backup og meta

အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ


Dr. Yee Mon Lwin မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ

    ဆိုကြပါစို့။ ကိုယ်ဟာ ပါတီပွဲတစ်ခုကိုရောက်နေပြီး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောနေကြတယ်။ သောက်ထားတဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေ၊ ဘီယာတွေကြောင့် လေတက်ချင်စိတ်၊ ဆီးသွားချင်စိတ် ဖြစ်လာတယ်။ စကားဝိုင်းထဲက ထသွားရမှာကို အားနာလို့ အိမ်သာမသွားဖြစ်ဘူးဆိုတဲ့ အခြေအနေတစ်ခုပေါ့။ အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ ကို သတိထားရပါမယ်။

    ခန္ဓာကိုယ်ဟာ ပြင်ပကပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်တွင်းကပဲဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခုဝင်လာတယ်၊ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းမှာတင် မကောင်းတာတွေများလာပြီဆိုရင် စွန့်ထုတ်ဖို့၊ တစ်ခုခုလုပ်ဖို့ အချက်ပြလေ့ရှိပါတယ်။ ဒီလိုအချက်ပြတာတွေကို လျစ်လျူရှုလိုက်တာ၊ အောင့်ထားလိုက်တာမျိုးတွေ လုပ်လိုက်ရင်ခန္ဓာကိုယ်အတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်မလာမလဲ။ ဒီလိုအချက်ပြမှုတွေကရော တကယ်ရော အရေးကြီးရဲ့လားဆိုတာကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

    အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ က ဘာတွေလဲ

    နှာချေခြင်း

    ဟတ်ချိုး၊ ဟတ်ချိုး နှာချေတာကို ဘယ်သူကမှတော့ အထူးတလည် အောင့်ထားနေမှာတော့မဟုတ်ပါဘူး။ အမှန်ပြောရရင် အောင့်ထားလို့လည်းမရပါဘူး။ ဒါပေမဲ့ တစ်ခုခုကို ဓာတ်မတည့်တာတွေဖြစ်နေတဲ့ချိန် (allergic reaction) လူတွေကြားရောက်နေရင် ဘေးလူတွေကို အားနာပြီး (အောင့်ထားလို့ရရင်) အောင့်ထားတတ်တွေ ဖြစ်ဖူးကြမှာပါ။

    နှာခေါင်းဟာ အသက်ရှူစနစ် (respiratory system) ရဲ့ ပြင်ပနဲ့ ဆက်သွယ်နေတဲ့ ဦးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ နှာခေါင်းထဲကို ဝင်လာတဲ့ အရာမှန်သမျှဟာ အဆုတ်ထဲကို ဝင်နိုင်တဲ့အတွက် နှာခေါင်းဟာ ခံတပ်အနေနဲ့ ဝင်လာသမျှ ပြင်ပကပစ္စည်းတွေကို နှာချေပြီး စွန့်ထုတ်နေတဲ့သဘောမျိူးပါ။

    နှာချေတာကို အောင့်ထားရင် ဘာဖြစ်မလဲ။

    နှာချေချင်တာကို အောင့်ထားဖို့ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ နှာချေလိုက်တာဟာ နှာခေါင်းကို မူလပုံစံကို ပြန်ဖြစ်အောင် လုပ်တာလို့ပြောပါတယ်။ နှာခေါင်းကို သန့်ရှင်းလိုက်တာကို ပြောတာပေါ့နော်။ ဒါကြောင့် နှာချေတာကို အောင့်ထားလိုက်မယ်ဆိုရင် ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းပိုးတွေဝင်လာမယ်။ ဒါ့ပြင် နား၊ နှာခေါင်း၊ လည်ချောင်းဆိုတာလည်း ဆက်ထားတဲ့အရာဖြစ်တဲ့အတွက် အလယ်နား (middle ear) မှာ ပိုးဝင်တာမျိုးတွေဖြစ်တတ်ပါတယ်။

    ၁။ နှာချေဖို့အတွက် အသက်ရှူစနစ်တစ်ခုလုံးမှာ ဖိအားတွေ တက်လာရပါတယ်။ အဲဒီ တက်လာတဲ့ ဖိအားကို နှာမချေလိုက်ဘဲ အောင့်ထားလိုက်ရင် ဖိအားများရင် ဖြစ်တတ်တဲ့ အခြေအနေတွေဖြစ်တဲ့ နားစည်ပေါက်ကွဲတာမျိုးဖြစ်တတ်ပါတယ်။ ဒါဟာ ဖိအားအရမ်းများတဲ့ နေရာတွေ ဥပမာ – ရေမျက်နှာပြင်အောက်ကို သွားရင် နှာခေါင်းထဲနေ လေတွေမှုတ်ထုတ်ပြီး မြင့်တက်လာတဲ့ဖိအားတွေကို လျှော့ချပစ်ရတာနဲ့ ပုံစံတူပါတယ်။ ရေအောက်သွားတဲ့ချိန်ဟာ အပြင်ဖိအားကို လျှော့ပေးရတာဖြစ်ပြီးတော့ နှာချေဖို့အတွက်ဖြစ်လာတဲ့ ဖိအားကတော့ ခန္ဓာကိုယ်တွင်းကလာတဲ့ ဖိအားဖြစ်ပါတယ်။

    ၂။ ဖိအားအရမ်းများတဲ့အတွက်လည်း မျက်လုံး၊ နှာခေါင်း၊ နားစည်ထဲက သွေးကြောမျှင်လေးတွေ ပေါက်တာလည်းဖြစ်တတ်ပါတယ်။

    ချောင်းဆိုးခြင်း

    အချစ်နဲ့ ချောင်းဆိုးတာကို အောင့်ထားလို့မရဘူးလို့တောင် လူတွေပြောကြပါတယ်။ ချောင်းဆိုးတဲ့ အကြောင်းရင်းကလည်း နှာချေတာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ နှာခေါင်းထဲကနေဖြစ်ဖြစ်၊ ပါးစပ်ထဲကနေဖြစ်ဖြစ် ပြင်ပက ပစ္စည်းတစ်ခုခုဝင်လာရင် လည်ချောင်းယားယံပြီး ချောင်းဆိုးပါတယ်။ ခန္ဓာကိုယ်တွင်းကနေ ပိုးတစ်ခုခုဝင်နေပြီဆိုရင်လည်း ချောင်းဆိုးတတ်ပါသေးတယ်။

    ချောင်းဆိုးတာကို အောင့်ထားရင် ဘာဖြစ်မလဲ။

    ချောင်းဆိုးတယ်ဆိုတာကလည်း ခန္ဓာကိုယ်ရဲ့ ပိုးတွေ၊ မကောင်းတာတွေကို စွန့်ထုတ်ဖို့ သဘာဝနည်းလမ်းပဲဖြစ်တယ်။ ဒါကို ရပ်တန့်လိုက်မယ်ဆိုရင် အသက်ရှူလမ်းကြောင်ဆိုင်ရာ ပိုးတွေဝင်ဖို့အတွက် အခွင့်အရေးပိုများလာမှာဖြစ်တယ်။

    ဒါပေမဲ့ ချောင်းဆိုးတာက နှစ်ပတ်ထက်ကြာနေရင်၊ ချောင်းဆိုးလွန်းလို့ ညဘက်တွေအိပ်လို့မရဘူး ဖြစ်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

    လေလည်ခြင်း၊ လေတက်ခြင်း

    လေလည်ခြင်းနဲ့ လေတက်ခြင်းဟာ အသံရော၊ အနံ့ရော ပါဝင်နေတာမို့ ရှက်စရာကောင်းတဲ့အလုပ်တစ်ခုလို့ လူအများလက်ခံပြီးသားပါ။ ဒါပေမဲ့ လေလည်ခြင်းဟာလည်း ယဉ်ကျေးမှုအရ ခဏထိန်းချုပ်ထားသင့်ပေမဲ့ လေလုံးဝမလည်ဘူးဆိုရင်လည်း ကျန်းမာရေးပြဿနာတွေကို အများကြီးရင်ဆိုင်ရမှာပါ။

    လေလည်တာရယ်၊ လေတက်တာရယ်ဟာ သဘာဝပါ။ ကလေးငယ်လေးတွေမှာတောင် နို့တိုက်ပြီးရင် လေထုတ်ပေးရတာပဲမလား။ နေ့စဉ် စားနေရင်း၊ သောက်နေရင်းနဲ့ လေတွေဟာ ရောပါသွားတာ အထူးအဆန်းတော့မဟုတ်ပါဘူး။ ဝင်သွားတဲ့လေတွေကို ပြန်ထုတ်ဖို့အတွက် အစာခြေစနစ်က လေက အပေါ်ကို ဆန်တက်ပြီး လေတက်မလား၊ အောက်ကနေပဲ လေလည်မလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။

    လေမတက်၊ လေမလည်ရင်

    အစာအိမ်နဲ့ အူတွေမှာ လေတွေနဲ့ ပြည့်နှက်နေတဲ့အခါ အစာမကြေတာ၊ လေထိုး၊ လေအောင့်၊ ဝမ်းချုပ်၊ လေချုပ် ဖြစ်တတ်ပါတယ်နော်။

    ဆီးအောင့်ထားခြင်း

    လူတွေဟာ ဆီးအောင့်ထားတာကို အမှုမဲ့ အမှတ်မဲ့ လုပ်နေတတ်ကြတယ်။ ခရီးသွားရင် ကားပေါ်မှာ အိမ်သာမရှိလို့ ဆီးအောင့်ထားတာကနေ စလို့ ရုပ်ရှင်ကြည့်နေရင် ဇာတ်လမ်းကောင်းနေလို့ ထမသွားတာလိုမျိုး အကြောင်းမဲ့ ဆီးအောင့်ထားတာကို လုပ်တတ်ကြပါတယ်။

    ဆီးသွားချင်တာကို အောင့်ထားရင် ဘာတွေဖြစ်မလဲ။

    ဆီးဆိုတာကလည်း ခန္ဓာကိုယ်ရဲ့ စွန့်ထုတ်ပစ္စည်းဖြစ်ပါတယ်။ စွန့်ထုတ်ပါလို့ ခန္ဓာကိုယ်က အချက်ပြနေတာကို ဆီးအိမ်ထဲမှာ အကြာကြီးသိမ်းထားရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။

    ဆီးအောင့်တာက အကျင့်ဖြစ်လာတဲ့အခါ ဆီးအိမ်နံရံမှာရှိတဲ့ ကြွက်သားတွေဟာ ကျုံ့လာပါတယ်။ ဒါဟာ ဆီးမထိန်းနိုင်တာတွေကိုဖြစ်စေတာပါ။ ၁၀ နာရီကြာလောက် ဆီးအောင့်ထားရင်တော့ ဆီးကိုမစွန့်ထုတ်နိုင်ခြင်း (urinary retention) အခြေအနေကို ရောက်ရှိလာပါမယ်။

    ဆီးအိမ်ထဲက ကြွက်သားတွေဟာ မဖြေလျှော့နိုင်တော့ဘဲ ဆီးမသွားနိုင်တော့တာမျိုးကိုခေါ်တာပါ။ ဆီးပိုက်အကူအညီယူရတာမျိုးထိ ဖြစ်နိုင်ပါတယ်။

    အဆိုးရွားဆုံး အခြေအနေတွေမှာတော့ ဆီးအိမ်ပေါက်ကွဲတာထိ ဖြစ်နိုင်ပါတယ်။

    လူတွေဟာ ယဉ်ကျေးတဲ့ သတ္တဝါတွေဖြစ်တဲ့အတွက် တစ်ခါတစ်လေ ယဉ်ကျေးမှုကြောင့်ဆိုပြီး ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလုပ်တွေကို မသိလိုက်ဘဲ လုပ်မိနေကြတယ်။ ဒီလို လေလည်တာ၊ လေတက်တာတွေကို လူမှုပတ်ဝန်းကျင်မှာ ရိုင်းပျတဲ့ အပြုအမူဆိုပြီး သတ်မှတ်ထားကြတာကိုး။ ဒါပေမဲ့လည်း ကိုယ့်ကျန်းမာရေး ထိခိုက်နိုင်မယ့် အမူအကျင့်တွေကိုတော့ ချင့်ချိန်ပြီး ဖွင့်ချသင့်တဲ့အချိန်မှာလည်း မရှက်မကြောက် ဖွင့်ချလိုက်ဖို့ တိုက်တွန်းပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement