက အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓါကိုယ်ရဲ့အရေပြားနဲ့တစ်ရှုးတွေကို ကျန်းမာစေနိုင်ပါတယ်။
  • quercetin ပါတဲ့ သစ်သီးတွေ – ပန်းသီး၊ ဗီတာမင် Cပါတဲ့အသီးတွေ၊ ကြက်သွန်နီ၊ ဘယ်ရီးသီးတွေ၊ ချယ်ရီသီးနဲ့ပ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးပါ။ ဒီဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေမှာပါတဲ့quercetin က အနာကျက်မြန်စေနိုင်ပါတယ်။
  • ဗီတာမင် C ပါတဲ့ သစ်သီးတွေ -လေ့လာမှုတစ်ရပ်အရ လိမ္မော်သီး၊ သံပုရာသီး၊ရှောက်ချိုသီးတို့လိုမျိုး အချဉ်ဓါတ်ရှိတဲ့ ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေက အနာကျက်မြန်စေနိုင်သလို ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ လူကြီးတွေနဲ့လည်း သင့်တော်ပါတယ်။
  • ဗီတာမင် K ကြွယ်ဝတဲ့အစားအစာတွေ – ဗီတာမင် K ကထိခိုက်ဒဏ်ရာရတာကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေနဲ့ အမာရွတ်တွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဗီတာမင် K ရရှိနိုင်စေဖို့အတွက် ကိုက်လန်၊ ဟင်းနုနွယ်၊ပန်းဂေါ်ဖီစိမ်း၊ဂေးဖီထုပ်အသေးစားလေးတွေ၊ဆလတ်ရွက်၊ပဲပိစပ်၊စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီတွေစားသုံးပေးလို့ရပါတယ်။
  • အဆီပါဝင်မှုနည်းတဲ့ ပရိုတင်း – ငါး၊ကြက်သား၊ပဲပြား၊အဆီမပါတဲ့အနီရောင်အသားတွေက ဆံချည်မျှင်သွေးကြောတွေကို ကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သတိထားရမှာတစ်ခုက ဟမ်ဘာဂါနဲ့အသားကြော်တွေလိုမျိုးပြည့်ဝဆီတွေနဲ့ကိုလက်စထရောတေအများကြီးပါဝင်နေတာမျိုးကိုတော့ မစားမိဖို့ပါ။
  • ဇင့်ဓါတ်ပါဝင်တဲ့ အစားအစာတွေ – ဇင့်ဓါတ်ကလည်း ခန္ဓါကိုယ်ကို အနာကျက်အောင်လုပ်ဆောင်ပေးပြီး တစ်ရှုးတေါကို ကျန်းမာစေနိုင်ပါတယ်။ ဇင့်ဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားချင်တယ်ဆိုရင်တော့ ဂဏန်း၊ကျောက်ပုဇွန်၊ဟင်းနုနွယ်၊ဖရုံစေ့ နဲ့ ပဲတို့ကိုစားသုံးပေးလို့ရပါတယ်။
  • ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြသဖို့လိုမလဲ

    လူတိုင်းမှာ ပွန်းပဲ့ဒဏ်ရာကြောင့်သွေးခြည်ဥတာဖြစ်နိုင်တယ်ဆိုပေမယ့်ရောဂါအခံတစ်ခုခုရှိနေတာကြောင့်ဖြစ်ဖြစ်၊ အာဟာရချို့တဲ့တာကြောင့်ဖြစ်ဖြစ် အနာကျက်နှေးတာနဲ့ အနာက အချိန်အတော်ကြာတဲ့အထိ အညိုအမဲစွဲတာကမသက်သာတာမျိုးရှိနေနိုင်ပါတယ်။ ဒီလိုလက္ခဏာမျိုးတွေဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာအကောင်းဆုံးပါ။

    • ကြီးကြီးမားမားထိခိုက်မိတာမရှိဘဲနဲ့ အရေပြားမှာအညိုအမဲစွဲနေရင်
    • မကြာခဏဆိုသလို အညိုအမဲစွဲတာတွေခံစားနေရနေရင်
    • အလွယ်တကူသွေးခြည်ဥနေရင်
    • ဆေးဝါးအသစ်တစ်မျိုးမျိုးသောက်သုံးချိန်မှာ အရေပြားမှာသွေးခြည်ဥတာမျိုးဖြစ်လာရင်
    • ကျောနဲ့ဝမ်းဗိုက်မှာသွေးခြည်ဥသလို ဒဏ်ရာတွေဖြစ်လာရင်

    သတိပြုစရာအချက်အချို့

    • အမျိုးသမီးတွေရဲ့ အရေပြားက အမျိုးသားတွေထက် အညိုအမဲစွဲလွယ်ပါတယ်။
    • လူကြီးတွေကလူငယ်တွေထက် အရေပြားမှာ အညိုအမဲပိုပြီးစွဲလွယ်ပါတယ်။
    • Antibioticတွေ၊သွေးကျဲဆေး နဲ့ ပန်းနာရင်ကျပ်ဝေဒနာအတွက်သောက်သုံးရတဲ့ဆေးဝါးတွေက အချို့သူတွေမှာ အရေပြားအညိုအမဲစွဲတာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုဝေဒနာရှင်တွေအနေနဲ့ဆေးသောက်တာကိုရပ်လိုက်တာမျိုးမလုပ်ဘဲ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ကြည့်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement