backup og meta

ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ

ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ

ပျိုမေတို့ရဲ့ အလှတရား မှာ ခန္ဓာကိုယ် အချိုးအဆစ် ပုံကျလှပဖို့က သိပ်အရေးပါတာနော်။ အချိုးအစားလှဖို့ ဆိုတာကလည်း ရင်သား ပုံကျလှပဖို့၊ တင်းရင်းအချိုးကျဖို့ လိုတယ်မဟုတ်လား။ ရင်သား မရှိသလို ဖြစ်နေတာ၊ ရင်သားလျော့တွဲတာတွေကြောင့် အဝတ်အစားလည်း လှတပတ ဝတ်လို့အဆင်မပြေဘူးလေ။ ဒီတော့ ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ရင်သားသေးတဲ့ မိန်းကလေးတွေက လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်စားတာတွေနဲ့ ကြိုးစားယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းရှိပြီးသား ပျိုမေတချို့မှာတော့ ဒီအကြောင်းရင်းတွေကြောင့် ရင်သားပုံပျက်ရတတ်ပါတယ် –

  • ကိုယ်ဝန်ဆောင်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ရင်သား အရွယ်အစားကြီးခြင်း
  • ကိုယ်အလေးချိန်အများကြီးကျဆင်းသွားခြင်း
  • ကိုယ်အလေးချိန်များခြင်း
  • နေရောင်ခြည်ထိတွေ့မှုများခြင်း
  • သွေးဆုံးခြင်း
  • ပြင်းထန်တဲ့အားကစားလေ့ကျင့်ခန်းတွေလုပ်ခြင်း၊ စတာတွေ ကြောင့် ရင်သားလျော့တွဲခြင်း ဖြစ်လာနိုင်ပါတယ်နော်။

ပုံစံတကျ ရင်သား တင်းရင်း လာအောင် ဘာတွေ လုပ်ရမလဲ

လေ့ကျင့်ခန်းလုပ်မယ်

နံပါတ်တစ် အနေနဲ့ လေ့ကျင့်ခန်း လုပ်ရပါမယ်။ ရင်သား မှာ ကြွက်သားမရှိတဲ့အတွက် ရင်သား တစ်ရှူးတွေကို တင်းရင်းလာစေဖို့ လေ့ကျင့်ခန်းနဲ့ လုပ်ယူလို့မရပါဘူး။ ဒါပေမယ့် ရင်သားအောက်နားမှာ တွယ်ဆက်တစ်ရှူးနဲ့ ကြွက်သားတွေ ရှိတာကြောင့် ရင်သားဝန်းကျင်တစ်ခုလုံးရဲ့အသွင်အပြင်ကို ပိုကောင်းမွန်လာစေဖို့ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။

သတိထားဖို့က အဆီချလေ့ကျင့်ခန်းတွေလို အားစိုက်ရတဲ့ခပ်ကြမ်းကြမ်းလေ့ကျင့်ခန်းတွေမလုပ်ဖို့ပါ။ ဒီနေရာမှာတော့ ပုံမှန်နှုန်းလောက်နဲ့ လုပ်လို့ရပါတယ်။

အားကစားထရိန်နာတွေဆို လေ့ကျင့်ခန်းတွေ အများကြီး အနီးကပ် သင်ပြပေးနိုင်ပေမယ့် ကိုယ့်ဘာသာလုပ်မယ် ဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေက အဆင်ပြေစေပါလိမ့်မယ်။ ဒီအထဲမှာ ကိုယ်လုပ်နေကျတွေတောင် ပါနေနိုင်ပါသေးတယ်-

  • ဒိုက်ထိုးတာ
  • ရေကူးတာ
  • ဝိတ်တုံးမတာ – အိမ်မှာပဲကစားဖို့ ဝိတ်တုံးအကြီး ၊အသေးတော့ ဝယ်ထားသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာ ပြင်ညီခုံရှည်တစ်ခုပေါ် ပက်လက်လှဲမယ်၊ ခြေထောက်ကို တွဲလွဲချထားလျက်လေးနော်။ ပြီးရင် ကိုယ်နိုင်သလောက် ဝိတ်တုံးအကြီးကို တစ်ဖက်စီကိုင်ပြီး မြှောက်လိုက်၊ ရင်ဘတ်နားထိ ချလိုက်လုပ်ပါမယ်။ သိပ်မမြန်ပါနဲ့၊ ခပ်ဖြည်းဖြည်းပါလုပ်ပါ။
  • အလေးတုံးနောက်ပြန်မြှောက်တာ –ခြေထောက်နှစ်ဖက်ကို ခွဲထားပြီး လက်တစ်ဖက်စီမှာ အလေးမတုံး တစ်ပေါင်တုံး ဒါမှမဟုတ် တစ်လီတာဆန့် ရေသန့်ဗူး တစ်ဗူး ကိုင်ထားပါ။ ပြီးရင် လက်ကို အပေါ်သို့တန်းတန်းမြှောက်ပါ။ တံတောင်ဆစ်ကွေးပြီး လက်ကို ခေါင်းအနောက်ဘက်ကို ပို့လိုက်ပါ၊ ပြန်မြှောက်၊ပြန်ချ ခပ်ဖြည်းဖြည်း ငါးကြိမ်လုပ်ပါ။ ကိုယ့်ခေါင်းကို ပြန်မထုမိအောင်တော့ သတိထားပေါ့နော်။

အာဟာရ ကို ဂရုစိုက်မယ်

ညီညွတ်မျှတတဲ့ အာဟာရတွေ စားသောက်ဖို့ ကြိုးစားပါ။ ကိုယ်အလေးချိန် ကိုလည်း မများ၊ မနည်းအောင် ထိန်းရဦးမယ်လေ။ လူက ဝလာပြီး တင်းရင်းလှပချင်လို့ မရသလို အာဟာရတွေ ပြည့်စုံအောင် မစားဘဲ အရေပြားတွေ လျော့ရဲနေပြီး ဒီလိုလှချင်လို့လည်း မရပါဘူး။

အဆီ လျှော့စားပြီး အသီးအရွက် များများစားပါ။ အရေပြားတင်းရင်းမှု နဲ့ ရင်သားတစ်ရှူး သန်မာလာအောင် ရေကို ပြည့်ဝအောင် သောက်ပါ။

ကိုယ်နေဟန်ထား ပြင်ပါ

လက်ပြင်ကုန်းတာ၊ ခါးကိုင်းပြီးနေတတ်တာ စတဲ့ ကိုယ်နေဟန်ထားတွေကြောင့် ရင်သားတွေကို ပိုလျော့တွဲစေနိုင်ပြီး ရင်သားတစ်ရှူးတွေအပေါ်ဖိအားပိုများစေတာကြောင့် လျော့တွဲမှုကိုပိုဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် အရွတ်တွေ၊ ကြွက်သားတွေ အပေါ်မှာ ဝန်ပိစေတာ နည်းနိုင်သမျှ နည်းစေတဲ့ အနေအထားမျိုး နေထိုင်တတ်ဖို့ ကျင့်ယူသင့်ပါတယ်။ ကိုယ်နေဟန်ထားကျော့ရှင်းတယ်ဆိုတာ အလှအပအတွက်ချည်း မဟုတ်သလို ကျန်းမာရေး အတွက်လည်း အကျိုးရှိတယ် ဆိုတာ မမေ့ပါနဲ့။ ခါးကို မတ်မတ်ထား၊ ပခုံးကို ဖြောင့်အောင်နေတာ နဲ့တင် အဆင်ပြေနိုင်ပါတယ်။

ပုံကျတဲ့ အတွင်းခံပဲ ဝတ်မယ်

ရင်သား ကို အတင်းဖိကျပ်ထားတာ၊ ချောင်နေတာတွေ မဟုတ်ဘဲ အရည်အသွေး ကောင်းပြီး ကိုယ်နဲ့ ကွက်တိ ဘရာဇီယာနဲ့မှ အထောက်အကူ ဖြစ်စေမှာပါ။ လူက ပိန်သွားသည်ဖြစ်စေ၊ ဝလာသည် ဖြစ်စေ လက်ရှိမှာ တော်မယ့်၊ ကိုက်ညီမယ့် အတွင်းခံကို ရွေးချယ်ဝတ်ပါ။ ရင်ကို ပင့်တင်ပေးတဲ့ အတွင်းခံတွေကိုလည်း ရွေးချယ်ဝတ်နိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/home-remedies-for-sagging-breast#outlook

https://www.health.com/beauty/how-to-lift-saggy-breasts

https://www.livestrong.com/article/251957-how-to-fix-saggy-breasts/

ယခုပုံစံ

02/11/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

 ရင်သားလှပအောင်ခွဲစိတ် တော့မယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement