home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ကယ်လ်ဆီယမ်ဟာ လူသားတို့အတွက် မရှိမဖြစ်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းတွေကို ပုံမှန်မောင်းနှင်နိုင်ဖို့ ကယ်လ်ဆီယမ်ကို လိုအပ်တာမို့ ချို့တဲ့မှုဖြစ်ခဲ့ရင်လည်း ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ ကယ်လ်ဆီယမ်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို ဖော်ပြသွားပါမယ်။

၁။ ကိုယ်ခန္ဓာရဲ့အခြေခံလုပ်ငန်းတာဝန်တွေမှာ ပါဝင်ပါတယ်။

ကယ်လ်ဆီယမ်ဟာ ကိုယ်ခန္ဓာရဲ့ အခြေခံလုပ်ငန်းတွေမှာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်ကို သွေးလည်ပတ်တဲ့နေရာမှာ၊ ကြွက်သားများလှုပ်ရှားတဲ့နေရာမှာ၊ ဟော်မုန်းများ ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ ဦးနှောက်ကနေ ကိုယ်ခန္ဓာ တခြားအစိတ်အပိုင်းတွေဆီ သတင်းအချက်အလက်များ ပို့ဆောင်ပေးရာမှာလည်း ပါဝင်ပါတယ်။

ကယ်လ်ဆီယမ်ဟာ အရိုးနဲ့သွားများ ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း အဓိကကျပါတယ်။ အရိုးများကို ကြံ့ခိုင်စေပြီး သိပ်သည်းဆများစေပါတယ်။ အရိုးများဟာ ကယ်လ်ဆီယမ်သိုလှောင်ရုံများလည်း ဖြစ်ပါတယ်။ အစားအသောက်တွေထဲမှာ ကယ်လ်ဆီယမ်လုံလောက်မှုမရှိရင် အရိုးတွေဆီကနေ ပြန်လည်ရယူပါတယ်။

၂။ ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်ကို မထုတ်လုပ်နိုင်ပါ

ကယ်လ်ဆီယမ်ကိုရရှိဖို့အတွက် အစားအသောက်တွေကို မှီခိုရပါတယ်။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့

– နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စသည့် နို့ထွက်ပစ္စည်းများ

– ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

– ငါးသေတ္တာ

– ကယ်လ်ဆီယမ်ဖြည့်ထားသော ပေါင်မုန့်၊ ကောက်နှံ၊ ပဲပိစပ်ဖြင့်ထုတ်လုပ်သော စားစရာများ၊ လိမ္မော်ရည် စတာတွေ ဖြစ်ပါတယ်။

၃။ ကယ်လ်ဆီယမ်ကိုစုပ်ယူဖို့ ဗီတာမင် D လိုအပ်ပါတယ်

ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် D ကို လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ဗီတာမင် D ချို့တဲ့ရင် ကယ်လ်ဆီယမ်ကိုလည်း အပြည့်အ၀ မရယူနိုင်ပါဘူး။ သင့်အသားအရေဟာ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ ဗီတာမင် D ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ဒါ့အပြင် ဆယ်လ်မွန်ငါး၊ ကြက်ဥအနှစ်၊ မှိုအမျိုးအစားအချို့ကနေ ရရှိနိုင်ပါတယ်။

၄။ ကယ်လ်ဆီယမ်ဟာ အမျိုးသမီးများအတွက် ပိုမိုအရေးပါပါတယ်

သုတေသနအချို့အရ ကယ်လ်ဆီယမ်ဟာ အမျိုးသမီးများ သွေးဆုံးချိန်နီးရင် ကြုံရတဲ့ ရောဂါဝေဒနာတွေကို သက်သာစေပါတယ်။ သွေးဆုံးချိန်မှာ ကြုံတွေ့ရတဲ့ လက္ခဏာတွေဟာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီယမ်ဓာတ်နည်းတဲ့ အမျိုးသမီးတွေမှာ ပိုမိုကြုံတွေ့ရပါတယ်။

၅။ အသက်အရွယ်အလိုက် လိုအပ်ချက်ကွာခြားပါတယ်။

အရွယ်ရောက်ပြီးသူများရဲ့ ကယ်လ်ဆီယမ်လိုအပ်ချက်ဟာ ၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များမှာတော့ တနေ့တာလိုအပ်ချက်ဟာ ၁၂၀၀ မီလီဂရမ် ဖြစ်ပါတယ်။

၆။ ကယ်လ်ဆီယမ်ချို့တဲ့ရင် တခြားကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်

အရွယ်ရောက်ပြီးသူတွေမှာ ကယ်လ်ဆီယမ်နည်းပါးရင် အရိုးပွရောဂါဖြစ်နိုင်ပါတယ်။ အရိုးများ ကြံ့ခိုင်ခြင်းမရှိဘဲ ကျိုးပဲ့လွယ်ပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်း အမျိုးသမီးတွေမှာ ပိုမိုကြုံတွေ့ရတတ်ပါတယ်။ ကလေးငယ်များ ဖွံ့ဖြိုးကြီးထွားချိန်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ ငယ်ရွယ်စဉ်မှာ ကယ်လ်ဆီယမ်ဓာတ် လုံလောက်စွာမရရင် ရှိသင့်တဲ့အရပ်အမောင်း မရှိခြင်း၊ အခြားကျန်းမာရေးပြဿနာများ ကြုံတွေ့လွယ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

၇။ ကယ်လ်ဆီယမ်များလွန်းရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်

ကယ်လ်ဆီယမ်ဓာတ်ဟာ လိုအပ်တဲ့ပမာဏထက် များပြားနေမယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်း၊ လေပွလေထခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီထက်များလာရင် ဆီးကျောက်တည်နိုင်ခြေ မြင့်တက်လာပါတယ်။ တစ်ခါတရံမှာ သွေးတွင်းကယ်လ်ဆီယမ်ဓာတ် မြင့်တက်ခြင်း (hypercalcemia) ဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 18/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။