backup og meta

နှလုံးကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့ လက္ခဏာ (၈) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့ လက္ခဏာ (၈) မျိုး
    နှလုံးရောဂါရှိထားပြီးသားလူတွေရော၊ နှလုံးရောဂါရှိမရှိ မသိသေးတဲ့သူတွေရော ကိုယ့်မှာဖြစ်တဲ့လက္ခဏာတွေအကြောင်းသေချာသိထားဖို့လိုတယ်၊ အချိန်မီကုသနိုင်အောင် လက်ဦးဖို့လိုတယ်ဆိုတာလေး သတိပေးချင်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးက လက္ခဏာ အတိအကျမပြတတ်ပါဘူး။ ရုပ်ရှင်တွေထဲကလို ရင်ဘတ်လေးဖိပြီးလဲကျသွားတာမျိုး အမြဲတမ်းမပြပါဘူး။
    တချို့လက္ခဏာတွေက မောတာ၊ရင်ဘတ်အောင့်တာတင် မဟုတ်သလို အချိန်မီမကုသနိုင်ရင် ဘာဆက်ဖြစ်သွားနိုင်လဲဆိုတာလည်း အပိုင်ပြောဖို့မလွယ်ပါဘူး။ မသေချာရင် နှလုံးကိုစစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။ အကယ်၍ကာယကံရှင်က အသက် ၆၀ နဲ့အထက် ရှိနေသူဖြစ်ရင်၊ ဝနေရင်၊ ဆီးချိုရှိရင်၊ ကိုလက်စထရောများရင်၊သွေးတိုးရှိရင်ဖြစ်နိုင်ခြေပိုများတတ်ပါတယ်။ ဒီလိုအချက်တွေ ကိုယ့်မှာရှိတာများလေ ပိုသတိထားသင့်လေဖြစ်ပါတယ်။ အထူးသဖြင့် ဒီလက္ခဏာတွေကို ဂရုစိုက်ပါ –

    (၁) ရင်ဘတ်ထဲက ဝေဒနာ

    နှလုံးအတွက်အန္တရာယ်အများဆုံးအဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ ရင်ဘတ်အောင့်တာပါပဲ။ နှလုံးသွေးကြောပိတ်နေတာ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းတာဆိုရင် ရင်ဘတ်ထဲအောင့်တယ်၊ တင်းကျပ်ကျပ်ကြီးဖြစ်နေတယ်၊ ဖိထားသလို ခံစားရတယ်။

    ဒီခံစားချက်ကို ဘယ်လိုခေါ်ဆိုလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တချို့က ရင်ဘတ်မှာအလေးကြီးဖိထားသလို ခံစားရတယ်ပြောပေမယ့် ပူလောင်နေတယ်၊ ဖိညှပ်သလိုနာတယ် လို့လည်း တချို့က ပြောကြပါတယ်။

    ဒီဝေဒနာက တစ်ခါဖြစ်ရင် မိနစ်ပိုင်းလောက်ကြာရှည်တတ်တယ်၊ နားနေချိန်မှာလည်းဖြစ်တတ်တယ်၊ လှုပ်ရှားလိုက်ချိန်မှာလည်းဖြစ်တတ်တယ်။ ဝေဒနာက ခဏလေးပဲဖြစ်တာဆိုရင်၊ ဒါမှမဟုတ်အောင့်တဲ့နေရာကို ထိလိုက်၊ဖိလိုက်ရင် ပိုနာတာဆိုရင် နှလုံးကြောင့်မဟုတ်ဘူးလို့ ပညာရှင်တွေကပြောပါတယ်။ ဒါပေမယ့် ရင်ဘတ်မအောင့်ဘဲလည်း နှလုံးပြဿနာဖြစ်နေနိုင်တယ်၊ heart attackဖြစ်နိုင်တယ်ဆိုတာ သတိမမေ့ပါနဲ့။

    (၂) မအီမသာ၊ အစာမကြေ၊ ရင်ပူ၊ ဗိုက်အောင့်

    Heart attackြဖစ်တဲ့အချိန်မှာ တချို့လူတွေဟာ ဒီလက္ခဏာတွေခံစားရတတ်တယ်။ ပျို့အန်တာမျိုးလည်း ရှိတတ်တယ်။ ဒီလိုလက္ခဏာမျိုးကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုခံစားရတတ်ပါတယ်။ ဗိုက်အောင့်တိုင်းတော့ ဒီလိုမဟုတ်ပေမယ့်heart attackဖြစ်ချိန်မှာ ဗိုက်အောင့်တတ်တာကို သတိထားဖို့လိုပါတယ်။

    (၃) လက်မောင်းအထိ ပြန့်လာတဲ့ နာကျင်မှု

    Heart attack ရဲ့ သိသာထင်ရှားတဲ့ နောက်လက္ခဏာတစ်ခုက ဘယ်ဘက်တစ်ခြမ်းလုံးကိုဖြာထွက်သွားတဲ့ နာကျင်မှုပါပဲ။ စစချင်းမှာ ရင်ဘတ်အောင့်ရာကနေ ဘယ်ဘက်လက်မောင်းပါအောင့်တာ၊ကိုက်တာဖြစ်လာတတ်တယ်။

    (၄) ခေါင်းမူးတာ

    ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးကသွေးအလုံအလောက်မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။

    (၅)ဟောက်တာ

    ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကိုအောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့သွေးဖိအားကိုမြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတု့ိဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

    (၆) ချွေးထွက်လွန်းတာ

    အကြောင်းရင်းမည်မည်ရရ မရှိဘဲချွေးတွေအများကြီးထွက်ပြီးအေးစက်လာတာကheart attack အန္တရာယ်ကို အချက်ပြတာဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေနဲ့ အတူတွဲပြီးဖြစ်လာမယ်ဆိုရင်ဆေးရုံမှာ ချက်ချင်းကုသမှုခံယူတာကောင်းပါတယ်။

    (၇) အမြစ်မပြတ်တဲ့ ချောင်းဆိုး

    အများအားဖြင့်တော့ ချောင်းဆိုးဝေဒနာတိုင်းက နှလုံးကြောင့်မဟုတ်ကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာ နှလုံးရောဂါရှိတယ် ဒါမှမဟုတ်ဖြစ်နိုင်ခြေရှိနေတယ်ဆိုရင် ဒီလက္ခဏာမျိုးကို အမှုမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။ ကာလတာရှည်နေတဲ့ချောင်းဆိုးက အဖြူရောင် သို့မဟုတ် ပန်းရောင်သမ်းတဲ့ သလိပ်တွေထွက်နေတုန်းပဲဆိုရင် နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတဲ့လက္ခဏာတစ်ခုပါ။ နှလုံးက ခန္ဓါကိုယ်က လိုအပ်သလောက်မလုပ်ပေးနိုင်တော့တာကြောင့် အဆုတ်ထဲကိုသွေးပြန်ယိုစိမ့်လာစေတာဖြစ်ပါတယ်။

    (၈) ခြေထောက်အောက်ပိုင်းဖောရောင်တာ

    အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာခြေထောက်ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်းဖြစ်တတ်ပါတယ်။ ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ခြေထောက်ဖောရောင်ခြင်းကခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။ ရုတ်တရက်ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement