backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကြို့ထိုး ခြင်း ပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကြို့ထိုး ခြင်း ပြဿနာ

လူတိုင်းနီးပါး ကြို့ထိုး တဲ့ပြဿနာကို ကြုံဖူးကြမယ်လို့ထင်ပါတယ်။ တစ်ခါနှစ်ခါ ကြို့ထိုးတဲ့အခါ ပြသနာမရှိပေမယ့် အချိန်အကြာကြီး ခဏခဏ ဖြစ်လာတဲ့အခါ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာပါတယ်။ အစားအစာတွေ အများကြီးတစ်ခါတည်း စားမိတဲ့အခါ၊ အမြန်စားမိတဲ့အခါ၊ gas ပါတဲ့ အချိုရည်တွေကို သောက်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ စတဲ့ အချိန်တွေမှာလည်း ကြို့ထိုးနိုင်တာကြောင့် လူတိုင်းမကြာခဏ တွေ့ကြုံကြရနိုင်ပါတယ်။ ဒါပေမယ့် တချို့တွေမှာတော့ ကြို့ထိုးတာက အကြာကြီးဖြစ်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ကြို့ထိုးခြင်းနဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အကြောင်းလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

ဘာကြောင့် ကြို့ထိုး ရသလဲ။

အသက်ရှူသွင်းရှူထုတ်တဲ့ လုပ်ငန်းမှာ အရေးပါတဲ့ diaphragm လို့ခေါ်တဲ့ ကြွက်သားလေးတွေကို လှုံ့ဆော်မှုဖြစ်သွားတာကြောင့် ကြို့ထိုးရတာပါ။ diaphragm ဆိုတာကတော့ ရင်ဘတ်ကြီးနဲ့ ဝမ်းဗိုက်ကြီးတစ်ခုလုံးကို ခြားထားပေးတဲ့ ကြွက်သားလေးတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီ ကြွက်သားလေးတွေဟာ အသက်ရှုသွင်းတဲ့ အချိန်မှာ လေတွေ ကောင်းကောင်းဝင်လာနိုင်ဖို့ ကျုံ့ပေးပြီး အသက်ရှုထုတ်တဲ့ အချိန်မှာတော့ လေတွေ နှာခေါင်း၊ ပါးစပ်ကနေ ထွက်သွားနိုင်ဖို့အတွက် ကြွက်သားတွေကို ဖြေလျော့ပေးပါတယ်။ တစ်စုံတစ်ခုက အဲဒီ ရင်ဝမ်းခြားကြွက်သားလေးတွေကို လှုံ့ဆော်လိုက်တဲ့အခါ ကျုံ့သွားပြီး လေတွေကို လေပြွန်ထဲကို အတင်းစုပ်ယူလိုက်သလို ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ဝင်လာတဲ့လေတွေက ရုတ်တရက် အသံအိုးကို ထိပြီး ကြို့ထိုးသံထွက်လာစေပါတယ်။

ကြို့ထိုး ခြင်းကို ဖြစ်စေသော အကြောင်းအရင်းများ။

အရှေ့မှာဖော်ပြခဲ့သလို စိတ်ခံစားချက်တွေနဲ့ အစားအသောက်စတာတွေကြောင့်လည်း ကြို့ထိုးတာကို ဖြစ်စေနိုင်တဲ့အပြင် အချို့သော ရောဂါတွေကြောင့်လည်း ကြို့ထိုးတာတွေ ဖြစ်နိုင်ပါတယ်။

ဥပမာ- လေဖြတ်ခြင်း၊ ဦးနှောက် အကျိတ်ဖြစ်ခြင်း၊ ဦးနှောက် အမြှေးပါးရောင်ခြင်း၊ အတက်ရောဂါ စတဲ့ ဦးနှောက်နှင့်အာရုံကြော ရောဂါများ

အူကျွံခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာရေမျိုကင်ဆာ စတဲ့ အစာလမ်းကြောင်း ဆိုင်ရာရောဂါများ

အဆုတ်ပိုးဝင်ခြင်း၊ အဆုတ်ကင်ဆာ၊ TB ပိုးဝင်ခြင်း

ကျောက်ကပ်၊ အသည်းရောဂါတွေ နဲ့ အချို့သော ဆေးဝါးတွေကြောင့်လည်း ကျို့ထိုးနိုင်ပါတယ်။

စိတ်ခံစားမှုတွေ၊ အစားသောက်တွေကြောင့် ကြို့ထိုးသလို ခဏတာ မဟုတ်ဘဲ အကြာကြီးဖြစ်လာပြီဆိုရင်တော့ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

ကြို့ထိုးတာကို ပျောက်အောင် ဘယ်လိုနည်းလမ်းတွေ သုံးကြမလဲ။

ကြို့ထိုးတာက နည်းနည်းကြာလာပြီး မသက်သာဘဲ စိတ်အနှောင့်ယှက်ဖြစ်လာပြီဆိုရင် ဒီနည်းလေးတွေ စမ်းလုပ်ကြည့်နိုင်ပါတယ်။

၁။ မိနစ်အနည်းငယ်လောက် အသက်အောင့်ထားပါ။

၂။ ရေအေးအေးလေး တစ်ခွက်လောက်ကို အမြန်သောက်ကြည့်ပါ။

၃။ စက္ကူအိတ်တစ်ခုထဲကို ရှုသွင်း၊ ရှုထုတ်လုပ်ကြည့်ပါ။

၄။ ရေနဲ့ gargle လုပ်ကြည့်၊ ပလုတ်ကျင်းကြည့်ပါ။

စတဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ကို ပြသသင့်လဲ။

ပုံမှန်အားဖြင့်တော့ ခဏတာ ကြို့ထိုးတာကြောင့် ဆရာဝန်ပြစရာ လိုလေ့မရှိပါဘူး။ ဒါပေမယ့် ကြို့ထိုးတာက နှစ်ရက်ထပ်ပိုကြာလာပြီး အသက်ရှုရတာ ခက်ခဲလာရင်၊ ကြို့ထိုးတဲ့ ပြသနာကြောင့် အိပ်ရေးပျက်လာရင်၊ အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျလာရင်၊ ဗိုက်နာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ မောလာတာ၊၊ အန်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

ကြို့ထိုးတာကြောင့် သေနိုင်လား။

အချို့လူကြီးတွေက ကြို့အကြာကြီးထိုးရင် သေတတ်တယ်ဆိုပြီး ပြောကြတာ ကြားဖူးကြမှာပါ။ အမှန်တကယ်ကတော့ ကြို့ထိုးတာကြောင့် သေတယ်ဆိုတာထက် ကြို့အကြာကြီးထိုးတဲ့ သူတွေမှာ အရှေ့မှာ ဖော်ပြထားသလို ရောဂါအခံတွေနဲ့ ရောဂါလက္ခဏာတွေ ရှိနိုင်တာကြောင့် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဒါ့ကြောင့် အချိန်အကြာကြီး ကြို့ထိုးနေပြီဆိုရင် ကျန်းမာရေးအတွက် alarm လေးတစ်ခုဖြစ်တာကြောင့် မပေါ့ဆကြပဲ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အမြန်ဆုံး ကုသမှုခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement