brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။

ဆီးသွားရတာခက်တာ၊ ဆီးကျန်နေတယ်လို့ ခံစားရတာတွေ၊ ဆီးအိမ်ကြီးတင်းနေပေမယ့် ဆီးသွားလို့ မရတာမျိုးတွေကို တော်တော်များများ ကြုံဖူးကြားဖူးကြမှာပါ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ ဆီးမထိန်းနိုင်တာကပြဿနာတစ်ခုဆိုပေမယ့် ဆီးသွားချင်ရက်နဲ့ ဆီးပေါက်လို့ မရတဲ့ ပြဿနာက ပိုဆိုးပါတယ်။ ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။

ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။

ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။

ယောက်ျားမှာဆီး မိန်းမမှာမီးဆိုတဲ့အတိုင်း ဆီးနဲ့ပတ်သက်တဲ့ ပြဿနာတွေက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီဆီးပြဿနာတွေက အသက် ၄၀ကျော်ကနေ အသက် ၈၀ ကြားထဲရှိတဲ့ အမျိုးသား ၁၀၀၀ မှာ ၅ ယောက် ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သူ့မှာ

  • ချက်ချင်းလတ်တလောဖြစ်တဲ့ ဆီးမသွားနိုင်တဲ့ပြဿနာ ( acute urinary retention) နဲ့
  • နာတာရှည် ဆီးမသွားနိုင်တဲ့ ပြဿနာ ( chronic urinary retention) ဆိုပြီး ၂ မျိုးရှိပါတယ်။
  • ဘယ်လို လက္ခဏာတွေ ရှိလဲ ။ ။

    ချက်ချင်းလတ်တလောဖြစ်တဲ့ ဆီးမသွားနိုင်တဲ့ပြဿနာ ( acute urinary retention)-

    ဆီးသွားချင်နေပြီး လုံးဝပေါက်လို့မရဘူးဆိုတော့ တကယ်ကို နာကျင်ပြီး ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ Acute urinary retention ဆို ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုအပ်ပါတယ်။

    နာတာရှည် ဆီးမသွားနိုင်တဲ့ ပြဿနာ

    ဒီပြဿနာမှာတော့ ဆီးက ရုတ်တရက်ကြီးလုံးဝ ပေါက်လို့ မရတာမျိုး မဟုတ်ဘဲ ဆီးနည်းနည်းသာသွာပြီး ဆီးကျန် နေတယ်လို့ ခံစားနေရတာမျိုးဖြစ်ပါတယ်။ ဒီနာတာရှည်ဆီးမသွားနိုင်တဲ့ ပြဿနာဟာ နောက်ဆက်တွဲဆိုးကျိုးတွေ များတဲ့အတွက် ခုအောက်မှာ ပြောပြမယ့်လက္ခဏာ ၁ခုထက်ပိုပြီးရှိနေရင် ဆရာဝန်ဆီ ချက်ချင်းသွားသင့်ပါတယ်။

    • ဆီးကျန်နေလို့ဆိုပြီး ဆီးခဏခဏ သွားနေရတာမျိုး၊ ခုပဲပေါက်ပြီး အိမ်သာကပြန်လာတယ် ထပ်ပြီးပေါက်ချင်နေတာမျိုး
    • ဆီးစထွက်ဖို့ မနည်းညှစ်နေရတာမျိုး နဲ့
    • ဆီးပေါက်နေရင်း ဆီးရပ်ရပ်သွားတာမျိုး စတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

    ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ ။ ။

    ဆီးသွားရခက်တာ၊ ဆီးမပေါက်နိုင်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဆီးလမ်းကြောင်း ပိတ်တာနဲ့ ဆီးလမ်းကြောင်းမပိတ်တာဆိုပြီး အဓိက ၂ ခု ခွဲလို့ရပါတယ်။

    ဆီးလမ်းကြောင်းကို ပိတ်စေတဲ့ အကြောင်းအရင်းများ ။ ။

    • ဆီးကျိတ်ကြီး နေတာ ( အမျိုးသားတွေ မှာ အဖြစ်အများဆုံး)
    • ဆီးလမ်းကြောင်းမှာ ကင်ဆာဖြစ်နေတာ
    • ဆီးလမ်းကြောင်း ကျဉ်းနေတာ
    • ဆီးအိမ်မှာ အလုံးတည် နေတာ
    • ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတာတွေက ဆီးမသွားနိုင်ခြင်းကိုဖြစ်စေတဲ့ လမ်းကြောင်းပိတ်တဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။

    ဆီးလမ်းကြောင်း မပိတ်ဘဲ ဆီးသွားရခက်စေတဲ့ ပြဿနာတွေကတော့

    • ဆီးအိမ်ကြွက်သားအားနည်းနေတာ
    • လေဖြတ် နေတာ၊ ပင်မကျောရိုးကြီးကိုထိသွားပြီး အာရုံကြောတွေ ပါထိခိုက်မိတာ
    • ဆီးခုံပတ်ဝန်းကျင်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မိတာ
    • မွေးလမ်းကြောင်းကနေ ကလေးမွေးထားလို့ ကြွက်သားတွေ အားနည်းနေတာမျိုးတွေက ဆီးသွားရခက်စေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

    ဒါဆို ဘယ်လို ကုသကြမလဲ ။ ။

    ဆီးသွားရခက်တာကို အကောင်းဆုံးဖြေရှင်းနိုင်တာက ဆရာဝန်ဆီသွားပြတာပဲ ဖြစ်ပါတယ်။ ကုသမှုပုံစံနဲ့ ကြာချိန်ကတော့ သင့်ဖြစ်နေတဲ့ ပြဿာနာပေါ်မှာပဲ မူတည်ပါတယ်။ ဆရာဝန်ကနေပြီးတော့မှ ကိုယ့်ရောဂါနဲ့ ကိုက်ညီတဲ့ ကုသမှုတွေ ဖြစ်တဲ့

    • ဆီးပိုက်ထည့်တာ
    • ကျဉ်းနေတဲ့ ဆီးလမ်းကြောင်းအတွက် ဆီးလမ်းကြောင်းချဲ့တာ၊
    • ဆီးကျိတ်ကြီးနေတာအတွက် ဆေးပေးတာ၊ ခွဲစိတ်တာမျိုးတွေ လုပ်ပေးမှာ ဖြစ်ပါတယ်။
    • အိမ်မှာလုပ်နိုင်တာ နောက်တစ်ခုကတော့ ဆီးခုံပေါ်မှာ ရေနွေးအိတ်ကပ်ပေးတာပဲ ဖြစ်ပါတယ်။

    ဆီးသွားရခက်တဲ့ ပြဿနာဆိုတာကလည်း အင်မတန်မှ ခံစားရခက်တဲ့ ပြဿနာဖြစ်တဲ့ပြင် နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရှိပြီး ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေတာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြတာကသာ အကောင်းဆုံးပါ။ ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2024 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။