backup og meta

ပျော်ချင်ရင် နေရောင်ခံပါ။


Dr. Yee Mon Lwin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ချင်ရင်  နေရောင်ခံပါ။

    နေရောင်ခံပါလို့ ပြောလိုက်ရင် အများအားဖြင့် လူတွေက အရေပြားကင်ဆာဖြစ်မယ်၊ နေလောင်မယ်၊ အသားမည်းမယ်၊ အရေးအကြောင်းတွေဖြစ်မယ် စသဖြင့် နေထိတာမကောင်းဘူးဆိုတာတွေကိုပဲ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ လူတော်တော်များများ မသိကြတာက နေရောင်ခြည်က ရရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေလည်း အများကြီးရှိကြတယ်ဆိုတာပါပဲ။

    နေရောင်ခြည်ဟာ ပျော်ရွှင်မှုကိုကိုယ်စားပြုတယ်။

    တစ်ခုခုကို အကောင်းဘက်က ပြောချင်တယ် စိတ်ချမ်းသာတာကို ဖော်ပြချင်တယ်ဆိုရင် နေလုံးပုံတွေ နေရောင်ခြည်အလင်းတန်းတွေကို သုံးကြတယ်။ ဒါက ရုပ်ပြသက်သက်ပဲ မဟုတ်ပါဘူး။

    နေရောင်ခြည်ရော အမှောင်ဓာတ် နှစ်ခုလုံးက ဦးနှောက်ကနေ ဟော်မုန်းထုတ်တာကို လှုံ့ဆော်ပေးပါတယ်။ နေရောင်ခြည်ဟာ ဦးနှောက်ကနေ ပျော်ရွှင်ခြင်း ဟော်မုန်းလို့ခေါ်လို့ရတဲ့ ဆီရိုတိုနင် (serotonin) ကိုထွက်စေပါတယ်။ ဒီဟော်မုန်းဟာ လူတွေအတွက် စိတ်တည်ငြိမ်တာတွေ၊ ပျော်ရွှင်တာ အာရုံစူးစိုက်မှုကောင်းတာတွေကို ဖြစ်စေပါတယ်။ အမှောင်ဓာတ်ကတော့ ညအိပ်ဖို့ အတွက်အထောက်အကူပြုတဲ့ မက်လတိုနင် (melatonin) လို့ခေါ်တဲ့ ဟော်မုန်းကို ထွက်စေပါတယ်။ ဒီဟော်မုန်းမရှိရင်လည်း  ညအိပ်ပျော်ဖို့ကို တော်တော်ကြိုးစားရမှာပါ။

    ဒါဆို နေရောင်ခြည် ထိတွေ့တာနည်းသွားရင် ဘာတွေဖြစ်မလဲ။

    ပထမဆုံးကတော့ နေရောင်ခြည်ထိရင်ထွက်တတ်တဲ့ serotonin ဟော်မုန်းနည်းသွားမှာဖြစ်တဲ့အတွက် စိတ်ဓာတ်ကျတာတွေ စိတ်မကြည်မလင်ဖြစ်တာတွေကို  စတင်ခံစားရပါတယ်။ ဒါကြောင့်လည်း တချိုု့သူတွေမှာ ရာသီကြောင့်ဖြစ်တဲ့စိတ်ရောဂါ (Seasonal affected disorder) ကို နေရောင်ခြည်နည်းတဲ့ ဆောင်းရာသီမှာ ခံစားကြရလေ့ရှိပါတယ်။ ဒီလိုစိတ်ရောဂါဟာ ပုံမှန်ချိန်တွေမှာဘာမှမဖြစ်ဘဲ နှစ်တစ်နှစ်ရဲ့ အချိန်တစ်ခု အများအားဖြင့် ဆောင်းရာသီလိုမျိုးအချိန်ရောက်လာရင် စိတ်ကျရောဂါ တစ်မျိုးအသွင်ယူပြီး ဖြစ်လာတတ်ပါတယ်။

    ဒါဆိုရင် နေရောင်ခြည်ဟာ လူတွေရဲ့ စိတ်ကိုပျော်စေတာအပြင် ဘာတွေကောင်းသေးလဲ။

    ၁။ အရိုးတွေသန်မာစေတယ်။

    ဒါကတော့ လူအများသိပြီးသားဖြစ်တဲ့ နေထိခံတာဟာ ဗီတာမင် ဒီ ဖွဲ့စည်းတာကို လှုံ့ဆော်ပေးတယ်ဆိုတာပါ။

    ဗီတာမင် ဒီဟာ အရိုးဖွဲ့စည်းတည်ဆောက်တာတွေ၊ ကျိုးသွားတဲ့အရိုးတွေအသစ်ပြန်ဖြစ်တာတွေမှာ အရေးကြီးဆုံးဖြစ်ပြီးတော့ အရိုးပွ၊ အရိုးကြွပ်ဆတ်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ၂။ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။

    နေထိတာက ကင်ဆာတွေပိုဖြစ်စေတယ်လို့ပဲကြားဖူးကြတယ်မလား။ ဟုတ်ပါတယ်။ နေရောင်ကို အချိန်ကြာကြာခံကြတဲ့အခါ နေရောင်ခြည်ထဲမှာပါတဲ့ ယူဗီအလင်းတန်းတွေဟာ အရေပြားကင်ဆာကို ဖြစ်စေပေမယ့် နေရောင်ထဲမှာ ပုံမှန်နေတဲ့သူတွေကတော့ သားဥအိမ်ကင်ဆာဆီးကျိတ်ကင်ဆာအူမကြီးကင်ဆာ စတဲ့ ကင်ဆာတွေကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေကပြောကြပါတယ်။

    ၃။ အရေပြားပြဿနာတွေကို  ဖြေရှင်းပေးနိုင်တယ်။

    မွေးကင်းစကလေးတွေ မွေးစမှာ အသားဝါနေရင် မီးပြရတယ်ဆိုတာ ကြားဖူးကြတယ်မလား။ အလားတူပါပဲ။ နေရောင်ခြည်ကို အသားဝါရောဂါတွေကို ကုတဲ့နေရာမှာ သုံးကြပါတယ်။ နေရောင်ခြည်ထိတာဟာ အသားအရေကို ပျက်စီးစေတယ် အရေးအကြောင်းတွေဖြစ်စေတယ်လို့ပြောကြပေမဲ့ နှင်းခူရောဂါလိုမျိုး တချို့ အရေပြားပြဿနာတွေအတွက်တော့ ဆေးတစ်လက်ပါပဲ။

    ဒါဆိုရင် နေရောင် ဘယ်လောက်ကြာကြာ ခံဖို့လိုမလဲ။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO) ရဲ့ လေ့လာချက်တွေအရတော့ တစ်ကြိမ်ကို ၅မိနစ်ကနေ ၁၅ မိနစ် တစ်ပတ်ကို ၂ကြိမ်ကနေ ၃ ကြိမ် မျက်နှာ၊ လက်နဲ့ခြေထောက်တွေကို နေရောင်ထိပေးတာကအကောင်းဆုံးပါတဲ့။ နေအပြင်းဆုံးအချိန်တွေဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ၄နာရီကြားထဲမှာ  ရှိတဲ့နေရောင်ကိုတော့ရှောင်ပါတဲ့။ နေရောင်ခံတဲ့ခါမှာလည်း နေရောင်ခြည်ဟာ အသားထဲကိုစိမ့်ဝင်ရမှာဖြစ်တဲ့အတွက် နေလောင်ကာဆေးကို လိမ်းထားရင်တော့ အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူးနော်။

    ဒီအချက်တွေကိုကြည့်ရင် ဘာကြောင့် ကမ်းခြေတွေဟာ လူအများစုရဲ့ အကြိုက်ဆုံးနေရာတွေဖြစ်လာတယ်ဆိုတာ ပေါ်လွင်လာပါတယ်။ နေရောင်များများထိရင် လူတွေဟာ စိတ်တွေလန်းဆန်းလာတယ်၊ ပျော်ရွှင်လာကြပါတယ်၊ စိတ်ကျရောဂါကိုပါ ကုနိုင်တယ်လို့ပြောကြတယ်။ ဒါကြောင့် နေထိရင် အသားမည်းမှာစိုးတယ်ဆိုတဲ့ တို့မြန်မာလူမျိုးတွေအတွက် နေရောင်ခြည်ဟာပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဖြစ်ပါတယ်လို့  သတင်းစကားလေးပါးလိုက်ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement