ကျန်းမာရေး ပညာရှင်တွေကတော့ ခုလို ကိုဗစ်ကာလမျိုးမှာ Hiking ထွက် တာက တခြားအားကစားနည်းတွေထက်ပိုပြီး စိတ်ရောကိုယ်ပါ အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဆိုထားကြပါတယ်။
အကြောင်းကတော့ နေအိမ်ကနေ အပြင်ကို လွတ်လွတ်လပ်လပ်ထွက်ခွာခွင့်မရဖြစ်နေချိန်ဖြစ်တာကြောင့် လူနည်းနည်းလေးနဲ့ ဒါမှမဟုတ် ကိုယ်တစ်ဦးတည်း ပတ်ဝန်းကျင်ကို လေ့လာရင်း ခရီးရှည်လမ်းလျှောက် ထွက်တာက စိတ်ရောကိုာ်ပါ အကျိုးရှိစေမှာမို့ပါ။

လမ်းလျှောက်ခရီးတစ်ခု ထွက်တော့မယ်ဆိုရင်
လမ်းလျှောက်ခရီးဆိုတာ တောထဲပဲထွက်ရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိသလို မိုင်ရာနဲ့ချီဝေးတဲ့နေရာတွေမှာပဲ လုပ်ရမယ်လို့လည်း မသတ်မှတ်ထားပါဘူး။ တချို့တွေက မြို့ထဲ၊ တချို့က မြို့ပြင်၊ တချို့ကတော့ သဘာဝအလှတရားတွေရှိတဲ့ တောတောင်တွေဆီ ထွက်ကြပါတယ်။ ကိုယ်နှစ်သက်ရာ အဆင်ပြေရာပေါ့။
သေချာတာကတော့ Hiking ထွက် မယ်ဆိုရင် စနစ်တကျ အစီအစဉ်ဆွဲနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် တောထဲတောင်ထဲဆို ပိုပြီး လိုအပ်ပါတယ်။ အမှားအယွင်းတွေ ပြုလုပ်မိမှာကိုတော့ မစိုးရိမ်ပါနဲ့။ အမှားတွေကနေ သင်ယူလို့ရပါတယ်။
ဒီအားကစားက ကိုယ်စိတ်နှစ်ပါးလုံးကို ကျန်းမာအောင် ကူညီပေးနိုင်တာမို့ မလွယ်ကူနိုင်ဘူးဆိုတာကိုတော့ သိနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့များ ကိုယ်က ကျေးလက်ဒေသတွေ၊ တောထဲတောင်ထဲတွေကို သွား Hiking ထွက်မယ်ဆိုရင် အောက်ပါအချက်တွေကို သတိထားပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။
- ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစား
- မြေပုံ (Google Map က နေရာဒေသတိုင်းမှာ အဆင်မပြေတာကို နားလည်ထားဖို့ လိုအပ်ပါတယ်)
- ဦးခေါင်းမှာတပ်ဆင်နိုင်တဲ့ မီးအိမ်
- နေရောင်ခံလိမ်းဆေး
- ဆေးသေတ္တာ
- ဓားမြှောင်
- မီးမွှေးဖို့ ပစ္စည်းတွေ
- Emergency shelter
- အစားအသောက်အပို
- ရေအပို
- အဝတ်အစားအပို စတာတွေပါပဲ။
ဒီပစ္စည်းတွေအားလုံးက သေချာပေါက် အသုံးချရမယ့် အရာတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့်မဖြစ်မနေ အရေးပေါ် အခြေအနေတွေမှာ လိုအပ်လာမယ့် ပစ္စည်းတွေပါ။ ဒါတွေမပါပဲ ခရီးရှည်လမ်းလျှောက် ခရီးတွေ သွားဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။
တကယ်လို့များ အချိန်အားလပ်ပြီး အလျဉ်းလည်းသင့်တယ်ဆိုရင် မိမိနေထိုင်ရာ မြို့ပြရဲ့ အနီးနားဝန်းကျင်က သဘာဝနေရာလေးတွေဆီကိုပဲဖြစ်ဖြစ် Hiking ထွက်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်ကာလကြောင့် ပိတ်လှောင်နေတဲ့ မွန်းကျပ်မှုတွေကို ဖြေလျှော့ရင်း ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေမှာမို့ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။