backup og meta

ကမ္ဘာ့ပထမဆုံး ကိုဗစ်ကုသဆေး ပေါ်ထွက်လာပြီလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကမ္ဘာ့ပထမဆုံး ကိုဗစ်ကုသဆေး ပေါ်ထွက်လာပြီလား။

    ကမ္ဘာ့ပထမဆုံးဆိုတော့ အရင်ကတော့ ကိုဗစ်ကို ဆေးတွေနဲ့ပဲ ကုနေတာပဲလေလို့ မေးစရာရှိပါတယ်။ အရင်က ကုတာတွေက ကိုဗစ်ဖြစ်ပြီး ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင်ရယ်၊ ကိုဗစ်ရဲ့ နောက်ဆက်တွဲဝေဒနာတွေကို ကုသတာပဲ ဖြစ်ပါတယ်။ ခုပြောမယ့် ဆေးက ကိုဗစ်ဗိုင်းရပ်စ်ပိုးကို တိုက်ရိုက်နှိမ်နင်းတာပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဆေးတွေက သောက်နေကျ ပိုးသတ်ဆေးတွေလို မဟုတ်ပါဘူး။ ထွင်ရခက်ပါတယ်။ ခုတော့ ကိုဗစ်ကုသဆေး အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီလို့ ဆိုရပါမယ်။

    ကမ္ဘာ့ပထမဆုံး ကိုဗစ်ကုသဆေး

    နိုဝင်ဘာ ၄ရက်နေ့က ဗြိတိန်နိုင်ငံကနေ  ကိုဗစ်ကုသဆေးကို ပထမဆုံးအနေနဲ့ တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။ ဆေးက molnupiravir ဖြစ်ပြီး U.S.-based Merck & Co Inc (MRK.N) နဲ့ Ridgeback Biotherapeutics က ပူးပေါင်းထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Brand နာမည် Lagevrioဖြစ်ပြီး သောက်ဆေး အမျိုးအစား ဖြစ်ပါတယ်။

    Britain’s Medicines and Healthcare products Regulatory Agency (MHRA)ကနေ molnupiravir ကို သာမန်နဲ့ မပြင်းထန်ကိုဗစ်လူနာတွေမှာ ပြင်းထန်လာနိုင်တဲ့ အနေအထား တစ်ခုခုရှိနေရင် (ဥပမာ အဝလွန်တာ၊ အသက်ကြီးတာ၊ ဆီးချိုရောဂါရှိနေတာ) သုံးဖို့ ခွင့်ပြုခဲ့ပါတယ်။ ဆိုလိုတာက ကိုဗစ်ဖြစ်ရင် ဆေးရုံတက်ရနိုင်ခြေ၊ အသက်ဆုံးရှုံးနိုင်ခြေ များတဲ့ လူအုပ်စုမှာပါ။ လက္ခဏာပြပြီး ၅ရက်အတွင်း သောက်သုံးနိုင်ရင် အကောင်းဆုံးလို့ ဆိုပါတယ်။

    ယူအက်စ်ကလည်း ဒီဆေးကို ခွင့်ပြုဖို့ နိုဝင်ဘာ ၃၀ရက်နေ့ကစပြီး စစ်ဆေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။

    အနောက်နိုင်ငံများနဲ့ ကိုဗစ်ကုသဆေး

    ဒီလို ကမ္ဘာ့နိုင်ငံကြီးတွေမှာ ကိုဗစ်ကုသဆေးတွေကို အရေးတကြီး ခွင့်ပြုပေးနေရတာက ကိုဗစ်ဒဏ်ကို အလူးအလဲ ခံနေရလို့ပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဗြိတိန်မှာ ကိုဗစ်လူနာပေါင်း ၄၀, ၀၀၀ထိ တက်ခဲ့ပါတယ်။ သူရှေ့က ပြေးနေတာ ယူအက်စ်ပါ။ ၇၄,၀၀၀ လောက်ရှိပါတယ်။ ယူအက်စ်မှာ ကာကွယ်ဆေးတွေ တော်တော်များများထိုးပြီးတာကြောင့် စည်းကမ်းတွေ ဖြေလျှော့လိုက်ရာကနေ ဖြစ်လာတယ်လို့ ဝေဖန်နေကြပါတယ်။

    ဗြိတိန်မှာ လက်ရှိကိုဗစ်ထိန်းချုပ်ရေးအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ထပ်ဆောင်းထိုးပေးတာ၊ ၁၂-၁၅နှစ်ကြား ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာကို ဦးစားပေး လုပ်နေပါတယ်။။ ဒါပေမယ့်လည်း လူနာတွေ များလာတာကြောင့် ခုလို ကုသဆေး ပေါ်လာတာက ‘Game-changer’ ဖြစ်တယ်လို့ ဆိုကြပါတယ်။

    ကိုဗစ်ကုသဆေး molnupiravir ဆိုတာ

    Molnupiravir က ကိုဗစ်ပိုး SARS-CoV-2 virusရဲ့ မျိုးဗီဇကို ပြောင်းလိုက်ပြီး ဗိုင်းရပ်စ်ကို ဆက်မပွားနိုင်အောင် တားဆီးပေးတာပါ။

    လက်ရှိမှာတော့ ကိုဗစ်ဖြစ်ရင် ဆေးရုံတက်ရနိုင်ခြေ၊ သေဆုံးနိုင်ခြေများတဲ့သူတွေကို ပေးပါတယ်။ အသက် ၆၀နဲ့အထက်တွေ၊ အသက်ငယ်ပေမယ့် ရောဂါအခံရှိသူတွေကို ပေးပါတယ်။ သောက်ဆေးဖြစ်ပြီး လက္ခဏာစပြပြီး ၅ရက်အတွင်းစနိုင်ရင် ပိုကောင်းပါတယ်။ တစ်နေ့ ၂ကြိမ်နဲ့ ၅ရက်ပေးရမယ်လို့ ဆိုပါတယ်။

    Phase 3 လေ့လာချက်တွေအရတော့ Molnupiravir က ဆေးရုံတက်ရနှုန်းနဲ့ သေဆုံးနှုန်းကို ၅၀ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ဆေးရဲ့ ရည်ရွယ်ချက်က ဆေးရုံတက်ရပြီး အသက်အန္တရာယ်ရှိလောက်တဲ့ လူနာတွေမှာ သာမန်နဲ့ မပြင်းထန်လူနာအဆင့်တည်းက ဆေးပေးပြီး အခြေအနေမဆိုးသွားအောင် ထိန်းပေးတာပဲ ဖြစ်ပါတယ်။

    နောက်ထပ်အားသာချက်ကတော့ ဗီဇပြောင်းမျိုးစိတ်တွေမှာပါ သုံးလို့ရနေတာပါ။ ယူအက်စ်နဲ့ တခြားနိုင်ငံတွေမှာ လုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ဗီဇပြောင်းမျိုးစိတ်တွေဖြစ်တဲ့ ဒယ်တာ၊ ဂမ်မာ၊ မျူတို့ကြောင့် ကိုဗစ်ဖြစ်လာခဲ့ရင်လည်း ကုသနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။

    Molnupiravir က အန္တရာယ်ကင်းရဲ့လား။

    ဆေး ဒါမှမဟုတ် ကာကွယ်ဆေးတစ်ခုခု ထုတ်ပြီဆိုရင် ဘေးကင်းစိတ်ချရမှုက ထည့်သွင်းစဉ်းစားရပါတယ်။ ရောဂါလည်းပျောက် လူလည်းပျောက် မဖြစ်အောင်လို့ပါ။

    လက်ရှိအချိန်ထိတော့ Molnupiravir မှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မတွေ့ရသေးပါဘူး။

    Molnupiravirက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို ပြုပြင်လိုက်သလို လူရဲ့  မျိုးဗီဇကိုရော ထိခိုက်မလားဆိုပြီး စိုးရိမ်ကြပါတယ်။ ခုထက်ထိတော့ ဒါမျိုးမတွေ့ရသေးပါဘူး။  တခြားဗိုင်းရပ်စ်ဆေးတွေ ဖြစ်တဲ့ ရေယုန်မှာ သုံးတဲ့ဆေးတို့၊ HIVဆေးတို့ကလည်း ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို ပြုပြင်တာဖြစ်ပြီး ခုထက်ထိ ကျယ်ကျယ်ပြန့်ပြန့် သုံးနေဆဲပါပဲ။

    နောက်တစ်ချက်က ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ပါ။ Molnupiravirနဲ့ အလားတူဆေးတွေက သန္ဓေသားမှာ ချို့ယွင်းချက်မှာ ပါစေနိုင်ပါတယ်။ Molnupiravirကိုတော့ တိရိစ္ဆာန်တွေမှာ စမ်းသပ်ထားတာကတော့ စိတ်ချရတယ်လို့ ဆိုပါတယ်။ လူကိုယ်ဝန်ဆောင်တွေမှာ စမ်းသပ်ထားတာမျိုး မရှိသေးတဲ့အတွက် လတ်တလောမှာတော့ ကိုယ်ဝန်ဆောင်တွေ သုံးလို့ရဦးမှာ မဟုတ်သေးပါဘူး။

    ဒါ့ပြင် စမ်းသပ်ချက်မှာပါတာက ကာကွယ်ဆေး မထိုးထားတဲ့သူတွေပါ။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေက ကိုဗစ်ဖြစ်လာတဲ့အခါ ဒီဆေးသုံးလို့ရမရဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    Molnupiravirက ကိုဗစ်ကပ်ဘေးအတွက် အလှည့်အပြောင်း ဖြစ်လာမှာလား။

    ခုထက်ထိ ကိုဗစ်မှာ သုံးနေတဲ့ ဆေးတွေက ဗိုင်းရပ်စ်အပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိတာ နည်းပါတယ်။ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ပြဿနာတွေကို လိုက်ရှင်းနေရတဲ့ သဘောပါပဲ။ Molnupiravir ပေါ်လာတာက ကိုဗစ်ကို တည့်တည့်ရင်ဆိုင်ဖို့ လက်နက်တစ်ခုဖြစ်လာနိုင်ပါတယ်။

    ဒါပေမယ့် ကာကွယ်ဆေးတွေကတော့ ဆက်ထိုးနေရဦးမှာပါ။ ကိုဗစ်စည်းကမ်းတွေကို လိုက်နာရဦးမှာပါ။ ဖြစ်လာမှာ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကသာ အကောင်းဆုံးပါပဲ။

    (ဤဆောင်းပါးသည် နိုဝင်ဘာ ၅ရက်၊ ၂၀၂၁ကရေးသားထားခြင်း ဖြစ်ပြီး အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါသည်။) 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement