backup og meta

ဒူးနာတာကို ဘယ်လိုကုကြမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒူးနာတာကို ဘယ်လိုကုကြမလဲ

    ဒူးနာရင်လှုပ်ရှားသွားလာ၊အလုပ်လုပ်ရ၊နေရထိုင်ရတာ ဘာဆိုဘာမှ အဆင်မပြေပါဘူး။ ဒူးနာတာကိုကုသဖို့အတွက် နည်းလမ်းအသွယ်သွယ်ရှိပေမယ့် ဘယ်လောက်ထိပြင်းထန်သလဲဆိုတဲ့ အချက်နဲ့လက္ခဏာတွေအပေါ်မူတည်ပြီး သင့်အတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးဖြစ်နိုင်မယ့် ကုသမှုနည်းလမ်းကို စိတ်ရှည်ရှည်နဲ့ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေက ဒူးနာဝေဒနာခံစားနေရသူတွေအတွက် အတိုင်းအတာတခုထိ အထောက်အကူ ဖြစ်စေမှာပါ။

    ဒူးနာခြင်းအတွက် ဘယ်ဆေးတွေသုံးလေ့ရှိသလဲ။

    စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ(NSAIDs)

    ဒီဆေးတွေဟာ ရောင်ရမ်းခြင်းကို လျော့နည်းသက်သာစေပါတယ်။ စတီးရွိုက်မဟုတ်သောအကိုက်အခဲပျောက်ဆေးတွေကို ရောင်ရမ်းနာကျင်တဲ့အခြေအနေအများစုမှာ လူနာရဲ့အနေအထားပေါ်မူတည်ပြီး အသုံးပြုလေ့ရှိပါတယ်။ ဥပမာ- ကျောက်ကပ် ဒါမှမဟုတ် အသည်းရောဂါရှိသူတွေမှာ NSAIDs တွေကို မသုံးစွဲသင့်ပါဘူး။ NSAIDs တွေကို ဆရာဝန်ဆေးစာမလိုဘဲ အလွယ်တကူဝယ်ယူနိုင်သလို ဆရာဝန်ဆေးစာလိုတဲ့ NSAIDs တွေလည်း ရှိပါတယ်။ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAIDs)တွေကို အဆစ်အမြစ်ရောင်ရောဂါမှာ အများဆုံးအသုံးပြုပါတယ်။ Cox-1 နဲ့ Cox-2 လို့ခေါ်တဲ့ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တဲ့ အင်ဇိုင်းတွေကို ပိတ်ဆို့ခြင်းအားဖြင့် NSAIDs တွေအာနိသင်ပြပါတယ်။ တစ်ရှူးထိခိုက်တဲ့နေရာ ဒါမှမဟုတ် ပိုးဝင်တဲ့နေရာတွေမှာ prostaglandins လို့ခေါ်တဲ့ အရာတွေထွက်လာပြီး ရောင်ရမ်းနာကျင်ခြင်းကို ဖြစ်ပေါ်စေဖို့ အဆိုပါအင်ဇိုင်းတွေက အဓိကဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် NSAIDs တွေဟာ Cox အင်ဇိုင်းမ်တွေကိုပိတ်ဆို့လိုက်ခြင်းအားဖြင့်prostaglandins တွေကို မထွက်စေတော့တဲ့အတွက် ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေပါတယ်။

    ကော်တီကိုစတီးရွိုက်ဆေးများ

    ကော်တီကိုစတီးရွိုက်တွေကို စတီးရွိုက်ဆေးတွေလို့အလွယ်ခေါ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာတခုသိထားသင့်တဲ့အချက်က အခုပြောမယ့်စတီးရွိုက်ဟာ အားကစားသမားတွေ ကြွက်သားထုထည်ကြီးအောင် ဒါမှမဟုတ် စွမ်းဆောင်ရည်ပိုမြင့်မားအောင်သုံးစွဲတဲ့ စတီးရွိုက်နဲ့အမျိုးအစားမတူပါဘူးဆိုတာပါပဲ။ အားကစားသမားတွေသုံးတဲ့ စတီးရွိုက်ကို anabolic steroid လို့ခေါ်ပြီး တားမြစ်ဆေးဖြစ်ပါတယ်။ ကော်တီကိုစတီးရွိုက်တွေကို ဓါတုဗေဒနည်းအသုံးပြုကာ ထုတ်လုပ်ထားတာဖြစ်ပြီး ခန္ဓါကိုယ်မှာထွက်ရှိတဲ့ကော်တီဆုန်းဟော်မုန်းနဲ့ဆင်တူအောင် ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ သူတို့ဟာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဓါတ်ပစ္စည်းတွေထွက်ရှိမှုကို တားဆီးပိတ်ပင်ပေးနိုင်ပါအယ်။ ကော်တီကိုစတီးရွိုက်တွေကို ပါးစပ်ကသောက်လို့ရသလို ဒူးထဲကိုလည်း တိုက်ရိုက်ထိုးထည့်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုထိုးရာမှာ လအနည်းငယ်ကြာတိုင်းတခါထိုးပေးဖို့တော့လိုပါလိမ့်မယ်။

    ရိုးရိုးအကိုက်အခဲပျောက်ဆေးများ

    ဒီအကိုက်အခဲပျောက်ဆေးတွေဟာ ခွဲစိတ်မှုပြုလုပ်နေစဉ်အချိန်အတွင်းမှာ လူနာကိုထုံကျင်အောင် ဒါမှမဟုတ် သတိမေ့သွားအောင် ပြုလုပ်ပေးခြင်းအားဖြင့် နာကျင်မှုကိုသက်သာလျော့ပါးစေနိုင်ပါတယ်။ သူတို့ဟာ အနာသက်သာဖို့တခုတည်းသာရည်ရွယ်ပြီး ဗိုက်နာဗိုက်အောင့်တာ ဒါမှမဟုတ်ရင် ပူတာအစရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်မှာအသည်း၊ ကျောက်ကပ် ပြဿနာရှိတာ ဒါမှမဟုတ် ဓါတ်မတည့်တာမျိုးရှိတဲ့အတွက် NSAIDs တွေသောက်လို့မရဘူးဆိုရင် သင့်ဆရာဝန်အနေနဲ့ဒီရိုးရိုးအကိုက်အခဲပျောက်ဆေးတွေပဲပေးပါလိမ့်မယ်။

    ဒူးနာခြင်းကို ကုသပေးနိုင်တဲ့သဘာဝဆေးနည်းတွေက ဘာတွေလဲ။

    ချင်း

    ဂျင်းဟာ ခေတ်အဆက်ဆက်အသုံးပြုလာခဲ့ကြတဲ့ သဘာဝအကိုက်အခဲပျောက်ဆေးစစ်စစ်ဖြစ်ပါတယ်။ ဂျင်းကို ပုံစံအမျိုးမျိုးနဲ့ရရှိနိုင်ပါတယ်။ ဗိုက်အောင့်ဗိုက်နာ၊ အစာမကြေပျို့အန်တာက အစပြုလို့ဒူးနာတာ၊ အဆစ်အမြစ်ရောင်တာအထိ ဂျင်းကိုနည်းလမ်းအမျိုးမျိုးနဲ့ထိရောက်အကျိုးရှိစွာအသုံးပြုနိုင်ပါတယ်။ အဆစ်အမြစ်ရောင်လူနာတွေကို လေ့လာသုတေသနပြုချက်တွေအရ အခြားသောအဆစ်အမြစ်ရောင်ပျောက်ကင်းဆေးတွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုရင် ဂျင်းဟာနာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

    နနွင်း

    ရွှေရောင်အဆင်းရှိပြီး တမူထူးကဲတဲ့အနံ့အရသာကိုလည်း ပိုင်ဆိုင်ထားတဲ့နနွင်းဟာ အိန္ဒိယဟင်းလျာတွေမှာမပါမဖြစ်တဲ့ ပွဲတိုင်းကျော်မင်းသားဖြစ်ပါတယ်။ နနွင်းမှာ curcuminလို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုး (antioxidant) ပါဝင်တဲ့အတွက် ခန္ဓါကိုယ်ရဲ့ ဆဲလ်နဲ့တစ်ရှူးတွေကိုထိခိုက်စေတဲ့ ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အဆစ်အမြစ်ရောဂါသည်တွေမှာ နာကျင်ရောင်ရမ်းမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

    မိုးမခပင်အခေါက်

    မိုးမခပင်အခေါက်နဲ့အခြားသောကုသမှုတွေကို တွဲဖက်အသုံးပြုမယ်ဆိုရင် ဒူးနာတာကိုသက်သာစေတယ်လို့လေ့လာချက်တွေအရ သိရှိရပါတယ်။ မိုးမခပင်အခေါက်ကို ဝါးစားနိုင်သလို ရေနွေးကြမ်းထဲစိမ်ပြီး သောက်လို့လည်းရပါတယ်။ ဒါပေမယ့် အလွန်အကျွံသုံးစွဲမိရင် အဆိပ်အတောက်ဖြစ်စေတာမို့သတိထားရပါမယ်။

    အခြားသော ကုသမှုနည်းလမ်းများ

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

    နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အဆစ်အမြစ်တွေကိုအမြဲလှုပ်ရှားနေစေတာမို့ဒူးနာတာအပါအဝင် နာကျင်တောင့်တင်းမှုတွေကိုလျော့ပါးစေပါတယ်။ သင်ဝလေလေ ဒူးအပေါ်ဖိထားတဲ့ ခန္ဓါကိုယ်ရဲ့ဖိအားအလေးချိန်ကများလာလေဖြစ်တာမို့ကိုယ်အလေးချိန်ကိုလည်း သင့်တင့်လျောက်ပတ်တဲ့ပမာဏအတွင်းမှာပဲ ရှိနေအောင်ထိန်းသိမ်းထားရပါမယ်။

    အပူ ဒါမှမဟုတ် အအေးကိုအသုံးပြုကုသခြင်း

    အပူ ဒါမှမဟုတ် အအေးဟာလည်း ဒူးနာတာကိုသက်သာစေပါတယ်။ နာကျင်တဲ့နေရာတဝိုက်ကို ရေခဲအိတ် ဒါမှမဟုတ် ရေနွေးအိတ်လေးကပ်ပေးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုတွေ သက်သာလျော့ပါးစေမှာ ဖြစ်ပါတယ်။

    ထိုက်ချိ

    ထိုက်ချိကစားခြင်းဟာ သင့်ခန္ဓါကိုယ်ဟန်ချက်နဲ့ပျော့ပျောင်းမှုကို မြှင့်တင်ပေးနိုင်တဲ့ အားကစားနည်းတမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ထိုက်ချိဟာစိတ်အာရုံစူးစိုက်မှုရှိအောင်လည်း လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ထိုက်ချိကစားပေးခြင်းအားဖြင့် ဒူးနာခြင်းကို သက်သာစေပြီး လှုပ်ရှားမှုတွေကိုလည်း ပိုပြီးလုပ်လာနိုင်မှာ ဖြစ်ပါတယ်။

    ဒူးနာခြင်းအတွက် အိမ်တွင်းကုသမှုနည်းလမ်းလေးတွေ

    ဒူးနာရောဂါကိုအိမ်မှာနေရင်းကုသဖို့အတွက် အောက်ပါနည်းလမ်းလေးတွေကို လိုက်နာနိုင်ရင်အကောင်းဆုံးပဲ ဖြစ်ပါတယ်။

    • ဒူးကို တတ်နိုင်သမျှအနားပေးပါ။ အလုပ်အရမ်းမခိုင်းပါနဲ့။

    • အနာသက်သာစေဖို့ရေခဲကပ်ပေးပါ။

    • ရောင်ရမ်းတာတွေကိုသက်သာစေဖို့ဒူးတဝိုက်ကိုပတ်တီးစည်းပေးထားပါ ဒါမှမဟုတ် ဒူးပတ်ပတ်ထားပါ။

    • ဒူးအောက်မှာ ခေါင်းအုံးဖြစ်ဖြစ်ခုထားခြင်းအားဖြင့် ဒူးကိုအပေါ်မြင့်နေပါစေ။

    ဒူးနာတာကိုကုသနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတဲ့အတွက် သင်နဲ့အသင့်လျော်ဆုံးနည်းလမ်းကိုသိရှိနိုင်ဖို့ရာဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement