backup og meta

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

အချိန်များများ မပေးနိုင်ဘူး။ ဒါပေမယ့် အပန်းဖြေ ခရီးလေးတော့ သွားချင်တယ်ဆိုပြီး စိတ်ကူးရလာတော့  ဟိုနားဒီနားမှာ ဘာတွေများ အပန်းဖြေစရာရှိမလဲလို့ စဉ်းစားလာကြပါတယ်။ ဒီတော့ ခေါင်းထဲဝင်လာတာက Camping သွား တာပါ။ သစ်တောလေးတွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်း Camp siteလေးတွေက ခရီးဝေးဝေးသွားဖို့ အချိန်မရသူတွေအတွက်တော့ အာသာဖြေစရာ တစ်ခုပါပဲ။

ပိုကောင်းတဲ့အချက်က အချိန် အများကြီးပေးစရာ မလိုဘူး။ နေ့ချင်းပြန်သွားလို့ရတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေ စုပြီး သွားကြတဲ့အခါကျတော့ အနည်းဆုံးတော့ ခရီးသွားသလိုမျိုးလေးတော့ ခံစားရတာပေါ့။ ဒါပေမယ့် ဒီလိုပျော်စရာကောင်းတဲ့ ခရီးစဉ်လေးကြောင့် သင့်ကျန်းမာရေးကို မထိခိုက်ဖို့တော့ လိုပါတယ်။

ဒါကြောင့် Camping သွားတဲ့အခါ ဘယ်လိုကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်လဲ။ ဘာတွေ အကာအကွယ်လုပ်သွားမလဲဆိုတာ အကြံပေးချင်ပါတယ်။

Camping သွားမယ်ဆိုရင်

Camping သွားမယ်ဆိုရင် အများစုက နေရာကောင်းရဲ့လား၊ ဓာတ်ဖမ်းလို့ လှရဲ့လား၊ အစားအသောက်ကောင်းရဲ့လား စတာကို အရင်တွေးပါတယ်။ သွားဖို့ လာဖို့ ပြင်ဆင်တဲ့အခါမှာလည်း သောက်နေကြဆေးနဲ့ သုံးနေကြ ဆေးဝါး နည်းနည်းပါးပါးလောက်ပဲ ယူသွားကြပါတယ်။ ဒါတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် ဒီထက် ပိုဂရုစိုက်ရမယ့် ကျန်းမာရေးပြဿနာအစာလေးတွေလည်း ရှိပါတယ်။

Camping သွားခဲ့အခါ ကြုံတွေ့နိုင်တဲ့ ကျန်းမာရေး ပြဿနာများ

Camping သွား မှတော့ ဟိုသွားဒီသွား သွားကြမယ်။ ဓာတ်ဖမ်းလို့ လှတဲ့နေရာလေးတွေဆို အတင်း ကုတ်တွယ်တက်ပြီး ရိုက်ကြမယ်၊ ဒါသဘာဝပါပဲ။ ဒါပေမယ့် မတော်တဆ ခြေချော်လက်ချော် ဖြစ်တဲ့အခါ အဆစ်လွဲသွားတာ၊ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ၊ အရိုးကျိုးဒဏ်ရာ စတာတွေ ဖြစ်တတ်ပါတယ်။

နေရာသစ်မှာ ရေပြောင်း၊ မြေပြောင်း ဖြစ်တဲ့အခါ၊ စားနေကျမဟုတ်တာတွေ စားတဲ့အခါ အခန့်မသင့်ရင် အစာအဆိပ်သင့်ပြီး အထက်လန်အောက်လျှော ဖြစ်တတ်ပါတယ်။

ကိုယ့်ကိုယ်ကို ပင်လယ်စာ မတည့်ဘူး။ မြေပဲ မတည့်ဘူးဆိုရင် ရှောင်ပြီး စားကြပေမယ့် နေရာအသစ်မှာ အသစ်အဆန်းလေးတွေ တွေ့တော့ စားမိတတ်ပါတယ်။ ဒီကနေမှ အခန့်မသင့်ရင် အစာဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ပန်းလေးတွေ၊ လှလှလေးတွေ တွေ့တဲ့အခါ လှမ်းရှူမိရာကနေလည်း ပန်းနာရင်ကျပ်လိုမျိုး ရောဂါတွေ  ထတတ်ပါသေးတယ်။

တွေ့တဲ့ ကန်ထဲ၊ ချောင်းထဲ ရေစိမ်တာဖြစ်ဖြစ်၊ ရေသန့်သန့်နဲ့ မချိုးရတာဖြစ်ဖြစ်၊ အဝတ်အစားမလောက်လို့ အလဲအလှယ်မလုပ်ရတာဖြစ် အရေပြားမှာ ပွေး၊ ညင်းတွေ ပေါက်တာတွေ ဖြစ်တတ်ပါတယ်။

သစ်ပင်လေးတွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်နေတာကြောင့် ပိုးကောင် မွှားကောင်လေးတွေ ခိုအောင်းလို့ ကောင်းတဲ့ နေရာလေး ဖြစ်နေပါတယ်။ ကိုယ်တွေကလည်း ဟိုမှီ ဒီမှီနဲ့ ဓာတ်ပုံရိုက်တာဆိုတော့ အခန့်မသင့်ရင် ပိုးကောင်လေးတွေ ကိုက်တာ ခံရတတ်ပါတယ်။ ဘယ်နေရာရောက်ရောက်  ဒုက္ခပေးတတ်တဲ့ ခြင်တွေကိုလည်း မေ့ထားလို့ မဖြစ်သေးပါဘူး။

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

  • ခရီးပန်းတာ

ရာသီဥတုဓာတ်၊ တစ်နေကုန် သွားလာလည်ပတ်ထားတဲ့ ဒဏ်တွေကြောင့် ကိုယ်လက်ကိုက်ခဲတာ၊ အဖျားဝင်တာ စတာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ပျော်ရွှင်စရာ Campingဖြစ်စေဖို့

သွားတာမှ နေ့ချင်းပြန်၊ တစ်ညအိပ်လောက်ဆိုတော့ တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နဲ့ အန္တရာယ်ကင်းကင်း လည်ပတ်ဖို့ လိုပါတယ်။ ဒါမှ အမှတ်တရကောင်းလေးတွေ ကျန်ခဲ့မှာပေါ့။ ဒါကြောင့် အပေါ်က ပြဿနာတွေ ကင်းစေဖို့

သောက်နေကြဆေးတွေ၊ ဆောင်ထားနေကြဆေးတွေ အကုန်ပါအောင် ထည့်သွားပါ။ ဒါ့ပြင် ထိခိုက်ဒဏ်ရာအတွက် ပလာစတာ၊ အရက်ပြန်၊ မတော်တဆ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ရင် သောက်နိုင်အောင် ဓာတ်ဆားထုပ်၊ ပရိုဘိုင်အိုတစ်၊ ကိုက်တာခဲတာ သက်သာအောင် အကိုက်အခဲပျောက်ဆေး စသဖြင့် စုံလင်အောင် ထည့်ထားပါ။

  • နေမကောင်းရင် မသွားပါနဲ့။

နေမကောင်းတဲ့ ဒဏ်ရော၊ ခရီးပန်းတဲ့ ဒဏ်ရောဆို ခံနိုင်မှာ မဟုတ်ပါဘူး။ ဟိုကျတော့လည်း ဟိုဟိုဒီဒီ လျှောက်သွားချင်သေးတယ်။ ရေမြင်ရင် ဆင်းဆော့ချင်သေးတယ်။ ဒါတွေကြောင့် ခုခံအား ပိုကျသွားတဲ့အခါ နေပြန်ကောင်းဖို့ အချိန်ပိုကြာပါလိမ့်မယ်။ ဒါကြောင့် နေကောင်းမှ အင်နဲ့ အားနဲ့ လည်ပတ်ပါ။

  • သန့်ရှင်းရေးကို ဂရုစိုက်ပါ။

ဘယ်နေရာပဲ ရောက်ရောက် မကြာခဏ လက်ဆေးပါ။ လက်သန့်ဆေးရည်တွေ ဆောင်ထားပါ။ ရေကို ကျိုချက်ပြီးမှ သောက်ပါ။ ဒါမှမဟုတ် ရေသန့်သောက်ပါ။ အစားအသောက်တွေကိုလည်း ပူပူနွေးနွေး စားပါ။

  • ထိခိုက်ဒဏ်ရာ မရအောင်  ဂရုစိုက်ပါ။

ဘယ်ပဲ သွားသွား ကိုယ့်အန္တရာယ်ကို သတိပြုပါ။ အထူးသဖြင့် ခြေထောက်တွေကို ဂရုစိုက်ပါ။ ခြေဗလာနဲ့ မနေပါနဲ့။ အကောင်ပလောင်တွေ ကိုက်တာ ခံရနိုင်သလို၊ မတော်မဆ သစ်ငုတ်တွေ၊ ဆူးတွေလည်း ဆူးတတ်ပါတယ်။ ရေကူးတဲ့အခါမှာလည်း ရေနက်ပိုင်းကို မသွားဖို့၊ လူမရှိတဲ့နေရာမှာ မကူးမိဖို့ သတိထားပါ။

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

  • အသစ်အဆန်းတွေကို စားမကြည့်ပါနဲ့။

နေရာသစ်ရောက်တဲ့အခါ ပုံမှန်စားနေကြမဟုတ်တဲ့ အသားတွေ၊ သစ်ဥသစ်ဖုတွေကို တတ်နိုင်သလောက် မစားပါနဲ့။ မတော်တဆ ဓာတ်မတည့်တဲ့အခါ ပြဿနာများပါတယ်။ သာမန်အပိမ့်ထွက်ရုံ၊ ယားရုံလောက်ဆို ပြဿနာ မရှိပေမယ့် ပြင်းထန်ဓာတ်မတည့် ဖြစ်လို့ အသက်ရှူတွေကျပ်လာတယ်၊ သွေးပေါင်ကျလာတယ်ဆိုရင် ဖြေဆေးထိုးမှ ရမှာပါ။ အသက်အန္တရာယ်များတာမို့လို့ ဆေးရုံ၊ ဆေးခန်းသွားဖို့ မလွယ်တဲ့နေရာမှာ ကိုယ်မစားဖူးတာတွေ လျှောက်မစားပါနဲ့။

  • အဝတ်အစားအပို ထည့်သွားပါ။

နေ့ချင်းပြန်ပဲသွားသွား၊ တစ်ညအိပ်ပဲ နေနေ အဝတ်အစား အပို ၁စုံလောက် ထည့်သွားပါ။ ရေမြင်လို့ ကူးချင်တာရှိမယ်၊ သူငယ်ချင်းတွေနဲ့ ဆော့ပြီး ချွေးတွေရွှဲနေတာရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖြစ်လာပြီဆို အဝတ်အစားလဲလိုက်တာ အကောင်းဆုံးပါပဲ။ ရေတွေ ချွေးတွေ ရွှဲနေတာက အရေပြားပြဿနာကို ဖြစ်စေတယ်လေ။

  • အကောင်ပလောင်တွေ မကိုက်မခံရအောင် နေပါ။

အထူးသဖြင့်တော့ ခြင်တို့၊ မွှားတို့၊ ကမျဉ်းနီကောင်တို့ပါ။ Tentလေးတွေ ထိုးတဲ့အခါ တတ်နိုင်သမျှ လုံနေအောင် ထိုးပါ။ ဒါ့ပြင်  အထဲမှာ ရှင်းနေအောင်ထားပါ။ စောင်ပုံတွေ၊ ခေါင်းအုံးတွေ အများကြီး ယူမထားပါနဲ့။ ကင်း၊ ခူယား၊ မြွေ စတာတွေ အောင်းတတ်ပါတယ်။ မအိပ်ခင်မှာ အိပ်ရာကို စစ်ဆေးပါ။

ခြင်တွေ၊ မွှားတွေ မကပ်အောင် DEET ဖြန်းဆေး သုံးပါ။ အင်္ကျီရှည်၊ ဘောင်းဘီရှည် ဝတ်ပါ။ တောထဲ တောင်ထဲ သွားလာပြီး ဝတ်ပြီးသားအင်္ကျီတွေကို ထပ်ခါထပ်ခါ ပြန်မဝတ်ပါနဲ့။ ပိုးကောင်လေးတွေ အောင်းနေနိုင်ပါတယ်။ အဝတ်အစားလဲတဲ့အခါ အင်္ကျီတွေကို သေချာခါပါ။

အကောင်ကိုက်ခံရတယ်လို့ ယူဆရင် တစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ် ရှာပါ။ နားရွက်နောက်၊ ဆံပင်ကြား သေချာရှာပါ။ တွေ့ရင် ဇာဂနာနဲ့ ဆွဲနှုတ်ပါ။ ဇာဂနာ မရှိရင် တစ်ရှူးလေးခံပြီး လက်နဲ့ ဆွဲဖယ်ပါ။ အကောင်ကို တိုက်ရိုက်မထိဖို့၊ လိမ်ပြီး မဖယ်လိုက်ဖို့ သတိထားပါ။ အစွယ်လေးတွေ အသားမှာ စိုက်ကျန်တတ်လို့ပါ။

ဖယ်ပြီးရင် ဖြစ်တဲ့နေရာကို ရေနဲ့ ဆပ်ပြာနဲ့ စင်အောင်ဆေး၊ Povidone iodineလေး လိမ်းထားလို့ ရပါတယ်။

ဒီအချက်လေးတွေကိုသာ သတိထားမယ်ဆိုရင် ပျော်စရာကောင်းတဲ့ Camping လေး ဖြစ်လာမှာ အသေချာပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.acacamps.org/resource-library/camping-magazine/ten-ways-reduce-injuries-illnesses-camp

https://www.health.state.mn.us/diseases/waterborne/prevention/backcountry.html

https://www.avma.org/resources-tools/veterinarians-and-public-health/disease-precautions-outdoor-companion-animals

ယခုပုံစံ

25/01/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ကူးစက်နိုင်သည့် အရေပြားရောဂါများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement