
လူကဝလာတယ်၊ အလေးချိန်လည်းတက်လာတယ်။ အစားလည်းသိပ်မစားပါဘဲ၊ လှုပ်လှုပ်ရှားရှားလည်းနေပါလျက်နဲ့ ဘာလို့များဝလာရတာလဲ။ အဖြေရှာနေသူတွေအတွက်ဖြစ်နိုင်ခြေအကြောင်းရင်းတွေကရှိပါတယ်။ အစားမက်သူမဟုတ်၊ အထိုင်များသူမဟုတ်ပါဘဲ လူကိုဝလာစေတဲ့ နောက်ခံအကြောင်းရင်းဘာတွေရှိနေနိုင်သလဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။
သိုင်းရွိုက်ကဟော်မုန်းထုတ်လုပ်မှုမလုံလောက်တဲ့အခါ လူကို ဝလာစေနိုင်ပါတယ်။ ဆံပင်တွေလည်းပါးလာမယ်၊ အသားအရေခြောက်မယ်၊ အအေးဒဏ်မခံနိုင် ပိုချမ်းတတ်လာမယ်၊ ဝမ်းချုပ်မယ်၊ စိတ်ကျခြင်းပါခံစားရနိုင်ပါတယ်။ဟော်မုန်းပမာဏ ပုံမှန်ရှိမရှိကိုသွေးစစ်သိရှိနိုင်ပါတယ်။
ကိုယ်အလေးချိန်တက်ခြင်းနဲ့ အဝလွန်ခြင်းတွေဆိုတာ စိတ်ကျရောဂါရဲ့မြင်သာတဲ့ဘေးထွက်ဆိုးကျိုးတွေထဲပါဝင်ပါတယ်။ စိတ်ဓါတ်ကျနေတဲ့သူတွေက စိတ်ဖိစီးမှုဟော်မုန်းcortisol ပမာဏမြင့်မားနေတဲ့အတွက် ဝမ်းဗိုက်တဝိုက်မှာ အဆီတွေစုစေပါတယ်။ အစားမမှန်၊ လှုပ်ရှားမှုမမှန်လောက်အောင် စိတ်ဓါတ်ကျနေတဲ့အတွက် ဝိတ်တက်လာတာလည်းပါပါတယ်။ ပိုဆိုးတာက စိတ်ကျဝေဒနာကိုကုသတဲ့ဆေးဝါးတွေကြောင့်လည်း ဝလာစေတတ်လို့ပါ။
တစ်ညကို အနည်းဆုံး ၆ နာရီပြည့်အောင် အိပ်မပျော်နိုင်တဲ့သူတွေဟာ ပိုဝလာလေ့ရှိပါတယ်။ အိပ်ချိန်မှန်ပြီး အိပ်ရေးဝတာကသာ သူတို့အတွက် ကိုယ်အလေးချိန်ထိန်းဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ အိပ်ရေးပျက်ရင် ခန္ဓါကိုယ်ကcortisolဟော်မုန်းနဲ့အင်ဆူလင်ထုတ်လုပ်မှုများလွန်းပြီး ကိုယ်အလေးချိန်တက်စေတာပါ။ ဒီဟော်မုန်းကြောင့်ပဲ ဆာလောင်မှုကိုပိုနှိုးဆွပြီး အဆီများတာတွေ၊ အချိုများတာတွေကို စားချင်စိတ်တွေထိန်းမရဖြစ်စေပါတယ်။
မျိုးဥအိမ်အရည်အိတ်တည်တဲ့ PCOSဖြစ်နေပြီဆိုရင် ရာသီထိန်တာ၊ မျက်နှာနဲ့ခန္ဓါကိုယ်မှာ အမွေးပိုထူလာတာ၊ ဝက်ခြံပိုပေါက်လာတာတွေဖြစ်နိုင်ပါတယ်။နောက်ပြီး မျိုးဥအိမ်မှာ အလုံးတွေတည်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ အမျိုးသားဟော်မုန်းလို့ခေါ်တဲ့ အန်ဒရိုဂျင်ဟော်မုန်းများနေလို့ဖြစ်ပါတယ်။ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းပိုနည်းလာတာကြောင့် ကိုယ်အလေးချိန်တက်တာလည်းဖြစ်နိုင်ပါတယ်။