သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

တစ်နှစ်ထက်တစ်နှစ် ကမ္ဘာမှာ တိုးတက်မှုတွေ အများကြီးဖြစ်လာသလို ရောဂါဆန်းတွေလည်း တိုးလာတယ်နော်။ ဒါက သဘာဝအလျောက် ဖြစ်လာတာ မဟုတ်ပါဘူး။ လူတွေကိုယ်တိုင် ဖန်တီးလိုက်တဲ့ ကြမ္မာပါ။

အခုခေတ်မှာ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ကျန်းမာရေး စိန်ခေါ်မှုတွေထဲက တစ်ခုက ဆေးယဉ်ပါးလာတဲ့ ပြဿနာပါ။ စစ်တမ်းတွေအရ နှစ်စဉ် လူဦးရေ ၂ သန်းကျော် ၃ သန်းနီးပါးလောက် ဆေးယဉ်ပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပြီး သောင်းဂဏန်းလောက် သေဆုံးနေပါတယ်။ ဒါကြောင့် လောလောဆယ်မှာ အရေးတကြီး အာရုံစိုက် လုပ်ဆောင်ရမယ့် ကျန်းမာရေးပြဿနာက ဆေးယဉ်ပါးမှု ပြဿနာပါ။

ဆေးယဉ်ပါးတယ်ဆိုတာ ဘာလဲ………..

ဆေးယဉ်ပါးတယ်ဆိုတာကို မပြောခင် ပိုးသတ်ဆေးဆိုတာ ဘာလဲဆိုတာကို အရင်ပြောပြမယ်နော်။

ပိုးသတ်ဆေး ဆိုတာ

ပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ၊ မှိုပိုးတွေ နဲ့ ကပ်ပါးပိုးတွေ လူတွေ၊ တိရစ္ဆာန်တွေ၊ အပင်တွေဆီကို ကူးစက်မှုကို ကာကွယ်ဖို့၊ ကုသဖို့ အသုံးပြုရတဲ့ ဆေးဝါးတွေပါ။

ဆေးယဉ်ပါးတယ်ဆိုတာ

ဆေးယဉ်ပါးတယ်ဆိုတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုပိုးတွေ၊ ကပ်ပါးပိုးတွေက အချိန်ကြာလာတဲ့အခါ သန္ဓေပြောင်းလာကြတယ်။ ပါဝါတက်လာတဲ့ သဘောပေါ့။ ဒီလို ပြောင်းလဲမှုက ဆေးတွေရဲ့ ဒဏ်ကို ခုခံလာနိုင်ပြီး ဆေးသောက်လည်း ရောဂါက မသက်သာဘဲ ဖြစ်လာတယ်။

ဒီလိုနဲ့ ရောဂါပြန့်နှုန်းကလည်း မြန်လာမယ်။ ရောဂါအခြေအနေကလည်း ပိုပြင်းလာမယ်။ ကုသရခက်လာမယ်။ ကုသဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေဖြစ်လာတာမျိုးပေါ့။

ဆေးယဉ်ပါး ဘာကြောင့်ဖြစ်ရတာလဲ…………….

ဆေးယဉ်ပါးတဲ့ အကြောင်းအရင်းက တစ်ခုတော့ မကပါဘူး။ ဒီမှာ အတွေ့ရ အများဆုံး ပြဿနာက စပ်ဆေးသောက်တာလေ သိတယ်ဟုတ်။” ဖျားနေတယ်။ ဆေးခန်းသွားမနေနဲ့။ လမ်းထိပ်ဆေးဆိုင်က ဆေးစပ်သောက်လိုက်လေ။ ငါလည်း အဲ့လိုပဲ သက်သာသွားတာ။

ချောင်းဆိုးနေတာလား။ ဟိုတစ်ခါ ငါ ဒီဆေးသောက်တာ သက်သာသွားတယ်။ ရော့ သောက်ကြည့်ပါလားဆိုတဲ့ ပြဿနာလေ။ နောက် ရှိသေးတယ်။ ဒါကတော့ ဆေးခန်းတော့ သွားပြပါရဲ့။ ဆရာဝန်က မနက်ဖြန်လာခဲ့ဦးနော်ဆို ထပ်မသွားဘူးလေ။ ဆေးသောက်ဖို့ ပေးလိုက်တာက ၂ ရက်စာ တစ်ရက်သောက်ပြီး သက်သာရင် ဆေးတွေကို ဆက်မသောက်တော့ဘူးလေ။”

ဒါဆို ဆေးယဉ်ပါး ပြဿနာက ဆေးတွေသောက်လို့ပဲ ဖြစ်တာလားဆိုတော့ မဟုတ်သေးပါဘူး။ ဆေးယဉ်ပါးတဲ့ ပြဿနာက လူတွေ၊ တိရစ္ဆာန်တွေ၊ အစားအသောက်တွေ၊ အပင်တွေ နဲ့ သဘာဝပတ်ဝန်းကျင် (ရေထု၊လေထု၊မြေထု)တွေ အားလုံးမှာ ဖြစ်နိုင်ပါတယ်။

ဆေးယဉ်ပါးနေတဲ့ ပိုးမွှားတွေက လူတစ်ယောက်ဆီကနေ တစ်ယောက်ဆီ၊ လူကနေ တိရစ္ဆာန်ဆီ၊ တိရစ္ဆာန်ဆီကနေ လူဆီ အပြန်အလှန် ကူးစက်နေသလို စားလိုက်တဲ့ အစားတွေကနေတဆင့်လည်း ဆေးယဉ်ပါးမှု ဖြစ်နိုင်ပါတယ်။

နားလည်လွယ်အောင် ပြောပြရရင် တိရစ္ဆာန်တွေကို ရောဂါကင်းအောင် အသားတိုးအောင်ဆိုပြီး သဘာဝ အစာမဟုတ်တဲ့ အစာတွေ ကျွေးတယ်လေ။ ဒီဓာတ်တွေက အသားတွေထဲပါလာမယ်။ စားသုံးမိမယ်။ ဒီလိုနဲ့ ဆေးယဉ်ပါးမယ်။

နောက်တစ်နည်းက အပင်တွေကို ပိုးကင်းပြီး အလုံးလှအောင် အမြင်လှအောင်ဆိုပြီး ပိုးသတ်ဆေးတွေ သုံးတယ်လေ။ ဒီဆေးတွေက မြေဆီလွှာထဲရောက်တယ် မြေထုကို ထိခိုက်ပြီ။ ဒီလိုကနေ မိုးရေ၊ အပင်ကို ဖြန်းတဲ့ရေကနေတဆင့် မြစ်ချောင်းတွေ၊ အင်းအိုင်တွေထဲကို ရောက်သွားတယ်။ ဒီမှာ ရေအရင်းအမြစ်က သန့်စင်ဖို့ ခက်သွားပြီ။

ဆေးယဉ်ပါးတဲ့ အဓိက ပြဿနာက ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးတာ၊ အလွဲသုံးတာတွေကြောင့်ပါ။ သန့်စင်တဲ့ ရေအရင်းအမြစ်တွေ မရှိတာ၊ ကောင်းမွန်တဲ့ ရေဆိုးနုတ်စနစ် မရှိတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ရောဂါကူးစက်မှုကို ကာကွယ်မှု အားနည်းတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတာ၊ ဆေးပတ်ပြည့်အောင် မသောက်တာ၊ ပိုးသတ်ဆေးတွေကို စိတ်ထင်တိုင်း သောက်တာ၊ ကျန်းမာရေး ဗဟုသုတ နည်းတာတွေကြောင့် ဆေးယဉ်ပါး ပြဿနာဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုကြီးထွားလာတာပါ။

ဆေးယဉ်ပါးတာက လူသားမျိုးနွယ်ကိုတင် မဟုတ်ဘဲ ကမ္ဘာမြေကြီးတစ်ခုလုံးကိုပါ ပျက်စီးစေနိုင်တဲ့အရာပါ။ ဒါကြောင့် ကိုယ်ချစ်တဲ့ကမ္ဘာမြေကြီးကို ကိုယ့်လက်နဲ့ကိုယ် အဆုံးမသတ်မိပါစေနဲ့။ စပ်ဆေးသောက်တာ၊ မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ သောက်တာကစလို့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ပိုးသတ်ဆေးတွေ အသုံးပြုမှုကို တတ်နိုင်သမျှ လျှော့ချပြီး ဆေးယဉ်ပါးမှုကို တိုက်ဖျက်လို့ အားလုံးအတူ ကမ္ဘာမြေကြီးကို ကာကွယ်ကြပါစို့။

ချစ်ရတဲ့ ကမ္ဘာမြေကြီးကို ကာကွယ်ဖို့ ဆေးယဉ်ပါးမှုကို အတူ ကာကွယ်စို့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Antimicrobial resistance https://www.who.int/news-room/fact-sheets/detail/antimicrobial-resistance Accessed Date 6 November 2020

Antibiotic / Antimicrobial Resistance (AR / AMR) https://www.cdc.gov/drugresistance/index.html Accessed Date 6 November 2020

Biggest Threats and Data https://www.cdc.gov/drugresistance/biggest-threats.html Accessed Date 6 November 2020

Antimicrobial resistance: a global multifaceted phenomenon https://www.ncbi.nlm.nih.gov/pmc/articles/PMC4768623/ Accessed Date 6 November 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 06/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။